Monday, December 10, 2012

မယားချစ်တဲ့ စခန်းမှူးကြောင့် နယ်စပ် စခန်း တစ်ခုမှ ရဲသားများ လစာ မရဖြစ်နေ

Posted by drmyochit Monday, December 10, 2012, under | No comments


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်  လောင်းတုန် ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင် များအ နေဖြင့် သူတို့၏ နိုဝင်ဘာလစာငွေကို ယခုအချိန်ထိ ရရှိခြင်း  မရှိသေးကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။


ယခုကဲ့သို့ အောက်ခြေ ရဲတပ်သားများ နိုဝင်ဘာလ လစာငွေကို မရဘဲ ဖြစ်နေခြင်းမှာ စခန်းမှူးဖြစ်သူမှ သူ၏ ဇနီးချော အတွက် ရွှေနှင့် အ၀တ်အထည်များ ၀ယ်ယူ အသုံးပြုထား၍ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

“ လစာထုတ်ဖို့ စခန်းမှူး ဦး ++ မောင်တောကိုသွားတဲ့ အချိန်မှာ သူ့ရဲ့ဇနီး မ +++ ရော  အတူ လိုက်ပါ သွားတယ်။ မောင်တောမှာ ရဲဘော်တွေရဲ့ လစာငွေတွေနဲ့ ရွှေတွေ၊ အ၀တ်အစားတွေ ၀ယ်ပြီး ပြန်လာတယ်။

 ကျွန်တော်တို့ကို ဒီနေ့အထိ နိုဝင်ဘာလ လစာကို မပေးနိုင်ဘဲ ဖြစ်နေပါတယ်။ လစာ သွားတောင်းရင်လည်း ဒီနေ့ပေးမယ် မနက်ဖန် ပေးမယ်လုပ်နေတယ်။ အချင်းချင်း ပြောတော့ မပြောချင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အခက်အခဲ ဖြစ်နေတဲ့ အတွက် ထုတ်ပြောရတာ ဖြစ်ပါတယ်” ဟု ရဲတပ်သားတစ်ဦးက ပြောသည်။

လစာမရဘဲ ဖြစ်နေသည့်ရဲစခန်းမှာ မောင်တောမြို့နယ် ကြိမ်ချောင်းအပိုင် လောင်းတုန်ရဲစခန်း ဖြစ်ပြီး အဆိုပါ စခန်းတွင် ရဲတပ်သား အင်အား ၁၂ ဦးရှိဟု ဆိုသည်။ လောင်းတုန်သည် ဘင်္ဂလာ နယ်စပ် ကင်းစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

လစာကို အထက်အရာရှိမှ ကိုယ်ကျိုးအတွက် အသုံးပြုထားသည့်အတွက် ရဲတပ်သားများ ၏ မိသားစုများမှာ စားဝတ်နေရေး အခက်အခဲဖြစ်ကြောင်းလည်း အဆိုပါ ရဲတပ်သားက ဆက်ပြော သည်။

“မိသားစုတွေကတော့ အခက်အခဲ ဖြစ်နေကြတယ်။ လက်ရှိကတော့ ဖြစ်သလို စားသောက် နေကြရတယ်။ မိသားစု တစ်ခုလုံးက ဒီလစာ ၈၅၀၀၀ မှာ မှီခိုနေကြရတာ ဖြစ်ပါတယ်။  ဒီလို ဖြစ်နေတာကို အထက်ကိုလည်း မတိုင်ရဲ ဖြစ်နေကြတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ် နယ်စပ်ရှိ လက်နက်ကိုင် စခန်းများအတွက် လစာငွေကို လကုန်ရက်တိုင်း အရာ ရှိဖြစ်သူမှ မောင်တောမြို့တွင် သွားရောက်ထုတ်ယူရသည်။


နိရဉ္စရာသတင်းဌာန 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်