Monday, December 03, 2012

နွေဦးကာလ ဖုန်ထသောအခါ

Posted by drmyochit Monday, December 03, 2012, under | No comments



မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အနောက် နိုင်ငံများတွင် အေးခဲသော ဆောင်းတွင်း ကုန်လွန်ပြီး သာတောင့်သာယာ ကာလအစ နွေဦးနှင့် တင်စားပြီး မြန်မာ့နွေဦးဟု ခေါ်ဝေါ်ကြသည်။ ထိုနာမည် စီးသောကြောင့်ပေလား မသိ၊ နွေဦးကာလ လေပွေ အမွှေ့ တွင် ဖုန်လုံးတို့ ထောင်းခနဲ ထောင်းခနဲ ထသည့် အတိုင်း ယနေ့ မြန်မာနိုင်ငံသည် ဖုန်ထသော ကာလ၊ ရှုပ်ထွေးသော ကာလကို ဖြတ်သန်း နေရသည်။

ထိန်းချုပ်ထားသော အားများကို ဖြည့်လွှတ် လိုက်သည့် ကာလ ဖြစ်သည့် အတိုင်း သိပံ္ပသဘော အရ မျှခြေ အသစ် (New Equilibrium) တစ်ခုကို သွားနေသေးရာ ထိုမျှခြေသစ်သို့ မရောက်မချင်း မတည်မငြိမ်ဖြစ်နေဦးမည်။

စပ်ကူးမပ်ကူး ကာလနှင့် လျော်ညီစွာ အရာရာ အားလုံးသည် ရောယောင် ရှုပ်ထွေးနေသည်။ အားလုံး အသွင်ကူးပြောင်း နေကြသော ကာလ ဖြစ်သည့်အတိုင်း သူ့အခန်းကဏ္ဍ၊ ကိုယ့်အခန်းကဏ္ဍ မပီပြင် သေးသလို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အစပ်အဟပ် မတည့် သေး။ ပြုပြင် ပြောင်းလဲရေးသည် တစ်နှစ်ခွဲ၊ ၂ နှစ်သားသာ ရှိသေးရာ အားလုံး မြန်မြန်ဆန်ဆန် ရှောရှောရှူရှူ တည့်မတ် ဖြောင့်တန်းသွား ရန် စောလွန်း သေးသည်။ အသွင်ကူးပြောင်းရေး ကာလကို ဦးဆောင် နေသူများ၊ အဖွဲ့အစည်းများ ကိုယ်တိုင် အသွင်ကူးပြောင်း နေကြရသည်။ ယခင် အကျဉ်းစံ ပုဂ္ဂိုလ်တို့သည် ယခုအချိန်တွင် ရပ်ရေးရွာရေး ပြည်ရေးတွင် လွတ်လွတ်လပ်လပ် ပါဝင် လုပ်ဆောင်နေကြသည်။ ယခင်က လက်နက်ကိုင် ဆန့်ကျင်ခဲ့သူ အချို့ အစိုးရနှင့် အနီးကပ် လက်တွဲကာ နိုင်ငံဖွံ့ဖြိုးရေး လုပ်ဆောင် နေကြသည်။ ပြည်ပတွင် ဆယ်စုနှစ် နှစ်စု ကြာ အနေကြာခဲ့သူတို့ ပြည်တွင်းသို့ ရွှေ့ပြောင်း အခြေစိုက်ရန် ပြင် ဆင်လာကြပြီ။ အစဉ်အလာအရ တန်ခိုးထွားခဲ့သည့် အုပ်ချုပ်ရေး မဏ္ဍိုင်သည် အခြားသော မဏ္ဍိုင်များဖြစ်သည့် ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့နှင့် အာဏာခွဲဝေ ကျင့်သုံး နေရပြီး ဥပဒေပြုရေးနှင့် တရားစီရင် ရေးတို့သည်လည်း အပြောင်းအလဲ အတိုင်း လိုက်ပါနိုင်အောင် ပြောင်းလဲ နေရသည်။ တပ်မတော်သည် အုပ်ချုပ်ရေးတွင် တိုက်ရိုက် ဝင်ပါခဲ့ရာမှ ယခုအချိန်တွင် ထိန်းညှိရေးနှင့် တပ်မတော် သက်သက်ကဏ္ဍသို့ ကူး ပြောင်းနေပြီ။ အတိုက်အခံသာ လုပ်ခဲ့ရသည့် အတိုက်အခံ နိုင်ငံရေးမှ သည် ဆုံးဖြတ်ချက် ယန္တရားတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရသည့် ပုံမှန်နိုင်ငံရေးဘက်သို့ ဦးလှည့် လာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့် ကို အိမ်တွင်းတွင်သာ ကုန်လွန်ခဲ့၊ ပြင်ပနှင့် အထိအတွေ့ နည်းခဲ့ရရာမှ အိမ်ပြင်တွင် အနေများသော၊ လူအများနှင့် ထိတွေ့မှုများသည့် ဘဝသို့ ချက်ချင်းလက်ငင်း ကူးပြောင်းခဲ့ပြီး လက်တွေ့နိုင်ငံရေး၊ ဆုံးဖြတ် ချက်ယန္တရားထဲသို့ ရောက်ရှိနေပြီ။ စတုတ္ထမဏ္ဍိုင် မီဒီယာတို့သည် ဆယ်စုနှစ်များစွာ နှုတ်ဆိတ်ခဲ့ရာမှ အသံထွက်လာခဲ့ကာ အစဉ်အလာ အာဏာကြီး အဖွဲ့အစည်း တို့က သတိထား အသိအမှတ်ပြုခံလာရ သည်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ပြည်သူတို့ ခံစားလာရသည်။
စပ်ကူးမပ်ကူး ကာလ အစိုးရသည် စပ်ကူးမပ်ကူးကာလ အစိုးရ တို့ ကြုံတွေ့ရမြဲ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနေရသည်။ ပွင့်လင်း စွာ ဝေဖန်နိုင်သည့်၊ တောင်းဆိုနိုင်သည့် ကာလတွင် ကိုလိုနီအစိုးရ အပါအဝင် အစိုးရ အစဉ်အဆက်တို့၏ ကောင်းမွေ ဆိုးမွေကို ခံကာ ပြဿနာသစ်၊ ပြဿနာဟောင်း တစ်သောင်းခြောက်ထောင်ကို မနိုင့် တနိုင် ဖြေရှင်းနေရသည်။ ပြုပြင်ပြောင်းလဲရေး ကာလကို အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်း ကဏ္ဍစုံတို့သည် ချိုကျိုးနားရွက်ပဲ့၊ ချုံးချုံးကျ ပညာရေး က မွေးထုတ်ပေးခဲ့သည့် လူသား အရင်းအမြစ် ပါချီပါချက်တို့ အင်အား နှင့် မနိုင့်တနိုင် စမ်းတဝါးဝါး ဖြတ်သန်းနေရသည်။
တစ်ခုချင်းစီ ဖော်ဆောင်ရသည်ပင် ခက်ခဲနက်နဲလှသည့် စီးပွား ရေးပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို နှစ်ခုလုံး တစ်ပြိုင်နက် မောင်းနှင် ပြောင်းလဲနေသည်မှာ ကာယကံရှင်တို့မူ နီးလွန်းသဖြင့် မြင်ချင်မှ မြင်ကြမည် ဖြစ်သော်လည်း အဝေးမှ လေ့လာ သူတို့ပင် ‘လှံဖျား ပုစဉ်းနား၊ ကျီးကန်းက ချေးပါ’ ဖြစ်နေကြရသည်။ မြန်မာနိုင်ငံသာ အောင်မြင်သွားလျှင် အခြားနိုင်ငံများ အတွက် လိုက်နာ အတုယူစရာ မော်ဒယ်လ် ဖြစ်လာနိုင်သည့် ရှားရှားပါးပါး ဖြစ်ရပ်မျိုး ဖြစ်သောကြောင့် ကမ္ဘာအရပ်ရပ်မှ ဂုရုများစွာတို့ စိတ်ဝင်တစား စောင့် ကြည့်နေကြသည်။
လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့် ရလာခြင်းကြောင့် ဆန္ဒထုတ် ဖော်ပွဲများသည် မိုးဦးကျ မှိုများ ပွင့်သကဲ့သို့ အစီအရီ ပေါ်ထွက်လာကြ သည်။ သဘာဝ ပတ်ဝန်းကျင် အရေး၊ လျှပ်စစ်မီး အရေး၊ အလုပ်သမား အရေး၊ ကျောင်းသား အရေး၊ အမျိုးသမီး အရေး စသည်ဖြင့် အရေးသစ် အရေးဟောင်း အရေးတကာတို့ စုံလင်သည်။ မျှော်လင့်ချက်တို့သည် ခြေ  တစ်လှမ်းချင်း တစ်လှမ်းချင်း မယုံမရဲဖြင့် နင်းခဲ့ရာမှ ရဲရဲတင်းတင်း ခြေလှမ်း လှမ်းလာကြသည်။ မျှော်လင့်ချက်တို့ ထိုးအတက်နှင့် လွတ်လပ် စွာ ဆန္ဒ ထုတ်ဖော်ခွင့်တို့ တိုက်ဆိုင်သော ကာလဖြစ်သည့်အတိုင်း မျှော်လင့်ချက် တောင်းဆိုချက် တို့ကို ဖြည့်ဆည်း မပေးနိုင်လျှင် ခံစားချက်တို့ ပွင့်ထွက် လျှံကျနိုင်သော ကာလဖြစ်သည်။
စီးပွားရေးကို ပြုပြင်ပြောင်းလဲရင်းမှ နိုင်ငံရေးကို တစ်ထစ်ပြီး တစ်ထစ် ပြောင်းလဲ လာသည့် တရုတ်နှင့် ဗီယက်နမ်ကဲ့သို့ နိုင်ငံများ တွင်ပင် နိုင်ငံသားတို့၏ မြင့်မားလာသော မျှော်လင့်ချက်များကို စီမံခန့်ခွဲရန် ခေါင်းခဲနေကြရရာ မြန်မာနိုင်ငံကဲ့သို့ ပြိုင်တူ ပြောင်းလဲ နေသည့် နိုင်ငံမျိုး၊ နာလန်ထစ နိုင်ငံမျိုးတွင် မည်မျှ ခက်ခဲမည်ကို မြင် သာနိုင်သည်။ တရုတ်နဂါးနှင့် အိန္ဒိယကျားတို့ ခြေကုပ် ယူထားသည့် နေရာ ဒေသအဖြစ် မြန်မာနိုင်ငံကို မြင်ခဲ့ကြရာမှ ပစိဖိတ်သမုဒ္ဒရာ တစ်ဖက် ကမ်းမှ လင်းယုန် ထိပ်ပြောင်ကြီး ပျံဝဲလာပြီး မြေပြင်သို့ပင် ခြေချသွားခဲ့ သောအခါ မဟာအင်အားကြီးတို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရာ ကွင်းသစ်အဖြစ် အရှေ့ အနောက်မီဒီယာ၊ လေ့လာဆန်းစစ်သူတို့က သူ့ထက်ငါ သတ်မှတ်လာကြသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်လာသော ကြောင့် မိမိနှစ်သက်ရာ ခေါင်းခေါက် ရွေးချယ်နိုင်ခွင့် ရလာသော် လည်း နိုင်ငံကြီးတို့ ကစားကွက်ပြိုင်ရာ မြေတလင်း ဖြစ်မသွားရန်လို သည်။ စီးပွားရေး၊ နိုင်ငံရေး အကျိုးစီးပွားတို့ ထိပ်တိုက် တွေ့ရာတွင် မလိုလားအပ်သော အဆိုးတရားတို့ စီးဝင်မလာစေရေး ကိုင်ရန်တွယ် ရန်၊ ထိန်းချုပ် စီမံတတ်ရန် အရေးကြီးသည်။
မြန်မာ့ပြုပြင် ပြောင်းလဲမှုသည် ဟိုတိုးသည်တိုက်နှင့် အရှိန်မြန် လွန်းသောကြောင့် ရင်လည်းမောရသည်။ မြန်မာနိုင်ငံသွားနေသော အရှိန်နှင့် နိုင်ငံတွင်း ကိုယ်ခံစွမ်းရည် အားနည်းမှုတို့ကို ပေါင်းစပ်သုံး သပ်ကာ မြန်မာနိုင်ငံသည် အရှိန်တင်ကိရိယာ လီဗာသာပါပြီး ဘရိတ်မပါသည့် ကားများ ဖြစ်နေရော့သလားဟု အချိုးအကွေ့တို့တွင် ပြုပြင်ပြောင်းလဲရေးကို အရှိန်လျှော့နိုင်စွမ်းရှိမရှိ ပညာရှင်အချို့က စိုးရိမ်ကြသည်။
မြန်မာနိုင်ငံ၏ အခက်အခဲတို့မှာ ကြီးမားသလို အမျိုးစုံလင်လှ သောကြောင့် ရှေ့မှ ရင်ကို မြေကတုတ်လုပ်ကာ ရင်ဆိုင်ကြမည့် ခေါင်းဆောင် တို့ ကိုယ်ခံအားကောင်းရန်၊ ရှေ့သို့ကြိုမြင်ရန်လိုသည်။ မြန်မာ့နိုင်ငံ ရေးတွင် ပြည်တွင်းပြည်ပကစားသမား များလာပြီဖြစ်ပြီး မြန်မာ့အကျိုး စီးပွားထက် နီးစပ်ရာအကျိုးစီးပွား၊ ကိုယ်ကျိုးစီးပွားတို့ကို ဦးထိပ် ထားကစားသူများလည်း ပါလာနိုင်သောကြောင့် မျိုးချစ်ခေါင်းဆောင် တို့ တစ်ကွက်မက သုံးလေးကွက် ရှေ့က ကြိုမြင်မှရလိမ့်မည်။ စပ်ကူး မပ်ကူးကာလ ဆင်းရဲနိုင်ငံကို ဦးဆောင်ရသူများ ဖြစ်သည့်အတိုင်း အခြေကျပြီးသား တိုင်းပြည်များကို ဦးဆောင်ရသူတို့ထက် အဆပေါင်း များစွာ အားကုန်ထုတ်ရလိမ့်မည်။
အကျပ်အတည်းနှင့် ကြုံချိန်သည် ခေါင်းဆောင်တို့၏ တကယ့် မှတ်ကျောက်ဖြစ်သောကြောင့် ခေါင်းဆောင်တို့၏ ထက်မြက်မှုကို မြင်တွေ့ရမည့် ကာလဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ သူဦးဆောင် သော သူများထက် အဝေးကို လှမ်းကြည့်နိုင်သလို မိမိမြင်လျှင် မြင် သည့်အတိုင်း အဖွဲ့သားများကို ရှင်းပြနိုင်ရမည်။ံမွေှိမကအ့ ခေါ် ကြားရနားဝ မသက်သာသည့် အမှန်တရားကို အများအကျိုးရှိလျှင် ပြောရဲရမည်။ ခေါင်းဆောင်ဆိုသည်မှာ အဖွဲ့သားများထက် ထက်မြက် သည်ထင်သောကြောင့် ခေါင်းဆောင်နေရာ ရောက်နေခြင်းဖြစ်ရာ နောက်မှလိုက်နေလျှင်မဖြစ်၊ ရှေ့မှ ခေါင်းဆောင်ရန်လိုသည်။ နိုင်ငံကို တည်ဆောက်နေသည့် တစ်ချိန်တည်းတွင် အဆိုပါ ခေါင်းဆောင် တို့သည် ခေါင်းရှိပြီး ကိုယ်မရှိသည့်၊ ခေါင်းဆောင်ပျောက်သည်နှင့် နောက်ကောက်ကျလေ့ရှိသည့် မြန်မာအဖွဲ့အစည်း (Myanmar Institutions) တို့၏ ကောက်ရိုးမီး အစဉ်အလာကို တော်လှန်ကာ ဆင့်ကဲဆင့်ကဲ တာဝန်ယူနိုင်သည့်၊ တစ်ဗိုလ်ကျ တစ်ဗိုလ် တက်နိုင် သည့် အဖွဲ့အစည်းတို့ကို စနစ်တကျတည်ဆောက်ရဦးမည်။
မြန်မာနိုင်ငံသားတို့နှင့် မြန်မာနိုင်ငံကို အခြားနိုင်ငံ တို့က စုတ်တသပ်သပ် နှုတ်ဖြင့် သနားခဲ့ကြရာမှ အချို့က မနာလို မရှုစိမ့်ဖြစ်ကြ ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ။ သနားခြင်းမှာ မိမိထက် နိမ့်ကျ သူဟု ထင်သောသူကို၊ မနာလိုခြင်းမှာ မိမိထက် သာလွန်သောသူကို ဖြစ်သောကြောင့် အနည်းဆုံး အခြားသူတို့ အမြင်တွင် မြန်မာ့အနေ အထား မြင့်တက်လာခဲ့ပြီ။
သမိုင်းတစ်လျှောက် မကြုံဖူးသေးသော အခွင့်အလမ်းကို မြန်မာ နိုင်ငံ ကြုံတွေ့နေသည်။ ‘ကံသည် အလုပ်’ ဖြစ်သည်။ အစိုးရနှင့် သြဇာကြီး ပုဂ္ဂိုလ်များ အပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ စုပေါင်းလုပ်ရပ်များ၊ စုပေါင်း အတွေးအကြံများသည် ပြုပြင်ပြောင်းလဲ ရေးကာလမှ ထွက်ပေါ်လာသော အဆိုးအကောင်းများ တစ်နည်း အားလုံး၏ စုပေါင်းကံကို ဖော်ဆောင်လိမ့်မည်။
                                                                                                                      (ေဇယ်သူ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်