Wednesday, January 09, 2013

စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေးအတွက် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထားခြင်းမရှိသော ကချင် အပါ အ၀င် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အစိုးရတို့၏ နိုင်ငံရေးဆွေးနွေးပွဲ ယခုနှစ်အတွင်း လုပ်ဆောင်မည်

Posted by drmyochit Wednesday, January 09, 2013, under | No comments

စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေး အတွက် အပစ် အခတ် ရပ်စဲရေး လုပ်ဆောင် ထားခြင်း မရှိသော ကချင် အပါအ၀င် တိုင်းရင်းသား အဖွဲ့ အစည်း များနှင့် နိုင်ငံရေးဆွေးနွေးပွဲ ယခုနှစ် အတွင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (Myanmar Peace Center) မှ အပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ဇန်န၀ါရီလ ၆ ရက်က ပြောကြား ခဲ့သည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ခေါင်းဆောင်များ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"KNU အဖွဲ့နဲ့က လက်ရှိရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကနေတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အကောင် အထည်ဖော် ဖို့ ဒီနှစ် ထဲမှာ ရှိပါတယ်။ KNU တင်မကဘူး၊ တခြားတိုင်းရင်းသားတွေနဲ့လည်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့အခါ အပစ် အခတ် ရပ်စဲရေး ရထားပြီးသား အဖွဲ့များနဲ့တင် မကဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်မထားတဲ့ ကချင်တို့ ဘာတို့ လည်း ပါဝင်နိုင်ဖို့ လမ်းဖွင့်ထားပါတယ်။ အခုကစပြီး ကျွန်တော်တို့ လုပ်ဆောင်နေပါပြီ။ ကျွန်တော် တို့အနေနဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ တိုက်ရိုက်ဆွေးနွေးလို့ မပြေလည်ရင်လည်း သွယ်ဝိုက်ပြီးတော့ ဆွေးနွေး တဲ့နည်းနဲ့ လုပ်ဆောင်သွားမှာပါ" ဟု ဒေါက်တာမင်းဇော်ဦးက ပြောပါသည်။ 

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင် မှုဗဟိုဌာန (Myanmar Peace Center) သို့ နည်းလမ်းပေါင်းစုံအသုံးပြုပြီး လုပ်ဆောင်ရန် လမ်းညွှန်ထား၍ ငြိမ်းချမ်းရေး ရရှိရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် UNFC နှင့် ဇန်န၀ါရီလအတွင်း အကြိုဆွေးနွေး ပွဲများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

"ဒီနှစ်အစပိုင်းမှာ အကြိုဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ UNFC ကိုလည်း ကမ်းလှမ်းထားတယ်။ dialogue framework ပေါ့။ ဒါကို ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်။ ဖြစ်နိုင်တာက ဒီလလယ်လောက်မှာ ကျွန်တော် တို့ ကမ်းလှမ်းထားတယ်။ သူတို့ဘက်က ပြန်လာရင် framework ကို ဆွေးနွေးဖို့ရှိတယ်။ framework ကိုဆွေးနွေး ပြီးရင် framework ကို အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ် သွားမှာပါ။ UNFC မှာဆိုရင်လည်း ကချင်ကခေါင်းဆောင်ပဲ။ ကချင်ကတော့ တိုက်နေတယ်။ UNFC နဲ့ ဆွေးနွေးခြင်း အားဖြင့် ကချင်ကလည်း တစ်စိတ်တစ်ပိုင်း ပါလာတယ်လို့ ပြောလို့ရတယ်" ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ 

သမ္မတဦးသိန်းစိန်သည် ဇန်န၀ါရီလ ၅ ရက်က KNU အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် "နိုင်ငံရေး အဆင့် ဆွေးနွေးရာတွင် တိုင်းရင်းသားကိုယ်စားလှယ် အားလုံးပါဝင်သည့် လွှတ်တော်သည် ဆွေးနွေးရန် အကောင်း ဆုံးနေရာဖြစ်ပါကြောင်း" ဟု ပြောကြားခဲ့သည်။ 

ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ခေါင်းဆောင် ဖဒိုမန်းညိမ်းမောင်က နိုင်ငံတော်သမ္မတ၏ ယင်းသို့ပြောကြား မှုနှင့်ပတ်သက်ပြီး "ကျွန်တော်တို့ကတော့ ဒါကိုသဘောထားကွဲတယ်လို့ မမြင်ပါဘူး။ ဒါက နိုင်ငံတော်အစိုးရဘက်က သူတို့မြင်တာ သူတို့ပြောတာပဲ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မြင်တာကို ပြောကြမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်တွေ့ဆုံခြင်းအားဖြင့် ဒီအမြင်တွေကို ညှိနှိုင်းလို့ရပါတယ်။ ပဋိပက္ခဖြစ်တယ် သဘောထားကွဲတယ်လို့ မမြင်ပါဘူး" ဟု ပြောပြခဲ့သည်။

မြစ်ကြီး နားမြို့နယ် တာလောကြီးကျေးရွာအတွင်း ပြည်သူ့စစ်အဖွဲ့နှင့် တပ်မတော်သားများ ပူးပေါင်း ကင်းလှည့်နေ သည်ကို ဇန်န၀ါရီလ ၇ ရက်ညက တွေ့ရစဉ်

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်