Saturday, January 12, 2013

ဟန်းဆက်ဝယ်ယူရာတွင် သတိဖြင့်ဝယ်ယူကြပါရန်

Posted by drmyochit Saturday, January 12, 2013, under | No comments

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလလယ်ပိုင်းအတွင်း တန်ဖိုးနည်း မိုဘိုင်း ဆင်ကဒ်များ အရေ အတွက် အကန့်သတ်ချက်မရှိ ချထားပေးမည့် သတင်းကြောင့် မိုဘိုင်းဖုန်းဈေးကွက်အတွင်း၌ မိုဘိုင်း ဟန်းဆက် အရောင်း ဆိုင်လုပ်ငန်းများ ပိုမိုများပြားလာကြောင်းနှင့် ဟန်းဆက်ဈေးနှုန်း များမှာ လည်း သိသိ သာသာ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းက သိရှိရ သည်။

“ အခုမိုဘိုင်းဖုန်းက အရမ်းခေတ်စားလာတဲ့အတွက် စီးပွားရေး လုပ်ငန်း လုပ်ကိုင် လိုသူတွေအတွက် အခွင့်ကောင်း တစ်ခုဖြစ်ပြီးတော့ ဈေးနှုန်းတွေ အပြိုင်လျော့ချလာပြီး ဟန်းဆက်ဈေးကွက်က ပို အလုပ်ဖြစ် လာကြတာ၊ ရင်းနှီးမြှုပ်နှံ မှုအနေနဲ့ ပစ္စည်းတန်ဖိုး ငွေကျပ်သိန်း ၃ဝ လောက်ကနေ သိန်းရာနဲ့ချီပြီး ရင်းနှီး လာကြတယ်”ဟု ဈေးကွက်စောင့်ကြည့်သုတေသနမှ ဦးနေလင်းရှိန်က ပြောသည်။

ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက်ပိုင်း လူတန်းစားမျိုးစုံ အသုံးများလာသည့် မိုဘိုင်း ဖုန်းများမှာ ၂ဝ၁ဝ ပြည့်နှစ်မှ စတင် ခေတ်စားလာကာ နာမည်ကြီးကုန်အမှတ်တံဆိပ်များနှင့် အကြမ်းခံ တရုတ်နိုင်ငံ ထုတ် အမှတ်တံဆိပ်များအား မိုဘိုင်းဟမ်းဆက်ဈေးတွက်အတွင်း၌ မော်ဒယ် အလိုက် ပြည်ပ မှထုတ်လုပ်ဈေးနှုန်းများနှင့် သိပ်မကွာသည့်နှုန်းထားများ အတိုင်း မြန်မာနိုင်ငံ၌ ရောင်းဝယ်လာနိုင်ကြောင်း နာမည်ကြီး ဖုန်းအရောင်ဆိုင် များမှ ဆိုသည်။

''ဆင်းကဒ်ဈေး ကျလာတော့ ဟန်းဆက်အမြင့်ပိုင်းတွေ ပိုပြီးရောင်း လာရတယ်။ အဓိကကတော့ Android အမျိုးအစားတွေပေါ့။ အမြင့်ပိုင်းကြိုက်တဲ့သူတွေက နာမည်ကျော် တံဆိပ်တွေဖြစ်တဲ့ အိပ်ခ်ျတီစီ၊ နိုကီရာ၊ ဟွာဝေးနဲ့ ဆိုနီအဲရစ်ဆင်၊ ဆမ်ဆောင်း စတာတွေ သုံးကြတယ်။ တစ်ခု သတိ ထားရမှာက ထုတ်လုပ် တဲ့နိုင်ငံပေါ့။ နောက်တစ်ခုက အာမခံပေးချက်တွေပါ၊ ပုံတူဟန်းဆက် အတု တွေ ဈေးကွက်မှာ အရမ်းများ တယ်။ ပေါ်သမျှ အတုထွက်တယ်။ အခုနောက်ပိုင်း အတုတွေရဲ့ အဆင့် အတန်းကလည်း နည်းပညာ ပိုင်းမှာ ကောင်းမွန်လာတဲ့အတွက် ပြည်တွင်းက ဟန်းဆက်ဝယ်သူတွေ အတွက် အန္တရာယ်များတယ်။” ဟု မင်္ဂလာဈေးမှ မိုဘိုင်းဟန်းဆက် ပြုပြင်သူ ကိုမင်းက ပြောသည်။

နိုင်ငံတကာလူကြိုက်များလှသည့် အိုင်ဖုန်းအမျိုးအစားများကို ယခင်က ပြည်တွင်းတွင် အသစ်မှာ ယူရန် ခက်ခဲသော် လည်း ယခုနောက်ပိုင်းတွင် ဆိုင်အများစု၌ မှာယူ သုံးစွဲနိုင်ပြီဖြစ်ကာ ဆင်းကတ် ဖြတ်ခြင်းများ ကိုလည်း ဆိုင်အများစုက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ အင်တာနက် ကောင်းကောင်းသုံးလို့ရမယ်၊ ဂိမ့်ဆော့လို့ရမယ်၊ လိုင်းကြည်မယ်၊ သီချင်း အသံထွက်စနစ် ကောင်း မယ် ဆိုရင်ရပါပြီ '' ဟု မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးကပြောသည်။

အင်တာနက်အသုံးပြုနိုင်ပြီး တပ်ခ်ျစနစ်သုံး အန်းသရွိုက်(Android)ဟန်းဆက်အများစုသည် ကျပ် လေးသောင်းမှ ကျပ်နှစ်သိန်းအထိ အစားစားရှိပြီး အသစ်ထွက် နောက်ဆုံးပေါ် နာမည်ကြီး တံဆိပ် အချို့နှင့် အိုင်ဖုန်းများမှာ ကျပ်ဆယ်သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရသည်။

ဇန်န၀ါရီလတွင်ထွက်ရှိမည့် တန်းဖိုးနည်း GSMနှင့် WCDMA ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးတစ် ရပ်ကို နေပြည်တော်၌ ဇန်န၀ါရီလ(၉)ရက်နေ့က ကျင်းပခဲ့ပြီး၊ ရန်ကုန်တွင် ဇန်န၀ါရီ လလယ် ပိုင်း၌ တွေ့ဆုံရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သိရသည်။

Myamar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်