Saturday, January 12, 2013

ကချင်ပြည်နယ် ပဋိပက္ခများကို နှစ်ဖက် ညှိနှိုင်း ဆွေးနွေးရန် KIO/KIAသို့ ပြည်သူ့ လွှတ်တော်က တိုက်တွန်း

Posted by drmyochit Saturday, January 12, 2013, under | No comments

ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ဆက်လက် ကျင်းပရာ အစည်းအဝေး အစီအစဉ်(၈)ခုဖြင့် ဆောင်ရွက်ခဲ့ပြီး မေးခွန်း(၁ဝ)ခုနှင့် ပတ်သက်၍ မေးမြန်း ဖြေကြား ကြသည်။

ယနေ့ အစည်းအဝေး၌ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးသိန်းဇော်က အရေးကြီး အဆို တစ်ရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆိုအတည် ဖြစ်ကြောင်းနှင့် ထုတ်ပြန်ချက် တစ်ရပ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း လွှတ်တော်က အတည်ပြု ဆုံးဖြတ်သည်။

အဆိုပါ ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခ အခြေအနေ များကြောင့် နေ့စဉ်နှင့်အမျှ စစ်ဘေးဒဏ် ခံစား နေကြရသော ပြည်နယ်သူ ပြည်နယ်သားများ အတွက် လည်းကောင်း၊ နှစ်ဖက် ထိခိုက် ဆုံးရှုံးရမှုများ အတွက် လည်းကောင်း၊ အချိန်နှင့် အမျှ စိတ်မချမ်းမြေ့ ဖွယ်ရာ ကိစ္စရပ်များ အဖြစ် တွေ့မြင် ခံစား နေရပါသည်။ မြန်မာနိုင်ငံသည် ပြည်သူ့ဆန္ဒကို အလေးထားသော ဒီမိုကရေစီ စနစ်ကို ဖော် ဆောင် ချီတက်နေပြီ ဖြစ်ပါသည်။ ယနေ့ကာလသည် မိမိတို့ လိုလားချက်များကို လက်နက် ကိုင် တောင်းဆိုရမည့် ကာလ မဟုတ်သကဲ့သို့ လက်နက်ကိုင် ပယ်ချရမည့် ကာလလည်း မဟုတ် တော့ပါ။ 

ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခ များကို တွေ့ဆုံ ညှိနှိုင်းရေး ဆိုသော လုပ်ငန်းစဉ် မပါ ရှိဘဲ မည်သည့် နည်းနှင့်မျှ ဖြေရှင်းနိုင်မည် မဟုတ်ပါ။ လက်ရှိ ပကတိ အခြေအနေတွင် ဒေသတွင်း စစ်ရေး တင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များနှင့် KIO/KIA တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ကိုယ်စားလှယ်များ နှစ်ဖက် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရေး အတွက် ခက်ခဲမှုများ ရှိနေကြကြောင်း သိရှိ ရပါသည်။ ထို့ကြောင့် တည်ငြိမ် အေးချမ်းမှု အလှမ်းကွာဝေးသည်ထက် ကွာဝေးပြီး နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်ရေး ပြင်ဆင် တည်ဆောက်မှုများ ကြားတွင် ပြည်နယ် သူ ပြည်နယ်သား များမှာ စိုးရိမ် ထိတ်လန့်မှု ကြီးစွာနှင့် များပြားသော ဒုက္ခများကို ခံစားပြီး ရပ်တည် နေကြ ရပါသည်။

သို့ဖြစ်ပါ၍ ကချင်ပြည်နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခ ပြဿနာများကို နှစ်ဖက် တာဝန် ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြရန် အတွက် ခက်ခဲမှု ရှိနေစဉ် ကာလအတွင်း ပွင့်လင်း မြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာ မြင်သာရှိရန် ထုတ်ပြန် ခြင်းများဖြင့် လည်းကောင်း၊ ပြည်သူ့ထံမှ ထွက်ပေါ်လာသော ပြည်သူ့ ဆန္ဒများကို အလေးအနက်ထား ကြသည့် နှစ်ဖက် ဆွေးနွေးမှု များဖြင့် နားလည်မှုများ တည်ဆောက်၍ ယုံကြည်မှုများ ကို ဖော်ဆောင်ကာ စစ်ရေး အရှိန် တင်းမာနေမှုများ အားလျှော့ချပြီး ထာဝရ ငြိမ်းချမ်းရေး လမ်းကြောင်းကို တည်ဆောက် ပေးကြပါရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် KIO/KIA သို့ ပြည်သူ့ လွှတ်တော်က တိုက်တွန်း အပ်ပါသည် ဟူ၍ ဖြစ်သည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ တနိုင်းမဲ ဆန္ဒနယ်မှ ဦးမျိုးဆွေက''ယနေ့ အချိန်အခါဟာ ပြည်သူ့ ဆန္ဒနဲ့ အညီ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေတဲ့ ကာလဖြစ်တဲ့ အလျောက် လက်နက်ကိုင် ပဋိပက္ခ များဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အဟန့်အတား၊ အနှောင့်အယှက် တစ်ခု ဖြစ်ပါတယ်၊ ကချင် ပြည်နယ် လူထုရဲ့ လိုအပ်ချက်ဟာ ထာဝရ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တွေ အကြိမ်ကြိမ် ဆွေးနွေး ခဲ့သော်လည်း အခုအချိန် အထိ ယုံကြည်မှု မတည်ဆောက် နိုင်သေးဘဲ စစ်ရေး အရှိန်မြင့်တက် လာတာကို တွေ့နေရ ပါတယ်၊ ဒါကြောင့် ဦးသိန်းဇော်ရဲ့ အဆိုအတိုင်း ဆောင်ရွက် သင့်ပါတယ်''ဟု ထောက်ခံ ပြောကြား ခဲ့သည်။

ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်