ပြီးခဲ့တဲ့နေ့တုန်းက တပည့်ဟောင်း တစ်ယောက် လာကန်တော့ သည်။ သီ တင်းကျွတ်တုန်းက မကန်တော့ လိုက်ရလို့ အခုလာ ကန်တော့တာ ဟုဆို၏။ သူက ပြီးခဲ့တဲ့ ၂ဝ၁ဝ ကမှ တက္ကသိုလ် ဝင်တန်း အောင်သွား ခဲ့သူ။ ဂုဏ်ထူး(၂)ခုရခဲ့သည် ထင်၏။ နောက်တော့ GTC တစ်ခုကို ဝင်ခွင့်ရ သွားသည်။ ကျောင်းသွားခါနီး တုန်းကလည်း အခုလိုပဲ လာကန်တော့ သွားသေးသည်။ ယဉ်ကျေး ရည်မွန်ပြီး လိမ္မာ ရေးခြားရှိ သည့်ကလေးတစ်ဦးဖြစ် သည်။ ကန်တော့ပြီး တဲ့နောက် ဧည့်ခန်း မှာထိုင်၍ ဆရာတပည့်နှစ်ယောက် အလာပသလ္လာပပြောကြရင်း ကျွန်တော် က သူ့ပညာရေးအခြေအနေကို မေးမိ တော့မှ သူပြောပြတာကို နားထောင်ပြီး အတော်စိတ် မကောင်းဖြစ်သွားသည်။
”မနှစ်က ကျတယ်ဆရာ။ ဒီနှစ် ၇၅ ရာခိုင်နှုန်းမပြည့်လို့ ဖြေခွင့်မရဘူး။ စိတ် ကုန်သွားပြီဆရာ။ ဘွဲ့တစ်ခု ရရင်ပြီးရော၊ အဝေးသင်ပဲ ပြောင်းတက်တော့မယ်”
”သားက ဥာဏ်လည်းကောင်းရဲ့ သားနဲ့၊ ဘယ်လိုဖြစ်ပြီး မနှစ်ကကျရတာ လဲ။ တက္ကသိုလ်ဆိုတာ ကျခဲဘိခြင်းကွာ” ဟု ကျွန်တော်ကပြောတော့ ‘ကျတယ် ဆရာ၊ မနှစ်ကမှစပြီး ရက်ရက်စက်စက် ချပစ်တာ။ သားတို့တစ်ကျောင်းထဲ မဟုတ်ဘူး GTCတွ အကုန်လုံးပဲ။ ဆရာတွေပြောတာတော့ မူတွေပြောင်း သွားပြီဆိုလားပဲ။ ကျွန်တော်လည်း သိပ် နားမလည်ပါဘူးဆရာ’
”မူပြောင်းတာလည်း ပြောင်းတာ ပေါ့ကွာ။ သားဖြေနိုင်ရင် အောင်မှာပေါ့၊ သားက စာမလိုက်နိုင်လို့လား”
”ဖြေတော့ ဖြေတာပဲဆရာ၊ ဒါပေမဲံ စာတွေက နားမလည်တာတွေများနေ တာ။ သင်ကတည်းက နားလည်အောင် သင်နေတာမဟုတ်ဘူးဆရာ၊Course ကုန်အောင်ပဲသင်သွားတာ။ နားမလည် တာတွေ ကျက်ဖြေရတော့လည်း မှား လား၊ မှန်လားတောင်မသိဘဲ ဖြေပစ်ခဲ့ တာပဲဆရာ၊ ဒီနှစ်ကတော့ ကျွန်တော် ပေါ့တာဆရာ။ မနှစ်ကလိုပဲ အောက်မေ့ ပြီး တစ်ချိန်နှစ်ချိန်တက်လိုက်ပြန်လာ လိုက်၊ နေ့ဝက်လောက်တက်လိုက် အဆောင်မှာ ပြန်နေလိုက်နှင့် စာမေးပွဲ နီးတော့မှ ရာနှုန်းမပြည့်နိုင်တော့ဘူးဆို တာသိရတာ။ သားကတော့ ဘာမှမဖြစ် ပါဘူးဆရာ။ GTC ကရတဲ့ ဘွဲ့နဲ့လည်း အသက်မွေးမှာမှမဟုတ်တာ။ အဖေနဲ့ အမေ့ကိုပဲ အားနာတာ။ သူတို့ကိုကြည့် ပြီး စိတ်မကောင်းတာ”
ကျွန်တော့်မှာ သူပြောတာနား ထောင်ပြီး မိဘချင်းကိုယ်ချင်းစာစိတ်ဖြင့် ရင်မောမိသည်။ တိုက်တိုက်ဆိုင်ဆိုင်ဟု ဆိုရမလား။ မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ကျွန်ပညာရေးစနစ်မှ သခင် ပညာရေးစနစ်ဖြစ်အောင် အပြောင်း အလဲတွေစတင်ခဲ့ရာ အမျိုးသားနေ့မှာမှ ပညာရေးအပြောင်းအလဲကြားမှာ မြေစာ တစ်ပင်ဖြစ်ခဲ့ရသူ တပည့်လေးတစ် ယောက်၏ ကြေကွဲဆို့နင့်ဖွယ် ရင်ဖွင့်သံ ကို နားထောင်ပေးနေရသည်။
သမ္မတဦးသိန်းစိန်အစိုးရတက်လာ ပြီးနောက် မကြာမီမှာပဲ ပညာရေးပြုပြင် ပြောင်းလဲဖို့အသံတွေ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာသည်။ ဂျာနယ်အသီးသီးရဲ့ စာမျက်နှာများပေါ် မှာ၊ ရန်ကုန်-မန္တလေးစတဲ့မြို့ကြီးတွေက ပညာရေးဆွေးနွေးပွဲတွေမှာ အခြေခံ ပညာရေးကစလို့ တက္ကသိုလ်ပညာရေး အထိ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ဆွေးနွေးကြ၊ စာတမ်းတွေဖတ်ကြနှင့် မြန်မာ့ပညာရေးအတွက် အတော့်ကို အားတက်စရာကောင်းလှပါသည်။ သင် ရိုးတွေပဲပြောင်းမလား။ သင်ကြားနည်း တွေပဲ ပြောင်းမလား။ အရင်က သင် ထောက်ကူပစ္စည်း မပြည့်မစုံနှင့် လက် တွေ့လုပ်စရာ မစုံမလင်နှင့် သင်ပေးနေ ရာက ယခုပြည့်ပြည့်စုံစုံ ဖြစ်လာတော့ မလား။
ဆရာအင်အားမလုံလောက်ရာ က လုံလောက်လာတော့မလား။ အရည် အချင်းပြည့်မီတဲ့ဆရာတွေ ဖြည့်ဆည်း ပေးတော့မလား။ လပေါင်းများစွာနဲ့ အပြောင်းအလဲအတွက် ကျွန်တော့်မှာ ရင်ခုန်မြန်ခဲ့ရပါသည်။
အပြောင်းအလဲကို စတင်မြင်ရပါပြီ။ တက္ကသိုလ်စာသင်နှစ်တွေကို ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစကာ တစ်နှစ်ထပ် ၍ တိုးလိုက်၏။ ထိုတစ်နှစ်ထပ်၍ အတိုး ခံရသော ကျောင်းသားများအတွက် ဆပ် ပလီလို့ခေါ်တဲ့ တစ်ဘာသာ၊ နှစ်ဘာသာ ကျသူများကို ချက်ချင်းပြန်စစ်ဆေးတဲ့ နောက်ဆက်တွဲစာမေးပွဲစနစ်ကိုလည်း ဖျက်သိမ်းပစ်လိုက်သည်။ (ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ် များတွင်တော့ ဆပ်ပလီစနစ်ရှိသေးသည် ဟုသိရသည်။) ၂ဝ၁၁ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသားများမှာ ကံဆိုးသူမောင်ရှင်များဘဝ အလိုလို ရောက်ကြရတော့၏။
သင်ရိုးတွေ၊ သင်ကြားနည်းစနစ် တွေမပြောင်း။ ဆရာအင်အားမလုံမ လောက်။ သင်ထောက်ကူပစ္စည်းမပြည့် မစုံ။ ကျောင်းခန်းတစ်ခန်းတစ်ခန်းကို ကျောင်းသားဦးရေ ကိုးဆယ်၊ တစ်ရာ ထည့်ပြီးသင်။ သည်လိုအခြေအနေတွေ ကို မပြုပြင်မပြောင်းလဲနိုင်သေးဘဲ အလွယ်တကူ ပြောင်းလို့ရတာ ကောက် ပြောင်းလိုက်တော့ အခြေခံပညာအဆင့် မှာ ဒါသင် ဒါကျက် ပညာရေးစနစ်ကြီး နှင့် ယဉ်ပါးလာတဲ့ ကျောင်းသားတွေကို အပေါ်ရောက်မှ ဖိထောင်းသလိုဖြစ်နေ ပေသည်။
နိုဝင်ဘာ(၂၉)ရက်နေ့ထုတ် Hot News ဂျာနယ် ပေးစာကဏ္ဍတွင် မိဘတစ်ဦးက ပထမနှစ်ကျောင်းသားများ မှ ဆပ်ပလီတစ်ဘာသာထိသူများကို ချက်ချင်းပြန်လည်ဖြေဆိုခွင့်ပြုဖို့ နိုင်ငံ တော်သမ္မတကြီးထံ အသနားခံတင်ပြ ထားသည်ကို စိတ်မကောင်းစွာဖတ်လိုက် ရသည်။ ငွေကြေးချို့တဲ့သည့် မိဘများ အတွက်လည်း တစ်နှစ်တစ်နှစ် တက္က သိုလ်ကျောင်းစရိတ်က နင့်နေအောင် ဝန်ပိကြတာကိုး။
သူတို့ရှေ့ကပ်လျက်အတန်း (ဒုတိယနှစ်)က ကျောင်းသားတွေကျ တော့ တစ်နှစ်ထပ်တိုးတဲ့အထဲလည်းမပါ၊ တစ်ဘာသာကျ နှစ်ဘာသာကျသမား များအတွက်လည်း ဆပ်ပလီရှိဆိုတော့ အပြောင်းအလဲမလုပ်ရသေးတဲ့ ပညာ ရေးစနစ်နဲ့ တက္ကသိုလ်ဝင်တန်းအောင် လာတဲ့ ကျောင်းသားချင်းအတူတူ အခွင့် အရေးက တအားကွာခြားလွန်းနေသည်။ တကယ်ဆို ပညာသင်နှစ် တစ်နှစ်ထပ် တိုးတာထား၊ ဆပ်ပလီတော့ ရှိသင့်သေး သည်ထင်သည်။ တခြားဝန်ကြီးဌာန လက်အောက်က တက္ကသိုလ်တွေမှာ တော့ ဆပ်ပလီရှိသေးပြီး ပညာရေးဝန် ကြီးဌာနလက်အောက်က တက္ကသိုလ် တွေကျမှ ဆပ်ပလီစနစ်ဖျက်လိုက်ခြင်းက ကျောင်းသားချင်း အဆင့်အတန်းခွဲလိုက် သလိုဖြစ်နေ၏။
တစ်ခါပြီးခဲ့တဲ့ အောက်တိုဘာလထဲ ကလည်း မန္တလေးဆေးတက္ကသိုလ်က ကျောင်းသားအယောက် (၄ဝ)လောက် ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းမပြည့် လို့ စာမေးပွဲဖြေဆိုခွင့်၊ ကျောင်းတက်ခွင့် အပိတ်ခံရတဲ့သတင်း ဖတ်လိုက်ရသည်။ ဂျာနယ်တစ်ခုနှင့်တွေ့ဆုံခန်းတွင် ယခင် အစိုးရလက်ထက်က အထက်လူကြီး၏ အမိန့်ကို မလွန်ဆန်နိုင်လို့ (၃)ဘာသာ ကျနေသော ကျောင်းသားတစ်ဦးကို အမှတ်အများဆုံးရသည့် (၁)ဘာသာ အအောင်ပေးကာ ဆပ်ပလီခွင့်ပြုခဲ့ရ ကြောင်း ယင်းတက္ကသိုလ်ပါမောက္ခချုပ် ကိုယ်တိုင် ပြောထားသည်။ မိမိလုပ်ပိုင် ခွင့်အပြည့်ရချိန်တွင် ယခင်က ဘယာ ကတိကြောင့် အလျှော့ပေးလိုက်လျောခဲ့ ရသည်များကို အတိုးချကာ စည်းကမ်း တွေပိုမိုတင်းကျပ်လေရော့သလားဟု ထင်စရာဖြစ်နေသည်။
အဆင့်မမီတဲ့ ဆရာဝန်အဖြစ် မွေးထုတ်မပေးမိဖို့ရာ တာဝန်ရှိတယ်လို့ လုံးဝခံယူထားတဲ့ ဆရာကြီး၏ စိတ်ဓာတ်ကို လေးစား သော်လည်း ခေတ်ဟောင်း၊ စနစ်ဟောင်း ထဲမှာ အသားကျနေတဲ့ ကျောင်းသား တွေကို ဆန့်ကျင်ဘက်အနေအထား ဖြစ်အောင် ချက်ချင်းကြီးပြောင်းပစ်လိုက် တာကတော့ ကာယကံရှင်ကျောင်းသား တွေအတွက် သိပ်များနစ်နာလေမလား တွေးမိသည်။ ဆေးကျောင်းရောက်ဖို့ တက္ကသိုလ်ဝင်တန်းမှာ တစ်ဘာသာကို အနည်းဆုံးပျမ်းမျှ(၈ဝ)လောက်ရအောင် သူတို့လေးတွေကြိုးစားခဲ့ရတာကို အဟောသိကံမဖြစ်စေချင်လို့ပါ။
တိုင်းပြည်၏ အနာဂတ်ကောင်းဖို့ ပညာရေးကောင်းဖို့လိုတာမှန်ပါသည်။ သို့သော် အခြေခံပညာအဆင့်မှာလည်း ဘာတစ်ခုမှ မပြောင်းလဲသေး။ အဆင့် မြင့်ပညာအဆင့်မှာလည်း အဓိကကျတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားနည်း စနစ်တွေ၊ ဆရာအင်အားမလုံလောက် တာတွေ၊ တစ်တန်းတစ်တန်းကို ကျောင်း သား(၉ဝ)(၁ဝဝ)ထည့်ပြီး မနိုင်မနင်း သင်ကြားနေရတာတွေ၊ လက်တွေ့ပစ္စည်း မပြည့်စုံတာတွေ၊ သင်ခန်းစာမြန်မြန်ပြတ် ရေးဦးစားပေးသင်ကြားနေရတာတွေ ဘာမျှမပြောင်းသေးဘဲ စာမေးပွဲကို တင်း တင်းကျပ်ကျပ်စစ်ဆေးရုံ၊Supplementary Exam လို့ခေါ်တဲ့ နောက်ဆက်တွဲ စာမေးပွဲစနစ်ဖျက်သိမ်းပစ်ရုံနှင့်တော့ ပညာရေးကောင်းလာမည်မထင်ပါ။ ကြားထဲက ကျောင်းသားကျောင်းသူများ သာ အစမ်းသပ်ခံမြေစာပင်ဘဝ ရောက်ရပါလိမ့်မည်။
နိုင်ငံတော်သည်ပင် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရာ၌ တစ်ခု ချင်းဖြေလျော့ကာ ညင်ညင်သာသာ ကူးပြောင်းနေရပါသည်။ ဆန့်ကျင်ဘက် အနေအထားဖြစ်အောင် ချက်ချင်းကြီး ပြောင်းယူ၍မရပါ။ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ပေးသော ဥပမာကဲ့သို့ ပင် ပူနေသောရေထဲသို့ ဖားတစ်ကောင် ကို ထည့်ကြည့်လျှင် အပူဒဏ်မခံနိုင် သဖြင့် ချက်ချင်းခုန်ထွက်သွားပါမည်။ ရေအေးထဲမှာ ထည့်ထားပြီး တဖြည်း ဖြည်းချင်းပြောင်းယူလျှင် နိုင်ငံတော် အတွက်ရော၊ ကျောင်းသားတွေအတွက် ပါ ကျေနပ်စရာဖြစ်လိမ့်မည်ဟု ယူဆမိ ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် နောင်(၂၅)နှစ်၊ အနှစ်(၃ဝ)လောက်ကြာလျှင် ယခုလူ ငယ်များသည် နိုင်ငံတော်ကို ဦးဆောင် မောင်းနှင်ကြမည့်သူများဖြစ်လာကြပေ လိမ့်မည်။ သူတို့တစ်တွေ ပညာ၊ စိတ် ဓာတ်ပြည့်ဝဖို့ ယခုလိုအချိန်မှာ စိတ်ဒဏ် ရာတွေ မရစေချင်ပါ ”ငါတို့ကျမှ ဒီလို နှိပ်ကွပ်ခံရတယ်”လို့ စိတ်ထဲမှာ စွဲမှတ် သွားကြလျှင် သူတို့ရဲ့အနာဂတ်သာမက တိုင်းပြည်ရဲ့အနာဂတ်အတွက်ပါ အဆုံး အရှုံး၊ အနစ်အနာတွေ များနိုင်ပါသည်။ သိမ်မွေ့ညင်သာသော အပြောင်းအလဲ ဖြင့် မြေစာပင်လေးတွေ မွကြေပျက်စီး မသွားအောင် ဂရုစိုက်သင့်ကြသည် မဟုတ်ပါလား။
မင်းသန်းထိုက်(ဒေးဒရဲ)
Hot News
0 comments:
Post a Comment