Thursday, February 21, 2013

သီရိလင်္ကာပြည်တွင်းစစ်အပြီး အစိုးရက သူပုန်များကို သတ်ဖြတ်ဟုဆို

Posted by drmyochit Thursday, February 21, 2013, under | No comments


ပြည်တွင်းစစ်ပွဲ နောက်ဆက်တွဲအဖြစ် ရက်စက်သော ကလဲ့စားချေ သတ်ဖြတ်မှုများ ရှိနေဆဲဖြစ်ကြောင်း သတင်းများကို သီရိလင်္ကာ အစိုးရ အနေဖြင့် အသည်းအသန် ဖြေရှင်း ငြင်းဆိုနေရသည်။ နောက်ဆုံး ထွက်ပေါ်လာသော စွပ်စွဲမှု တစ်ခုတွင် ယခင်က အစိုးရကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့သည့် တမီလ် ကျားသူ ပုန် ခေါင်းဆောင် တစ်ဦး၏ သားဖြစ်သူမှာ သတ်ဖြတ် ခံရကြောင်း ဖော်ပြလာခဲ့သည်။ 


(သီရိလင်္ကကာသမ္မတ မာဟင်ဒါ ရာဂျာပက်ဆာကို တမီလ်တို့က ဆန္ဒပြစဉ်)

အသက်(၁၂)နှစ်သာ ရှိသေးသော အဆိုပါ လူငယ်လေး ဘလာချန်ဒရန် ပက်ဟာကာရန်သည် တမီလ်ကျားသူပုန် ခေါင်းဆောင်၏ အငယ်ဆုံး သားဟုလည်း သိရသည်။ No Fire Zone: The Killing Fields of Sri Lanka အမည်ရှိ ဇာတ်ကားသစ်တွင် အဆိုပါ ကလေးငယ် သေဆုံးမှုကို ပဟေဠိ တစ်ခုသဖွယ် ဆွဲယူ ဖော်ပြထားကြောင်း သတင်းများက ဆိုသည်။

အဆိုပါ မှတ်တမ်း ရုပ်ရှင်ကို လာမည့်လတွင် ကျင်းပမည့် ဂျီနီဗာ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်တွင် ပြသွားမည် ဖြစ်ပြီး ပက်ဟာကာရန်၏ ဓာတ်ပုံများကိုလည်း ထည့်သွင်း ပြသထားကြောင်း သိရသည်။ စစ်တပ်က ချုပ်ထိန်းခွင့် ရသွားချိန် နောက်ပိုင်းတွင် ၎င်းသေဆုံးခဲ့ခြင်း ဖြစ်ပြီး ရင်ဘတ်တွင် သေနတ် ကျည်ဆန်များဖြင့် လဲနေသည့် လူငယ်လေး၏ ရုပ်အလောင်းပုံကို သတင်းထောက်များက မှတ်တမ်း ရယူထားခဲ့သည်။ ထိုဓာတ်ပုံများ ထွက်ပေါ်လာခြင်းက တမီလ်တို့နှင့် စစ်တပ်ကြား တိုက်ခိုက်မှုကြောင့် ပက်ဟာကာရန် သေဆုံးခဲ့ခြင်း မဟုတ်ဘဲ သီးခြား အခြေအနေတွင် ရက်စက်စွာ သတ်ဖြတ် ခံရခြင်းဆိုသည့် စွပ်စွဲချက်များကို ပိုမို အားကောင်းလာစေခဲ့သည်။

အိန္ဒိယနိုင်ငံရှိ တမီလ်လူမျိုး အများစု နေထိုင်ရာ တမီလ်နာဒူမှ နိုင်ငံရေးသမားများက အဆိုပါ ဓာတ်ပုံများ ထွက်ပေါ်လာသည့်နောက် သီရိလင်္ကာ စစ်တပ်ကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ဒရာဗီဒါ မန်နီထရာ ကာဇ်ဟာဂမ် နိုင်ငံရေး ပါတီမှ အဖွဲ့ဝင်များသည် လူငယ်လေး၏ ဓာတ်ပုံကို မြင်ရချိန်တွင် ငိုကြွေးခဲ့ရသည်။ "ဒီလို ရက်စက်တဲ့ သတ်ဖြတ်မှုမျိုးကို ဘယ်နိုင်ငံမှာမှ အရင်က မှတ်တမ်း မတင်နိုင်ခဲ့ဖူးဘူး"ဟု ပါတီ၏ ကြေညာချက်အတွင်း ဖော်ပြထားသည်။

ထို့အပြင် သီရိလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျာပက်ဆာကိုလည်း စစ်ရာဇဝတ်ကောင်အဖြစ် အမည်တပ် ရှုတ်ချခဲ့ကြသည်။ သီရိလင်္ကာ အစိုးရနှင့် စစ်ဘက် အကြီးအကဲများကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသလို အိန္ဒိယရောက် သီရိလင်္ကာ သံအဖွဲ့ကလည်း ယင်းဓာတ်ပုံပါ အချက်အလက်များကို အတည်ပြုရန် ခက်ခဲကြောင်း ပြောဆိုခဲ့သည်။ "သူ့ဖခင်က တိုက်ပွဲဝင်နေချိန်မှာ သနားစရာ ဒီကောင်လေး မတော်တဆ ကြားညပ်ပြီး သေနတ်မှန်သွားတာ ဖြစ်နိုင်တာပဲလေ"ဟု သီရိလင်္ကာ၏ အိန္ဒိယနိုင်ငံ ဆိုင်ရာ အဆင့်မြင့် ကော်မရှင် ပရာဆက်ဒ် ကာရီယော်ဝါဆမ်က ပြောကြားခဲ့သည်။

ပက်ဟာကာရန်သည် တမီလ် လွတ်မြောက်ရေး ကျားသူပုန်အဖွဲ့ ခေါင်းဆောင် ဗီလူပီလိုင် ပရက်ဘ်ဟာကာရန်၏ သားဖြစ်သည်။ ၎င်းသည် ဗုံးထောင်ခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းများအတွက် အကြမ်းဖက်သမားအဖြစ် သီရိလင်္ကာ အစိုးရ၏ သတ်မှတ် ကြေညာခြင်းကို ခံခဲ့ရပြီး (၂၀၀၉)ခုနှစ်၊ မေလ(၁၈)ရက်နေ့ကမူ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားကာ သေဆုံးခဲ့သည်။ ပရက်ဘ်ဟာကာရန် သေဆုံးမှုနှင့်အတူ သီရိလင်္ကာတွင် ဆယ်စုနှစ်နှင့်ချီ ဖြစ်ပွားခဲ့သော စစ်ပွဲလည်း အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။ 

Source: LA Times
Planet Myanmar Network 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်