Thursday, February 21, 2013

ဘာစီလိုနာကို အကောင်းဆုံး ဧည့်ခံပြီး အနိုင်ယူပြခဲ့သည့် မီလန်

Posted by drmyochit Thursday, February 21, 2013, under | No comments


အေစီမီလန် အသင်းသည် အကောင်းဆုံး စိတ်ဓာတ်နှင့် ခံစစ်စွမ်းရည်ကို ပြသပြီး ဘာစီလိုနာကို အိမ်ကွင်း ဆန်စီရို၌ အနိုင်ကစားပြ သွားခဲ့သည်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမ အကျော့ ပွဲစဉ်တွင် အိမ်ရှင် မီလန် အသင်း၌ စတီဖင် အယ်လ်ရှာရာဝီ၊ ဂီယမ်ပေါ်လို ပက်ဇီနီ၊ ကီဗင်ပရင့်စ်ဘိုတန်၊ ဆူလီအလီ မွန်တာရီ၊ ရီကာဒို မွန်တိုလီဗို၊ မက်ဆီမို အမ်ဘရော့စီနီ၊ ဖိလစ်ပီမက်ဆက်စ်၊ ခရစ္စတီယန် ဇာပက်တာ၊ အစ်ဂ်နာဇီယို အဘာတီတို့ ပါဝင် ကစား ခဲ့ကြသည်။ ဘာစီလိုနာ အသင်းတွင်မူ လီယွန်နယ်လ် မက်ဆီ၊ ပက်ဒရို ရိုဒရီဂွတ်ဇ်၊ ဆက်စ်ဖာဘရီဂက်စ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ဆာဂျီယိုဘက်စ်ကွက်စ်၊ ရှာဗီဟာနန်ဒက်ဇ်၊ ယော်ဒီအယ်လ်ဘာ၊ ကားလက်စ်ပူယိုးလ်၊ ဂျရတ်ပီကေးနှင့် ဒန်နီရယ်လ် အဲလ်ဗက်စ်တို့ ပွဲထွက်လာသည်။



ဘာစီလိုနာသည် ၎င်းတို့၏ ကိုယ်ပိုင်ဟန်အတိုင်း ဘောလုံးပိုင်ဆိုင်မှုကို အားပြု ကစားပြီး မီလန်ကမူ တန်ပြန်တိုက်စစ်ကို အကောင်းဆုံး အသုံးချကာ ဧည့်သည်အသင်းကို ခြိမ်းခြောက်သွားခဲ့သည်။ ပွဲချိန် (၁၅)မိနစ်တွင်ပင် အီတလီ လက်ရွေးစင် လူငယ်တိုက်စစ်မှူး အယ်လ်ရှာရာဝီ ထိုးဖောက်လာမှုတစ်ခုဖြင့် စတင် ခြိမ်းခြောက်လာခဲ့သည်။ ထို့နောက် ချက်ချင်းလိုလိုပင် ထောင့်ကန်ဘောကို ဘိုတန် ခေါင်းတိုက် ဂိုးသွင်းရန် ကြိုးပမ်းမှုလည်း လွဲချော်သွားပြန်သည်။ ဘာစီလိုနာသည် မီလန်၏ ခံစစ်ဇုန်ကို ဝင်မတိုးနိုင်ဘဲ အဝေးကန်ချက်များဖြင့်သာ ဂိုးသွင်းရန် ကြိုးစားနေရပြီး ဂိုးသမား ခရစ္စတီယန် အဘီယာတီအတွက် ဖိအားမရှိခဲ့ချေ။ ပထမပိုင်းတွင်မူ ဂိုးမရှိ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီးရပြီး မီလန်ကမူ ဂိုးသွင်းခွင့်များ အသာစီး ပိုရလာသည်ကို တွေ့ရသည်။ (၅၇)မိနစ်တွင် မီလန်တို့ ဦးဆောင်ဂိုး စတင်သွင်းယူသည်။ ပြစ်ဒဏ်ဘောမှတစ်ဆင့် လှိမ့်ပေးသည်ကို မွန်တိုလီဗို လှမ်းကန်ရာမှ ဇာပက်တာနှင့် ထိပြီး ဘိုတန်ဆီ ရောက်သွားသည့် ဘောလုံးကို ၎င်းက ဘယ်ခြေဖြင့် အမှားအယွင်းမရှိ သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထိုဂိုးတွင် ဇာပက်တာ လက်ထိကြောင်း ဘာစီလိုနာ အသင်းသားများက ဖိအားပေး တောင်းဆိုသော်လည်း ဒိုင်က လက်မခံခဲ့ချေ။ ဘာစီလိုနာသည် ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း တိုက်စစ်ဗျူဟာ သိသိသာသာ မပြောင်းနိုင်သဖြင့် ဆက်လက် ရုန်းကန်နေရပြီး (၈၁)မိနစ်တွင် နောက်ထပ်တစ်ဂိုး ထပ်ပေးလိုက်ရသည်။ လူစားဝင် တိုက်စစ်မှူး အမ်ဘေယီ နီအန်းနှင့် အယ်လ်ရှာဝါရီတို့ တန်ပြန်တိုက်စစ်ကို လျင်လျင်မြန်မြန် စတင်ပြီး အယ်လ်ရှာဝါရီ အသာအယ မတင် ပေးပို့သော ဘောလုံးကို ကွင်းလယ်လူ မွန်တာရီက မြေမကျ သွင်းယူသွားခြင်း ဖြစ်သည်။

ပွဲအပြီးတွင် မီလန်အသင်းက (၂-၀)ဖြင့် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းဖြစ်သော ဘာစီလိုနာ အနေဖြင့် နောက်တစ်ဆင့် တက်ရေးအတွက် အိမ်ကွင်း နူးကမ့်တွင် အသည်းအသန် ကြိုးစားရတော့မည် ဖြစ်သည်။

Ref: Eurosport
Soccer Myanmar 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်