Saturday, February 23, 2013

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းအား ၂၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန် သတ်မှတ်လိုက်သော်လည်း သဘောမတူညီသူများက နောက်ဆုံးတွင် သပိတ်စခန်းဖွင့်၍ ဆန္ဒဖော်ထုတ်မည်ဟုဆို

Posted by drmyochit Saturday, February 23, 2013, under | No comments


ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအား ဖေဖော် ၀ါရီ ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ရန် သက်ဆိုင် ရာမှ သတ်မှတ်လိုက်သော်လည်း သဘော မတူညီသူများက နောက်ဆုံး အခြေ အနေ တွင် သပိတ် စခန်းဖွင့်၍ ဆန္ဒ ထုတ်ဖော် သွားမည်  ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဟံသာဝတီ ကားပွဲစား တန်းအား သီရိမင်္ဂလာဈေးဟောင်းသို့ ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် သတိပေး ခဲ့သော် လည်း ပြောင်းရွှေ့ရန် မလိုလားသူ ၃၀၀ ခန့်က သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒထုတ်ဖော်သွားမည်ဟု မပြောင်း ရွှေ့ရေး ကော်မတီမှ ဦးမင်းကိုမြင့်က ပြောသည်။


ကော်မတီမှ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က "အခုထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးပါဘူး။ ကျွန်တော်တို့ ယာဉ်ရောင်းဝယ်ရေးစခန်းကလူတွေ ဖေဖော်ဝါရီ ၂၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပါမယ်။ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီထိ လုပ်မှာပါ။ ဖေဖော်ဝါရီ ၂၇ ရက်ကျရင် ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ထပ်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားမယ်။ အချိန်ကတော့ အတူတူပါပဲ။ အဲဒါမှ အကြောင်းမထူးဘူး၊ စည်ပင်က အတင်းအဓမ္မ ပိတ်ဆို့မှုတွေ လုပ်လာခဲ့ရင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကြီးကို သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ထပ်ပြီးပြုလုပ်သွားမယ်" ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကမူ Crown Advance Construction ကုမ္ပဏီနှင့် အကျိုး တူပူးပေါင်း ဆောက်လုပ်မည့် ယခုစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အခွန်ဌာနမှူး ဦးကျော် မင်းထံမှ သိရသည်။

၎င်းကပင် "စီမံကိန်းမြေနေရာဟာ လက်ရှိသဘောမတူညီတဲ့ မြေနေရာဆိုရင် ဒါဟာ မတရားရာ ရောက်ပါ တယ်။ နောက်ပြီး ဌာနပိုင်မြေနေရာမို့လို့ အတင်းကြီး ၀င်ဖျက်မယ်ဆိုရင်လည်း ကျွန်တော်တို့အားနည်းရာ ရောက်ပါ တယ်။ သူတို့ကို ထိုက်သင့်တဲ့ နေရာပေးထားပါတယ်။ ဆန္ဒထုတ်ဖော်တယ်ဆိုတာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ဖြစ် ပါတယ်။ ကျွန်တော်တို့ကတော့ စီမံကိန်းကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်" ဟု ပြော သည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းသည် ၈ ဒဿမ ၅၉၉ ဧက ကျယ်ဝန်းပြီး ပင်မစခန်း၊ စခန်း (၁)၊ တိုးချဲ့စခန်းဝင်း စသည်ဖြင့် သုံးဝင်းရှိကြောင်း၊ ယာဉ်ပိုင်ရှင် ၃၀၀၀ ခန့်၊ အကျိုးဆောင် ၃၅၀၀ ခန့်၊ ရေဆေးလုပ်သား ၂၀၀ နှင့် ဈေးဆိုင်ပေါင်း ၂၂၂ ဆိုင်ရှိပြီး လူဦးရေ သုံးသောင်းကျော် မှီခိုလုပ်ကိုင် နေသော ကားဝင်းကြီး ဖြစ်သည်။

Eleven Media Group 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်