Monday, February 11, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားတွေ ပိုက်လိုင်းဖျက်သိမ်းပေးဖို့ ဆန္ဒပြ

Posted by drmyochit Monday, February 11, 2013, under | No comments


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့် ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ တရုတ်သံရုံးရှေ့ မှာ မြန်မာနိုင်ငံသား ၃ဝ ခန့် က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဒေသခံတွေရဲ့ တံငါလုပ်ငန်း ထိခိုက်ခံရမှု၊ လယ်မြေ သိမ်းခံရမှုတွေအပြင် ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ တည်ဆောက်ခဲ့တာကြောင့် စီမံကိန်းကို ချက်ချင်း ရပ်တန့် ပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ခေါင်းဆောင်သူတဦးဖြစ်တဲ့ ပြည်ပ ရောက် ရခိုင်အလုပ်သမားများအဖွဲ့ ဥက္ကဋ္ဌ ဦးဖိုးလှ က အခုလို ပြောပြပါတယ်။

“ကျနော်တို့ ဆန္ဒပြတာက ဗမာပြည်ရဲ့ အနောက်ဘက်ကမ်း ရခိုင်ပြည်နယ် ကနေပြီးတော့ ရွှေဂတ်စ်ကို ရခိုင်ကို ဖြတ်ပြီးတော့ပေါ့ဗျာနော်၊ ၇၇ဝ ကီလိုမီတာဝေးတဲ့ ပိုက်လိုင်းနဲ့ ကျနော်တို့ပြည်က ဖြတ်ပြီးတော့ သူတို့ ကယူမယ်၊ ကျနော်တို့ ပြည်သူတွေကို လုံးဝသုံးခွင့်မပေးဘူး၊ အဲဒါကြောင့် သုံးခွင့်ပေးဖို့ရယ်၊ နောက်ဒီ ပိုက်လိုင်း ဖြတ်သွားတဲ့ လမ်းခရီးတလျှောက်မှာ သဘာဝသစ်တောတွေ ပျက်စီးတာတွေ၊ နောက်ပြီး တော့ မြေတွေသိမ်းတာတွေ၊ နောက်ရွှေဂတ်စ် ပိုက်လိုင်းရှိတဲ့ ရေနက်ပိုက်လိုင်း ဆောက်ဖို့ ဆိုပြီးတော့ အဲဒီဧရိယာကို မဖြတ်သန်းရဆိုပြီး သတ်မှတ်ပစ်လိုက်တဲ့အခါ ဒီနေရာမှာနေတဲ့ ရမ်းဗြဲကျွန်း က ရခိုင်ပြည်သူတွေရဲ့ ငါးလုပ်ငန်း၊ တံငါလုပ်ငန်းအလုပ်က လုံးဝပျက်စီးလုနီးပါး ဖြစ်သွားတယ်ဗျ။ အဲဒီတော့ကာ ကျနော်တို့က ဒီမှာတောင်းဆိုပါတယ်”

မြန်မာပြည်တွင်း ကီလိုမီတာ ၇၇ဝ ကျော်ရှည်လျားတဲ့ အဆိုပါပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပြင် ဒေသခံပြည်သူတွေရဲ့ လက်ငုပ်လက်ရင်း စီးပွားရေး လုပ်ငန်းတွေပါ ပျက်စီးလုနီးပါး ဖြစ်ကုန်တာကြောင့် ချက်ချင်းရပ်တန့်ဖို့ လိုအပ်တယ်လို့ ဆန္ဒပြသူ တွေက ပြောပါတယ်။

ဆန္ဒပြသူတွေကို တရုတ်သံရုံး လုံခြုံရေးဝန်ထမ်းတွေနဲ့ ဒေသခံအာဏာပိုင်တွေက ဆန္ဒမပြဖို့ မောင်းထုတ် ခဲ့ကြ တယ်လို့ ဦးဖိုးလှ က RFA ကို ပြောပြပါတယ်။

“လုံခြုံရေးအခြေအနေက သူတို့က အတင်းပဲ နှင်ထုတ်တယ်ဗျ၊ ထောက်လှမ်းရေး ဘက်ပေါင်းစုံတွေ ပါတာပေါ့ ဗျာနော်၊ Security Concern ပေါ့၊ စုပေါင်းအဖွဲ့တွေက ကျနော်တို့နောက်မှာ ထပ်ကြပ် မကွာလိုက်နေပြီးတော့ သူတို့က ဖမ်းမယ့်ဆီးမယ့် ပုံစံမျိုးပေါ့ဗျာ။ ခင်ဗျား ပြောနေတဲ့ဟာတွေကို ပိတ်ပါတော့ ဆိုပြီး ပြောနေကြတယ်ဗျ။ သူတို့ကလေ၊ ဒါပေမဲ့ အတင်းပဲ ကျနော်တို့ ပြီးအောင်တော့ ပြခွင့်ရ တယ်၊ ဒီရွှေဂတ်စ်ကတော့ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုအတွက် တောင်းဆို ခွင့် ရှိပါတယ်”

ဆန္ဒပြသူတွေက တောင်းဆိုချက် ၇ ချက်ကို ထုတ်ပြန်ခဲ့ပြီး စီမံကိန်းအတွက် စစ်တပ်ချထားတဲ့ နေရာ တချို့မှာ မုဒိန်းမှုကဲ့သို့သော မှုခင်းတွေဖြစ်နေတာကို ချက်ချင်းရပ်တန့်ပေးဖို့၊ သိမ်းဆည်းထားတဲ့ လယ်မြေ တွေကို တရားဝင်ပြန်လည်ပေးအပ်ဖို့၊ ဒေသခံတံငါသည်တွေရဲ့ လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင် နိုင်ဖို့ ပိတ်ဆို့ထားတဲ့လုပ်ကွက်နဲ့ လမ်းတွေကို ပြန်ဖွင့်ပေးဖို့၊ ဒေသခံတွေ အဓိကအားထားရတဲ့ ငါးလုပ်ကွက် တွေကို အစိုးရက သိမ်းယူပြီး လေလံတင် ရောင်းစားတာတွေကို ရပ်တန့်ဖို့ ဒေသခံပြည် သူတွေရဲ့ ဆန္ဒမပါဘဲ ဆက်မလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်