မကြာမီ ရာထူးမှ နုတ်ထွက်တော့မည့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ နေရာတွင် ဒီမိုကရက် လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဂျွန်ကယ်ရီကို အစားထိုး ခန့်အပ်ရန် အထက် လွှတ်တော်က ဇန်နဝါရီ ၂၉ ရက်တွင် တရားဝင် အတည်ပြု ခဲ့သည်။
ကယ်ရီအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြု နိုင်ရေး အတွက် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၉၄ မဲ၊ ကန့်ကွက်မဲ ၃ မဲ ရရှိခြင်းကို ကြည့်ခြင်းအားဖြင့် လွှတ်တော် အမတ် အများစုသည် ကယ်ရီကို သောင်း သောင်းဖြဖြ ထောက် ခံ ခဲ့ကြသည်ကို တွေ့ရသည်။
အသက် ၆၉ နှစ် အရွယ်ရှိ ဗီယက်နမ် စစ်ပြန်ကြီး တစ်ဦးဖြစ်သူ ကယ်ရီသည် အထက် လွှတ်တော် အမတ် တစ်ဦး အဖြစ် ၂၈ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ဒီမိုကရက်နှင့် ရီပတ်ဘလီကန် အမတ် အားလုံးနှင့် သင့်တင့်စွာ ပေါင်းသင်း ဆက်ဆံနိုင်သူ ဖြစ်သည်။ ၎င်းသည် အမေရိကန် နိုင်ငံခြားရေး မူဝါဒနှင့် စပ်လျဉ်း၍ ''အင်အားသုံး ဖြေရှင်းခြင်း'' တစ်မျိုးတည်း ကိုသာ လက်ကိုင် ထားတတ်သူ မဟုတ်သလို အီရန်၊ တရုတ်နှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများ ဆိုင်ရာ ကိစ္စရပ်များ တွင်လည်း ရှေးယခင်က ချမှတ် ထားခဲ့သည့် လမ်းစဉ် ဟောင်း များမှ သွေဖည်၍ ''ဆက်ဆံရေး လမ်းသစ်'' ကို ချမှတ် လုပ်ဆောင်ရန် တောင်းဆို ထားသည်ကို တွေ့ရပါသည်။ ကယ်ရီသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်နှင့် ယခင်က တွေ့ဆုံဆွေးနွေး ဖူးသည့် အပြင် အမေရိကန်- ပါကစ္စတန် တို့အကြား ဖြစ်ပွားခဲ့သည့် တင်းမာမှု များကို ဖြေလျှော့စေရန် ကြိုးပမ်း ရာတွင်လည်း ပါဝင် ခဲ့သည်။
လက်ရှိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ဖေဖော်ဝါရီ ၁ ရက်တွင် ရာထူးမှ အနား ယူမည်ဟု ယူဆရ သောကြောင့် ယခု သီတင်းပတ် အတွင်း၌ ကယ်ရီသည် နိုင်ငံခြားရေး ဝန်ကြီးသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို၍ တာဝန်များကို လွှဲပြောင်း ရယူဖွယ် ရှိသည်။ အမေရိကန် အစိုးရသည် အာဖဂန် စစ်ပွဲမှ တဖြည်းဖြည်း ရှောင်ထွက်၍ အာရပ် နိုင်ငံများတွင် မငြိမ်မသက် ဖြစ်နေစဉ် အတွင်း အရှေ့ အလယ်ပိုင်း နိုင်ငံ များနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းရာ၌ စစ်ပွဲကို ဆန့်ကျင်သူ တစ်ဦးဖြစ်သည့် ကယ်ရီသည် အရေးပါသည့် ကဏ္ဍမှ ပါဝင်မည့် အလားအလာ ရှိသည်ကို တွေ့ရပါသည်။
ဂျွန်ကယ်ရီအား အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အော်ရိုရာ မြို့တွင် ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် မွေးဖွားခဲ့သည်။ ယေးလ် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ အထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ ရရှိခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် အမေရိကန် ရေတပ်၏ အရန် တပ်ဖွဲ့သို့ ဝင်ရောက် ခဲ့သည်။ ဗီယက်နမ် စစ်ပွဲ အတွင်း၌ ပါဝင် တိုက်ခိုက်ခဲ့ပြီး Silver Star၊ Bronze Star နှင့် Purple Heart ဆု တံဆိပ်များ ချီးမြှင့် ခံခဲ့ရသည်။ ၎င်းသည် အမေရိကန် ပြည်ထောင်စု၏ သတ္တမမြောက် ဝါအရင့်ဆုံး လွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး အထက် လွှတ်တော်၏ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သမ္မတ အိုဘားမားက ၎င်းအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် အဆို တင်သွင်း ခဲ့သည်။ ။
သင်းအောင်
မြ၀တီ
Time in Rangoon


0 comments:
Post a Comment