Wednesday, May 08, 2013

မေလ ၈ ရက်: ကမ္ဘာ့ကြက်ခြေနီနေ့နဲ့ ကမ္ဘာ့လခြမ်းနီနေ့

Posted by drmyochit Wednesday, May 08, 2013, under | No comments




World Red Cross and Red Crescent Day

ဒီနေ့က ကမ္ဘာ တစ်ဝန်းမှာ ရှိတဲ့ ကြက်ခြေနီ အဖွဲ့အစည်း တွေနဲ့ လခြမ်းနီအဖွဲ့အစည်းတွေရဲ့ စွန့်လွှတ် အနစ် နာ ခံ ကြိုးပမ်း ဆောင်ရွက်မှု တွေကို ဂုဏ်ပြုတဲ့နေ့ပါ။ လူသားတွေ ခံစားနေကြရတဲ့ ရောဂါ ဘယ တွေ၊ ငတ်မွတ်ဆင်းရဲခြင်းတွေ၊ သဘာဝဘေးအန္တရာယ် တွေနဲ့ စစ်ပွဲဒဏ်တွေ ကနေ သက်သာရာ ရလာ အောင် လုပ်ဆောင်ပေးမှုတွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထောက်ခံအားပေးတဲ့ နေ့လည်း ဖြစ်ပါ တယ်။ လူသားချင်း စာနာ ကူညီ ပေးနေ တဲ့ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ဝင် အရေအတွက်ဟာ အခုဆိုရင် ၉၇ သန်းကျော် ရှိနေပါပြီ။ ဒီ ၉၇ သန်းကျော်ထဲမှာ တစ်ဝက်ကျော်က လူငယ်တွေပါ။ အမျိုးသမီးပါဝင်မှုကို သီး သန့် တွက်ချက်ကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်း ရှိနေတာကိုတွေ့ရ ပါတယ်။

ဒီနေ့ရဲ့ သမိုင်းကြောင်းကို စေ့ငုကြည့်ချင်ရင်တော့ ၁၉၂၂ ခုနှစ်ဆီကို ပြန်ကြည့်ကြရပါ လိမ့်မယ်။ အဲဒီ အချိန် တုန်းက ချက်ကိုစလိုဗက်ကီးယား နိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့အစည်းဟာ အီစတာပွဲတော် မတိုင်ခင် သုံးရက် မြောက် နေ့ကစပြီး ပွဲတော်နေ့အထိ အပစ်အခတ် ရပ်စဲရမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး ငြိမ်း ချမ်း ရေးကို မြှင့်တင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နှစ်စဉ်တိုင်း ရဲ့ နေ့ရက်တစ်ရက်ကို လူသားတွေ ခံစား နေ ရတဲ့ ဝေဒနာတွေအတွက် ဖြေသိမ့်ရာ နေ့တစ်နေ့ဖြစ်လာအောင် လှုံ့ဆော်ဖို့ပါပဲ။

နောက် တော့ မေလ ၈ ရက်နေ့ကို ရွေးချယ်သတ်မှတ် ကျင်းပခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြက် ခြေနီ အသင်းကြီး ကို ထူထောင်ခဲ့သူ ပရဟိတသူတော်စင် ပုဂ္ဂိုလ်ထူးကြီး ယန်းဟင်နရီဒူးနန့် (Jean Henry Dunant) ရဲ့ မွေးနေ့ဖြစ်လို့ပါပဲ။

၁၈၅၉ ခုနှစ် ဇွန်လ ၂၄ ရက်က အီတလီနိုင်ငံ မြောက်ပိုင်း ဆိုလဖာရီနို (Solferino) နယ်ရှိ လွမ်ဘာဒီ မြို့ ကလေးမှာ တိုက်ပွဲကြီး တစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ သြစတြီးယားဘုရင် ဖရန့်ဇ်ဂျိုးဇက်ရဲ့ စစ်သည်တွေ သိမ်းပိုက် ထားတဲ့ အဲဒီမြို့ကလေးကို ပြင်သစ်ဘုရင် တတိယမြောက် နပိုလီယန် (နပိုလီယန် ဗိုနာပတ် ရဲ့တူ) လက်အောက်ရှိ ဆာဒီးနီးယားနဲ့ ပြင်သစ်မဟာမိတ် တပ်တွေက အပြင်းအထန် တိုက်ခိုက် ထိုး နှက်ကြ တာ ဖြစ်ပါတယ်။ ၁၅ နာရီကြာပြီးတော့မှ သြစတြီးယားတွေ တပ်ပျက် ထွက်ပြေးလို့ တိုက်ပွဲကြီး ပြီးဆုံး သွား ပါတယ်။ စစ်မြေပြင်မှာတော့ ဒဏ်ရာရသူပေါင်း လေးသောင်းကျော် ကျန်ရစ်နေပါတယ်။ 

သွေး ရဲရဲ သံရဲရဲနဲ့ အနိဋ္ဌာရုံ ရှုခင်းထဲကို ဘဏ်လုပ်ငန်းရှင်တစ်ဦး လည်းဖြစ်၊ ကုမ္ပဏီလုပ်ငန်း တစ်ခုကို တွဲဖက် လုပ်ကိုင်နေသူ တစ်ဦး လည်းဖြစ်တဲ့ ယန်းဟင်နရီဒူးနန့် (၁၈၂၈-၁၉၁၀)က အစိုးရဆီက အထူး အခွင့် အရေးတွေ ရရှိလိုတဲ့အတွက် နပိုလီယန်နဲ့ တွေ့ဆုံဖို့ ရောက်ရှိလာခဲ့ပါ တယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ် နဲ့ မတွေ့ ရဘဲ ကြောက်မက်ဖွယ်ရာ ဝေဒနာတွေ၊ ညည်းညူမြည်တမ်းသံ တွေနဲ့ အားကိုးရာမဲ့နေတဲ့ နှစ်ဖက် စစ် သည် တော်တွေကိုပဲ တွေ့လိုက်ရပါတယ်။ လွမ်ဘာဒီ တိုက်ပွဲမြင်ကွင်းက ဟင်နရီဒူးနန့်ကို စည်းစိမ်တွေ များပြား တဲ့ မြို့နေလူကုံထံတစ်ဦး ဘဝကနေ အနစ်နာခံ၊ ပင်ပန်းဆင်းရဲဒဏ် ခံရတဲ့ ပရဟိတ ပုဂ္ဂိုလ် ထူး တစ်ဦး အဖြစ် ပြောင်းလဲစေခဲ့ပြီး သူ့ဘဝအပြောင်းအလဲ နဲ့အတူ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီး ဆိုတာကိုလည်း ယှဉ်တွဲ ဖြစ်ပေါ်စေ ခဲ့ပါတယ်။ ဒီအကြောင်းတွေကို မသိရှိဖူးတဲ့သူ ဆိုရင် ဒီ့ထက်စုံလင်စွာ လေ့လာဖို့ အတွက် ဆရာဖေမြင့်ရဲ့ “မဟာကရုဏာရှင်များ” စာအုပ်ကို ညွှန်းပါရစေ။

ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ကြီးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC (The International Committee of the Red Cross) ကို ၁၈၆၃ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒူးနန့်နဲ့ ဂူးစတေးဗ်မွိုင် နီယာ (Gustave Moynier) တို့က စတင်တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နဲ့ လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း IFRC ( The International Federation of Red Cross and Red Crescent Societies) ကိုတော့ ၁၉၁၉ ခုနှစ်မှာ တည်ထောင်ဖွဲ့စည်း ခဲ့ပါတယ်။ အခုလက်ရှိမှာ တစ် ကမ္ဘာ လုံး အတိုင်း အတာအနေနဲ့ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့အစည်းပေါင်း ၁၈၈ ခု ရှိပါတယ်။

ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ဟာ ၁၉၁၇ ခုနှစ်၊ ၁၉၄၄ ခုနှစ်နဲ့ ၁၉၆၃ ခုနှစ် တွေမှာ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုကို သုံးကြိမ် ရရှိခဲ့ပါတယ်။ ၁၉၀၁ ခုနှစ်မှာ ဒူးနန့်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။
ကြက်ခြေနီ အလံဟာ ဆွစ်ဇာလန် အလံနဲ့ ပြောင်းပြန် ဖြစ်နေတယ်လို့ စာဖတ်သူ သတိထားမိပါ လိမ့်မယ်။ ဒူးနန့် က သူ့ဇာတိမြေကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီလိုဒီဇိုင်း ဆွဲခဲ့တာပါပဲ။

မြန်မာ နိုင်ငံရဲ့ ကြက်ခြေနီ သမိုင်းကြောင်းကို လေ့လာချင်ရင် တက္ကသိုလ် ဇော်ထူးဦး ရေးတဲ့ “မြန်မာ နိုင်ငံ ကြက်ခြေနီ သမိုင်း” စာအုပ်မှာ ရှာဖွေလေ့လာ ဖတ်ရှုကြည့်နိုင် ပါတယ်။ ၁၉၉၅ ခုနှစ် မေလမှာ ပထမ အကြိမ် ထွက်ရှိ ခဲ့တာဖြစ်ပါတယ်။ 

(လူသာမန်)
From: The Voice Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်