သြစတြေးလျနိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင် အဓိက နိုင်ငံရေးပါတီ နှစ်ခု ခေါင်းဆောင်တွေ တကြိမ်ထက် မနည်း စကားနိုင်လုကြမယ်လို့ ပြောဆိုကြတဲ့အတိုင်း မနေ့ညက ဒုတိယအကြိမ်မြောက် စကားနိုင်လုပွဲ ကျင်းပခဲ့ကြပါတယ်။
လက်ရှိဝန်ကြီးချုပ် ကယ်ဗင်ရဒ် (ဝဲ) နဲ့ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ် (Credit: AAP)
စကားနိုင်လုပွဲအတွင်း အတိုက်အခံပါတီ ခေါင်းဆောင် တိုနီအာဘော့တ် ပြောသမျှကို ဝန်ကြီးချုပ်က မေးခွန်းတွေ ဆက်တိုက်မေးခဲ့တာကို အတိုက်အခံပါတီ ခေါင်းဆောင်က Does this guy ever shut up? ဒီလူ့နှယ် ပါးစပ်ပိတ်တတ်ရဲ့လား လို့ အဓိပ္ပာယ်ရတဲ့ တုန့်ပြန်ချက်နဲ့ တုန့်ပြန်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ကို ထောက်ခံသူတွေက အတိုက်အခံပါတီခေါင်းဆောင်ကို ဝေဖန်နေကြပါတယ်။
စကားနိုင်လုပွဲအတွင်း ခုလို ပြောဆိုခဲ့တာကို ကြည့်ခြင်းအားဖြင့် အတိုက်အခံပါတီ ခေါင်းဆောင်ဟာ စိတ်ထင်ရာ လုပ်မယ့် ပုဂ္ဂိုလ်၊ အနိုင်ပိုင်းချင်စိတ်သာ ရှိတဲ့ ပုဂ္ဂိုလ်လို့ ဝေဖန်ကြပါတယ်။
စကားနိုင်လုပွဲအတွင်း ဝန်ကြီးချုပ် ကယ်ဗင်ရဒ်က သူဦးဆောင်တဲ့ ပါတီကို မရွေးချယ်ပဲ အတိုက်အခံပါတီကို ရွေးချယ်မယ်ဆိုရင် အတိုက်အခံ ပေါ်လစီအရ လူတွေရဲ့ အနာဂတ်ကို ထိခိုက်မယ့်အကြောင်း၊ အလုပ်လက်မဲ့ ဦးရေ ပိုများလာပြီး၊ မရှိဆင်းရဲသားတွေ ကူညီထောက်ပံ့မှု ရရှိတာ နည်းပါးသွားမယ်လို့ ထိုးနှက် ပြောဆိုခဲ့ပါတယ်။
အတိုက်အခံပါတီကတော့ သူတို့သာ အာဏာရမယ်ဆိုရင် စီးပွားရေး ကောင်းမွန်အောင် ပြုလုပ်မှာဖြစ်ပြီး လုပ်ငန်းခွင်က သားဖွားမိခင်တွေ အိမ်မှာ ကလေးငယ်တွေနဲ့ အတူအချိန်အကြာကြီး နေထိုင်နိုင်အောင် ဒေါ်လာ သန်းထောင်ချီတဲ့ ကူညီထောက်ပံ့မှုမျိုး ပြုလုပ်မယ်လို့ ပြောခဲ့ပါတယ်။
အဲဒီလို သန်းထောင်ချီတဲ့ ငွေကြေးကို ဘယ်က ရအောင် လုပ်မလဲလို့ ဝန်ကြီးချုပ်က မေးခွန်းထုတ်ရာမှာ အတိုက်အခံပါတီက ကုမ္ပဏီကြီးဆီက ရတဲ့ အခွန်ငွေတွေနဲ့ ရရှိအောင် လုပ်မယ်လို့ ပြောခဲ့ပါတယ်။
တခါ ဝန်ကြီးချုပ်က အဲဒီအခွန်က ကုန်ကျစရိတ်ရဲ့ တစ်ဝက်လောက်ကိုသာ ကာမိမှာ ဖြစ်တဲ့အတွက် ငွေတွေရရှိအောင် ဘယ်လို့ လုပ်မလဲလို့ မေးခွန်းထုတ်ရာမှာ အတိုက်အခံဖက်က လူတွေ ဘဏ်မှာ စုထားတဲ့ အတိုးနှုန်းကရတဲ့ အခွန်တွေနဲ့ ပေးမယ်လို့ ပြောပါတယ်။
ဒါကို ဝန်ကြီးချုပ်က ဒီအခွန်တွေနဲ့လည်း လုံလောက်မှာ မဟုတ်ဘူးလို့ ထပ်ပြောတဲ့အခါ အတိုက်အခံပါတီက ခေါင်းဆောင်က ဒီလူ့နှယ် ပါးစပ်ပိတ်ထားတတ်ရဲ့လား ဆိုပြီး ပြောလိုက်ပါတယ်။
ဒီလို ကလေးဆန်ဆန် ပြောလိုက်တဲ့အတွက် ဝေဖန်ခံရပြီးနောက် အတိုက်အခံ ခေါင်းဆောင်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သူခုလို ပြောလိုက်ရတာဟာ ဝန်ကြီးချုပ်ဖက်က ပြောဆိုမှု လေသံတွေက ရန်လိုတဲ့ လေသံတွေ ဖြစ်နေတာကြောင့် အဲလို ပြောဆိုတာလို့ တုန့်ပြန်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာ စက်တင်ဘာလ ၇ ရက် ကြရင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
Radio Australia
0 comments:
Post a Comment