Thursday, August 22, 2013

မီးသင်္ဂြိုလ်စက် စည်ပင်ကသိမ်းမည်ဟု သတင်းထွက်ပေါ်သောကြောင့် အဆင်မပြေနိုင်ကြောင်း မြို့မိမြို့ဖများ ဆွေးနွေး

Posted by drmyochit Thursday, August 22, 2013, under | No comments


မိုးညှင်း၊ သြဂုတ် ၂၂။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံဃနာယက ဆရာတော် ဘဒ္ဒစန္ဒိမာ ဦးစီး၍ ဒေသခံ ပြည်သူများထံမှ အလှူငွေ ကောက်ခံ၍ လူသေအလောင်းများ မီးသင်္ဂြိုလ်ရန် မီးသင်္ဂြိုလ်စက်ကို တည်ဆောက်ခဲ့ပြီး အခမဲ့ မီးသင်္ဂြိုလ်ပေးလျက်ရှိရာ ယခုအခါ မြို့တော်စည်ပင်မှ သိမ်း၍ အခကြေးငွေဖြင့် သင်္ဂြိုလ်ရမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ မြို့တွင်းရှိ အခြေခံ လူတန်းစားများအတွက် အဆင်မပြေမည်ကို မြို့မိမြို့ဖများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

သြဂုတ်လ (၁၉)ရက်နေ့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ကြော်ငြာစာအမှတ်(၁၁/၂၀၀၁၃)ဖြင့် အများသိစေရန် ကြေညာခဲ့သည်။ မြိုနယ်စီမံ ခန့်ခွဲရေး ကော်မီတီ၏ လုပ်ငန်းညှိနှိုင်း အစည်းဝေး တင်ပြချက်အရ ကချင်ပြည်နယ် စည်ပင်ဥပဒေပုဒ်မ၁၄၊ ပုဒ်မခွဲ(၁၁)၊ ပုဒ်မ၆၉၊ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)အရ မြို့နယ်စည်ပင်နယ်နမိတ်အတွင်း သုဿာန်များနှင့် ပတ်သက်သော အုပ်ချုပ်မှုဆိုင်ရာ(ByLaws)အား ရေးဆွဲထုတ်ပြန်ခဲ့သည်။ ကန့်ကွက်လိုလျှင်(၁၅)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ စည်ပင်(By Laws)ထဲတွင် (၃၀၀၀၀)ကျပ် ပေးရမည်ဟု ဆိုထားခြင်းဖြစ်သည်။

“ပြည်နယ်ဝန်ကြီး ဦးညွန့်အောင်ဆီတော့ ဆရာတော်က ဖုန်းဆက်ထားတယ်။ ခယက၊ မယက၊ စည်ပင်အရာရှိတွေနဲ့တွေ့ပြီး ပြန်ညှိနှိုင်းရဦးမယ်”ဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။

“ကျမတို့ကို ဆရာတော်သံဃာတော်တွေ ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ အလှူခံ၊ အလှူရှင်တွေရှာပြီး မြို့အတွက် အဆင်ပြေအောင် မီးသင်္ဂြိုလ်စက်ကို ဆောက်ပေးထားတာ။ လူသေပိုင်ရှင်ဆီမှာ ဘာမှမတောင်းဘဲ မီးသင်္ဂြိုလ်ပေးတာ။ ဆရာတော်ကြီးရဲ့ မေတ္တာကြောင့် အလှူရှင်တွေက ပေါပါတယ်။ ဆရာတော်တွေ ဦးဆောင်ကြလို့သာ အလှူငွေတွေ ရကြတာ။ စည်ပင်ကမီးသင်္ဂြိုလ်စက်ကို ကိုင်တွယ်မယ်ဆိုရင် အလှူရှင်တွေက မလှူကြတော့ဘူးလို့ ပြောကြတယ်။ စည်ပင်က သိမ်းယူလိုက်ရင် သေဆုံးသူ ဆင်းရဲသားတွေအတွက် အဆင်ပြေပါ့မလား” ဟု မြို့မိမြို့ဖ အမျိုးသမီးတစ်ဦးက ပြောသည်။

သီဟ(ကချင်)
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်