Saturday, September 07, 2013

ကွမ်းခြံကုန်းရွာသားများအား နိုင်ငံတော်အလံဥပဒေဖြင့် အရေးယူ

Posted by drmyochit Saturday, September 07, 2013, under | No comments



ရန်ကုန်၊ စက်တင်ဘာ ၎

 ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ ဆူးကလပ် ကျေးရွာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား ဇောက်ထိုးတင်ခြင်းနှင့် အောက်ကို လွှတ်ချသည် ဆိုသောကြောင့် အရေးယူ ခံရသူများဘက်မှ လိုက်ပါ ကူညီဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းစိုးက မိမိလိုက်ပါ ဆောင်ရွက်သည့် အမှုများစွာ ရှိသော်လည်း နိုင်ငံတော်အလံ ဥပဒေအမှုကို ဆောင်ရွက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု မြန်မာ့သံတော်ဆင့်သို့ စက်တင်ဘာ (၃) ရက်နေ့က ကွမ်းခြံကုန်း မြို့နယ်တွင် ပြောသည်။

၎င်းက ““ဒီဥပဒေက နယက အစိုးရ လက်ထက်မှာ ၂၁-၁၀-၂၀၁၀ ပြည့်နှစ်က အမိန့် ကြော်ငြာစာအမှတ် ၈/၂၀၁၀နဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ နိုင်ငံတော် အလံဥပဒေကို ဖောက်ဖျက် ကျူးလွန်ရင် သုံးနှစ်ထက် ပိုသော ထောင်ဒဏ်ဖြစ်စေ၊  ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်တယ်လို့ … ဖော်ပြထားတယ်။ သုံးနှစ်ထက်ပိုသော ဆိုတာကြောင့် အာမခံပေးခွင့် မရှိဘူး။ ဒါပေမဲ့ ကျင့်ထုံးပုဒ်မ ၄၉၇(၁) ခြွင်းချက်အရ အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေး အရ သော်လည်းကောင်း၊ အမျိုးသမီး သော်လည်းကောင်း စတဲ့ခြွင်းချက်တွေအရ ရုံးတော်က စဉ်းစားပါတယ်။  ဒါပေမဲ့ ခုချိန်ထိတော့ ကာယကံရှင်များ ဘက်က အာမခံ လျှောက်ဖို့ တောင်းဆိုမှု မပြုသေးပါဘူး””ဟု ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်  ဆူးကလပ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းလှဦးနှင့် ဦးစိန်သန်းတို့အား ၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ဖြင့် ဇွန် (၆)ရက်နေ့ က(ပ)၁၂၉/၁၃ဖြင့် အမှုဖွင့် အရေးယူသည်။

စက်တင်ဘာ (၃)ရက်နေ့က တရားလိုပြ သက်သေ ကိုအောင်မျိုးဝင်းအား စစ်ဆေးပြီး နောက်ရုံးချိန်းရက်မှာ စက်တင်ဘာ (၁၇)ရက်နေ့တွင် ဖြစ်ပြီး မြို့နယ် တရားသူကြီးရုံးတွင် ပြစ်မှုကြီးအမှု အမှတ် ၃၅၁/၁၃ဖြင့် လက်ခံကြားနာ စစ်ဆေးလျက်ရှိသည်။

တရားသူကြီး(ငြိမ်း) ဦးဇော်ဝင်းက ““ဒီလို နိုင်ငံတော်အလံ ဥပဒေနဲ့ ငြိစွန်းတဲ့ အမှုမျိုးက အင်မတန် ရှားပါးတဲ့ အမှုမျိုးပါ။ နောက်ထွက်တဲ့ ဥပဒေပြစ်ဒဏ်နဲ့ အရင် ဥပဒေ ပြစ်ဒဏ် နောက်ကတော့ နည်းနည်း ပိုများတယ်။ ကိုယ့်လုပ်သက် တစ်လျှောက်မှာတော့ တစ်မှုကြုံဖူးတယ်။ ဒါကလည်း အရွယ် မရောက်သေးတဲ့ ကလေးဖြစ်နေ တယ်။ အရွယ်မရောက်တော့လည်း ပြစ်ဒဏ်က မရှိဘူးပေါ့။ ဆိုဆုံးမ လွှတ်လိုက်တယ်။ ဒါက ဟိုခေတ်တုန်းက ဥပဒေပေါ့လေ”” ဟု ပြောသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ၂၀၁၃ခုနှစ် မေ၂၂ ရက် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ ပြည်ထောင်စုလွှတ်တော် နာယက၊အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဆွစ်ဇာလန်နိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ နှင့် တွေ့ဆုံစဉ် စားပွဲခုံပေါ်ရှိ မြန်မာနိုင်ငံတော် အလံ ပြောင်းပြန် ဖြစ်နေခြင်းအတွက် ဦးခင်အောင်မြင့်က တာဝန်ရှိသူ အဆင့်ဆင့်ကို လွှတ်တော်မှ အရေးယူမှု ရှိခဲ့ပြီး၂၀၁၂ခုနှစ် အောက်တိုဘာ (၁၄) ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ပထမအကြိမ် ပါတီညီလာခံ(၂၀၁၂) ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသားပေါင်းစုံ  အကအဖွဲ့မှ မြန်မာနိုင်ငံတော်အလံ ပြောင်းပြန်လွှင့်ထူကာ ကခဲ့ခြင်း အပေါ်တွင်မူ အရေးယူခြင်း တစ်စုံတစ်ရာ ပြုလုပ်သည်ဟု မသိရပေ။

 စိန်မျက်ခုံး
Myanmartandawsint Newspaper

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်