Saturday, September 07, 2013

အစိုးရက ဥပဒေမရှိ၊ စံနှုန်းမရှိဘဲ လက်ရှိမီတာခထက် သုံး-လေးဆအထိ မြင့်တက်နိုင်သည့်နှုန်းဖြင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်အား ပုဂ္ဂလိက ကုမ္ပဏီများသို့ ဆက်တိုက်ခွင့်ပြုရန် စီစဉ်နေ

Posted by drmyochit Saturday, September 07, 2013, under | No comments

ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ရုံးတွင် မီတာခွန် ဆောင်ရန်အတွက် စောင့်ဆိုင်း နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)


သီးသန့်ဥပဒေမရှိ၊ စံသတ်မှတ်ချက် ဈေးနှုန်းတစ်ရပ် မရှိသေးဘဲ လက်ရှိဓာတ်အားခ နှုန်းထက် သုံး၊ လေးဆအထိ မြင့်မားသော တစ်ယူနစ်လျှင် ကျပ် ၁၂၀ မှ ကျပ် ၁၅၀ ကျော်အထိ ကျသင့်မည့် ဈေးနှုန်းများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် စီမံကိန်းများကို ပုဂ္ဂလိက ကုမ္ပဏီများသို့ စာချုပ်ချုပ်ဆိုခွင့် ပြုမှု၊ ဆက်လက် ခွင့်ပြုနိုင်ရန် စီစဉ်နေမှုများ ရှိကြောင်း သတင်းရရှိသည်။

လက်ရှိတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား ရေအားဖြင့် လည်းကောင်း၊ သဘာဝဓာတ်ငွေ့ဖြင့် လည်းကောင်း၊ ကျောက်မီးသွေးဖြင့် လည်းကောင်း နည်းလမ်းအမျိုးမျိုး အသုံးပြုကာ BOT စနစ်ဖြင့် နှစ်ရှည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့်များကို စာချုပ်ချုပ်ဆို ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။

ပြည်တွင်းကုမ္ပဏီ ၂၀ ကျော်အား မြို့နယ်ပေါင်း ၈၄ မြို့နယ်ကို ပုဂ္ဂလိက အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်များအား စာချုပ်ချုပ်ဆို ချထားပေးခဲ့ပြီး နောက်ဆုံးကြားသိရသည့် သတင်းအရ နိုင်ငံတော် သမ္မတရုံးမှပင် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ပုဂ္ဂလိက ကုမ္ပဏီများသို့ပင် လုပ်ငန်းလွှဲပြောင်း ပေးနေပြီ ဖြစ်သည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ Ruby Dragon Construction၊ Capital Development၊ ဧဒင်စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့ကဲ့သို့ ကုမ္ပဏီကြီးများ ပါဝင်ပြီး လက်ရှိအချိန်အထိ ဆိုပါက အေးရှားဝေါလ် ကုမ္ပဏီမှ မြို့နယ်အများဆုံး ဖြန့်ဖြူးခွင့် ရရှိထားသည်။

၎င်းအပြင် ပြည်ပကုမ္ပဏီများ ဖြစ်သည့် Toyo-Thai ကဲ့သို့သော ကုမ္ပဏီများကိုလည်း BOT နစ်ဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးခွင့်ကို ချထားပေးခဲ့ပြီး ဖြစ်သည်။

ရေအားဖြင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ပေးမှုတွင် ဓာတ်အားခ တစ်ယူနစ် ဈေးနှုန်းများမှာ မြင့်မားသည်ဟု မဆိုသာသော်လည်း သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားပေးမည့် ပုဂ္ဂလိက ကုမ္ပဏီများဖြင့် လုပ်ကိုင်မည့် ဈေးနှုန်းများမှာမူ တစ်ယူနစ်လျှင် သဘာဝဓာတ်ငွေ့တန်ဖိုး ပါဝင်ပါက ကျပ် ၁၂၀ မှ ၁၅၀ ကျော် အထိပင် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပကုမ္ပဏီများ ဖြစ်သောToyo-Thai, BKB, စင်ကာပူအခြေစိုက် Myanmar Power Pte, UPP Holding ကုမ္ပဏီ စသည်ဖြင့် ကုမ္ပဏီပေါင်း များစွာကိုလည်း အချို့ မှာ ခွင့်ပြုပေးထားပြီး အချို့ကို ထပ်မံခွင့်ပြုနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

မဂ္ဂါဝပ် ၁၂၀ စက် တပ်ဆင်အားရှိသည့် အလုံသဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက် လုပ်ကိုင်ရန် Toyo-Thai ကုမ္ပဏီအား ခွင့်ပြုစဉ်က တစ်ယူနစ်ဓာတ်အားခ ကျသင့်ငွေမှာ အမေရိကန် ဒေါ်လာဖြင့် ၁၃ ဒသမ ၃၁ ဆင့် မြန်မာကျပ်ငွေဖြင့် (လက်ရှိတစ်ဒေါ်လာ ၉၇၅ ကျပ်ဖြင့် ဆိုပါက) တစ်ယူနစ် ကျပ် ၁၃၀ နီးပါးဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

BKB ကုမ္ပဏီမှာလည်း ထိုသို့ပင် တစ်ယူနစ် ကျပ် ၁၃၀ နီးပါး ကျသင့်ပြီး ယခု သဘောတူစာချုပ် ချုပ်ဆိုရန် စီစဉ်နေသည့် Myanmar Power ဖြင့် ဆိုပါက ဓာတ်အားခမှာ တစ်ယူနစ် ကျပ် ၁၂၀ (သဘာဝဓာတ်ငွေ့ဖိုး အပါအ၀င်) အထိပေးရဖွယ် ရှိနေပြီး UPP Holding ဖြင့်ဆိုပါက တစ်ယူနစ်လျှင် ဓာတ်အားခဈေးမှာ ၁၅၂ ကျပ် ကျော်အထိ (တစ်ဒေါ်လာ ၉၇၅ ကျပ်နှုန်းဖြင့်) ကျသင့်နိုင်ဖွယ် ရှိကြောင်း သိရသည်။

UPP Holding ဖြင့်ဖြစ်စေ၊ Myanmar Power ဖြင့်ဖြစ်စေ လုပ်ကိုင်ရန် စီစဉ်ရာတွင် အဆိုပါ ကုမ္ပဏီများ တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများအတွက် လိုအပ်သော ဓာတ်ငွေ့ကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အခမဲ့ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ဓာတ်ငွေ့ဖိုး မပါဆိုပါက အဆိုပါ ကုမ္ပဏီများမှ ရောင်းချမည့်ဈေးမှာ တစ်ယူနစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဆင့် ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ဖိုး ထည့်တွက်ပါက ဓာတ်အားခမှာ တစ်ယူနစ်လျှင် ကျပ် ၁၅၀ ကျော်အထိ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အဆိုပါ သဘာဝ ဓာတ်ငွေ့ဖိုးအား ၀န်ကြီးဌာန၏ ဘတ်ဂျက်အတွင်းမှ ကျခံပေးရမည် ဖြစ်ကြောင်း၊ တစ်ယူနစ် ဓာတ်အားခအား တွက်ချက်ပါက သဘာဝဓာတ်ငွေ့ဖိုးပါ ထည့်သွင်း တွက်ချက်ရမည် ဖြစ်ကြောင်း၊ အကယ်၍ အစိုးရမှ စိုက်ထုတ် မပေးနိုင်ပါက ယခု စာချုပ်ချုပ်ဆိုထားသည့် ဓာတ်အားခများမှာ လက်ရှိထက် သုံးဆမှ လေးဆအထိ မြင့်သည့် ဈေးများသို့ မြင့်တက်သွားနိုင်ကြောင်း လျှပ်စစ်ကျွမ်းကျင် သူများက ဆိုသည်။

စံသတ်မှတ်ထားသည့် ဈေးနှုန်းမရှိဘဲ ကုမ္ပဏီ အမျိုးမျိုးအား ဈေးနှုန်းအမျိုးမျိုးဖြင့် စာချုပ်ချုပ်ဆိုခွင့် ပြုခြင်းသည် ရေရှည်တွင် ပြဿနာ ရှိလာနိုင်ကြောင်း၊ အဓိကအားဖြင့် ထိုသို့ ပုဂ္ဂလိကသို့ ခွင့်ပြုပြီးပါက အများပြည်သူနှင့် စက်ရုံအလုပ်ရုံများသို့ မည်သည့် ဈေးဖြင့်ဖြန့်ဖြူးမည်၊ ဈေးတက်မည်၊ မတက်မည်၊ တက်လျှင် အများပြည်သူ မည်မျှနှုန်း၊ စက်ရုံအလုပ်ရုံ မည်မျှနှုန်း ဆိုသည်ကို အများပြည်သူသို့ ရှင်းလင်းစွာ ချပြခြင်းမရှိဘဲ ပြည်တွင်း ပြည်ပ ကုမ္ပဏီပေါင်း များစွာကို ခွင့်ပြုပေးခြင်းသည် တစ်ချိန်တွင် အခက်အခဲ ရှိလာနိုင်သည်ဟု သုံးသပ်ကြသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား တစ်ယူနစ်ပျမ်းမျှ ထုတ်လုပ် ကုန်ကျစရိတ်မှာ ၇၈ ကျပ်အထိရှိပြီး ပြန်လည် ဖြန့်ဖြူးရာတွင် ပျမ်းမျှတစ်ယူနစ် ၅၆ ကျပ်သာ ပြန်ရ၍ တစ်ယူနစ် ၂၂ ကျပ် အရှုံးပေါ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထိုသို့ဆိုလျှင် ယခုစာချုပ်ထားသည့် တစ်ယူနစ် ကျပ် ၁၂၀ မှ ၁၅၀ ကျော်အထိ ဈေးနှုန်းများဆိုလျှင် နိုင်ငံတော်အနေဖြင့် များစွာ ထပ်ရှုံးမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အစိုးရများ အနေဖြင့် ပုဂ္ဂလိက ဓာတ်အားပေး လုပ်ငန်းများအား စာချုပ်ရာတွင် ဆန္ဒစောခြင်း၊ စံနှုန်းသတ်မှတ်ချက်ဈေး မရှိခြင်းများကြောင့် ရေရှည်တွင် ကုမ္ပဏီနှင့် အစိုးရကြား အခက်အခဲ ပေါင်းစုံဖြင့် ရင်ဆိုင်နေရမှု များကိုလည်း သတိပြုရန် လိုသည်ဟု လျှပ်စစ်ရေးရာ ကျွမ်းကျင်သူ ပညာရှင်များက ထောက်ပြခဲ့ကြသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်