Wednesday, September 18, 2013

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခ ခံစားနေရသူများ သောက်သုံးရေ အခက်အခဲနှင့် ကူညီထောက်ပံ့မှုများ လိုအပ်နေ

Posted by drmyochit Wednesday, September 18, 2013, under | No comments

ညောင်ဦးမြို့ပေါ် ရပ်ကွက်တစ်ခုတွင် ရေလွှမ်းမိုးနေမှုအား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် 


စက်တင်ဘာ လဆန်းမှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာပြီး ရေဘေးဒုက္ခ ခံစားနေရသော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် သောက်သုံးရေ အခက်အခဲနှင့် အခြားကူညီ ထောက်ပံ့မှုများ လိုအပ်နေကြောင်း သတင်းရရှိပါသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စက်တင်ဘာ ၁၇ ရက်၌ စိုးရိမ်ရေ အမှတ်အောက်သို့ ကျဆင်းနေပြီဖြစ်ပြီး ၁၂၅၁ စင်တီမီတာတွင် ရှိနေကြောင်း၊ သို့သော်လည်း စစ်ကိုင်းမြို့တွင် စိုးရိမ်ရေ အမှတ်အထက် ၃၈ စင်တီမီတာတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ ထို့အတူ ဒုဋ္ဌ၀တီမြစ်ရေသည် အနည်းငယ် ကျဆင်းနေပြီ ဖြစ်သော်လည်း ၉၂၃ စင်တီမီတာဖြင့် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာ အထက်တွင် ရှိနေကြောင်း သိရသည်။

"ခုချိန်မှာတော့ ရေသန့်ဘူးတွေနဲ့ ခေါက်ဆွဲခြောက်၊ ဆန်စသဖြင့် စားသောက်ကုန်ပစ္စည်းတွေ လိုက်လံလှူဒါန်းပါတယ်။ ၀မ်းလျှောဝမ်းပျက်တာမျိုးတွေ့ရင် ဓာတ်ဆားလောက်ပဲ ပေးပါတယ်။ ရေ၀င်ရက် ကြာလာရင်တော့ ၀မ်းရောဂါလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ စီစဉ်နေပါတယ်" ဟု ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းမှ အလုပ်မှုဆောင် ဦးဝင်းဆွေက ပြောကြားသည်။

အမရပူရ၊ ရွှေကြက်ယက် ကြက်ခြေနီစခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း "၀မ်းရောဂါ နောက်ဆက်တွဲ မဖြစ်ဖို့ ရွေ့လျားသန့်စင်ခန်းတွေ လိုအပ်သလို သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အဓိက လိုအပ်ပါတယ်။ ရေ၀င်ရက်က ကြာမြင့်နိုင်ပါသေးတယ်" ဟု ပြောကြားသည်။

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၇ ရက်၌ စိုးရိမ်ရေအမှတ်အောက် ၇ စင်တီမီတာခန့် ပြန်လည်ကျဆင်း သွားသော်လည်း ရေကြီးရေနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသည့် မြစ်ကမ်းဘေးရှိ ကျေးရွာပေါင်း ၃၀ ခန့်နှင့် မြို့ပေါ်ရပ်ကွက် အချို့မှ အိမ်ထောင်စုများမှာ ရွှေ့ပြောင်းခဲ့သော နေရာများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

"ရေက တစ်လက်မလောက်ပဲ ပြန်ကျသွားတော့ အများစုက ရေလွတ်တဲ့ နေရာတွေမှာ နေရတုန်းပဲ။ နောက် ၁၅ ရက်လောက်မှ ကိုယ့်အိမ်ကိုယ် ပြန်နိုင်မယ်။ မိုးကလည်း ရွာထားတာရော ရွာထဲမှာ ရေကလည်း ကျန်နေသေးတာရောကြောင့် မပြန်နိုင်သေးဘူး။ ရေကျသွားတယ် ဆိုပေမဲ့ နည်းနည်းပဲ ကျသေးတယ်။ နွားတွေဝက်တွေလည်း ဖြစ်သလို ထားရတုန်းပဲ။ အကူအညီတွေကတော့ လိုတယ်" ဟု ရေကြီးနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသည့် ကျွန်းဦးကျေးရွာမှ ဦးထွန်းကြည်က ပြောကြားသည်။

ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်နိုင်ဦးက "ရေလယ်ကျွန်း ကျေးရွာတွေကို အခုသွားကြည့်ပြီး စစ်ဆေးနေပါတယ်။ ဒေသခံတွေကတော့ သူတို့အိမ်တွေမှာပဲ နေတုန်းပါ။ ရေထပ်တက်လာရင်တော့ ပြောင်းခိုင်းမှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ချက်ခြင်းအကူအညီ ပေးနိုင်ဖို့ ပခုက္ကူ ဆေးရုံအုပ်ကြီး ခေါင်းဆောင်ပြီး အဖွဲ့ဖွဲ့ထားတယ်" ဟု ပြောကြားသည်။

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာသို့ ရောက်ရှိခဲ့သော်လည်း ၁၇ ရက်တွင်မူ စိုးရိမ်ရေ အမှတ်အောက် ၇ စင်တီမီတာခန့် ပြန်လည်ကျဆင်းခဲ့ကြောင်း ပခုက္ကူမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မနေ့ညနေပိုင်း ကတည်းက အိမ်မှာနေမရတော့လို့ ပြောင်းလာခဲ့ရတယ်။ မိုးရွာပြီး လမ်းပေါ်မှာရေက ရင်စို့လောက်အထိ တက်လာတယ်။ အိမ်လည်းမြုပ်သွားပါတယ်။ အိမ်ထောင်စု ၁၂ စုလောက်က နေမရလို့ ပြောင်းခဲ့ရတယ်။ မြို့နယ်ကတော့ မနေ့က ဆန်လှူပါတယ်။ အဲဒါလေးနဲ့ပဲ စားနေရတယ်။ ဘာတွေလုပ်ပေးမယ် ဆိုတာကို စီမံဆဲပါပဲ . . . . .


ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျွန်းရွာများမှ အိမ်ထောင်စုပေါင်း ရာနှင့်ချီ၍ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်တွင် မြစ်ရေအနည်းငယ် ကျဆင်းသွားကြောင်း သတင်းရရှိပါသည်။

"ဗမာလို ၁၀ ရက်နေ့က အကုန်လုံး ပြောင်းရွှေ့လာခဲ့ ကြပါတယ်။ အိမ်စောင့်ယောက်ျားသား တစ်ယောက်လောက် ကျန်ခဲ့တာပေါ့။ ထောက်ပံ့အကူအညီပေးတဲ့ အဖွဲ့တွေ လာကြပါတယ်။ တစ်သက်မှာ ခုလိုပြောင်းရွှေ့နေရတာ သုံးကြိမ်ပဲ ကြုံဖူးပါတယ်။ အခုလို မပြောင်းရွှေ့ရတာ နှစ်နှစ်သုံးနှစ် ရှိပါပြီ" ဟု တောင်ဘီကမ္မ ဘုန်းတော်ကြီးကျောင်းအတွင်း ရေဘေးတိမ်းရှောင်နေသော အသက် ၅၇ နှစ်အရွယ် အရှေ့ဆယ်လံကျွန်းသူ ဒေါ်တင်ညွှန့်က ပြောကြားသည်။

ကယ်ဆယ်ရေး စခန်းများတွင် သက်ဆိုင်ရာ ဌာနများ၊ နိုင်ငံရေးပါတီနှင့် လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များက ကူညီထောက်ပံ့ လှူဒါန်းမှုများ ရှိနေသည့်အတွက် ရေဘေးတိမ်းရှောင် လာသူများအဖို့ အခက်အခဲ ထွေထွေထူးထူး မရှိသည့်တိုင် ရေကျသွားသည့် အချိန်တွင်မူ ရေ၀င်ရောက်ခဲ့သော ကျွန်းရွာများ ရပ်ကွက်များရှိ ဒေသခံများနှင့် တိရစ္ဆာန်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် အခြားလိုအပ်ချက်များ ရှိနေနိုင်ကြောင်း သိရသည်။

"ရေကျသွားရင် ရွှံ့နွံတွေ၊ ဗွက်တွေနဲ့ နေရတာဆိုတော့ ကလေးတွေ ကျန်းမာရေးတော့ ဂရုစိုက်ရတာပေါ့။ ဒီရေက စိုက်ရေးပျိုးရေးလည်း နောက်ကျသွားပါတယ်။ ကျွန်းရေ၀င်ရင် ရေအောင်တယ် ဆိုပေမယ့် ၀ါဆိုဝါခေါင် ၀င်မှပါ။ ခုဟာ စိုက်ချိန်ပျိုးချိန် တော်သလင်းလထဲ ဖြစ်နေတယ်။ ရေကျသွားတော့လဲ တော်တော်နဲ့ လုပ်ငန်းက ၀င်မရဘူး" ဟု တောင်ဘီရပ်၊ ရွှေကျောင်းအတွင်း ခိုလှုံနေသော အရှေ့ဆယ်လံကျွန်းရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

အောင်လံမြို့တွင်လည်း စက်တင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး လယ်ပြင်၊ သရက်တော၊ ကန်ကြီးစသော အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေ၀င်ရောက်ခဲ့၍ လူနေအိမ်များ ရေနစ်မြုစ်ခဲ့ရာ အိမ်ထောင်စု ၁၂ စု ကုသိနာရုံဘုရား စောင်တန်းသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရပါသည်။

ဧရာဝတီမြစ်ရေသည် လက်ရှိအချိန်တွင် ၂၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး အောင်လံမြို့၏ စိုးရိမ်ရေအမှတ်မှာ ၂၅၅၀ စင်တီမီတာဖြစ်ကြောင်း ရေအရင်းအမြစ် ဌာနမှတာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။


မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံတွင် ရွှေ့ပြောင်းနေထိုင်သော ရေဘေးဒုက္ခသည်များအား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် 
"မနေ့ညနေပိုင်း ကတည်းက အိမ်မှာနေမရတော့လို့ ပြောင်းလာခဲ့ရတယ်။ မိုးရွာပြီး လမ်းပေါ်မှာရေက ရင်စို့လောက်အထိ တက်လာတယ်။ အိမ်လည်းမြုပ်သွားပါတယ်။ အိမ်ထောင်စု ၁၂ စုလောက်က နေမရလို့ ပြောင်းခဲ့ရတယ်။ မြို့နယ်ကတော့ မနေ့က ဆန်လှူပါတယ်။ အဲဒါလေးနဲ့ပဲ စားနေရတယ်။ ဘာတွေလုပ်ပေးမယ် ဆိုတာကို စီမံဆဲပါပဲ" ဟု ရေဘေးဒုက္ခသည် တစ်ဦးက ပြောကြားသည်။

ရေဘေးသင့် ဒုက္ခသည်များ စားသောက်ရေးအတွက် မြို့ခံများက ထမင်းထုပ်များ လှူတန်းလျက်ရှိပြီး အောင်လံတွင် ၁၉၇၆ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်က တစ်ကြိမ် ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပွားခဲ့သည်။

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေမှုကြောင့် မင်းဘူးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာကျော်မှ နေအိမ်များ ရေနစ်မြုပ်ခဲ့ကာ မင်းဘူးမြို့ပေါ်ရှိ ဒုက္ခသည်စခန်း လေးခုတွင် ခိုလှုံသူ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၆ ရက်က မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံနှင့် မှန်ကင်းကျောင်းတိုက် နှစ်ခုသာ ဒုက္ခသည်စခန်းအဖြစ် ရှိခဲ့ရာမှ စက်တင်ဘာ ၁၇ ရက်တွင် ပုဂံမျှော် ဘုရားနှင့် သာစည်ရိပ်သာတို့တွင်ပါ ဒုက္ခသည်စခန်း တိုးချဲ့ခဲ့ကာ မိသားစု ၉၀ ခန့်မှ ဒုက္ခသည် ၃၀၀ ကျော် လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့် ကျေးရွာငါးရွာသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် အခြားလိုအပ်သည်များ ထောက်ပံ့ခဲ့သော်လည်း မင်းဘူးခရိုင် ပွင်ြ့ဖူမြို့နယ် အတွင်းမှ ရေနစ်ခဲ့သည့် ကျေးရွာခုနစ်ရွာခန့်တွင် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

"မနေ့က အိမ်အောက်ထဲ ရေ၀င်ရုံပဲ ရှိခဲ့ပြီး ညပိုင်းမှာ ရေထပ်တက်လာလို့ အိမ်ပေါ်ထပ်အထိ ရေရောက်လာတယ်။ ပစ္စည်းတွေကို ၀ါးလုံးတွေနဲ့ချည်ပြီး ရေလွတ်အောင် ထောင်ထားရတယ်။ တစ်ရွာလုံး ရေထဲမှာပါ။ ကမ်းပြိုလို့ ရွှေ့ခဲ့ရတဲ့ အိမ်တွေက ထရံနဲ့ အမိုးတွေလည်း ရေမျောကုန်ပါတယ်။ ကျွန်တော်တို့ ဒုက္ခကြုံနေရတာကို တာဝန်ရှိသူတွေ လာကြည့်လှည့်ပါလို့ ပြောချင်ပါတယ်" ဟု နိဗ္ဗာန်ကျွန်းကျေးရွာမှ နေအိမ်ရေနစ်ခံခဲ့ရသူ တစ်ဦးက ပြောကြားသည်။

ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများမှ ကျွဲနွားဝက် စသည့်တိရစ္ဆာန်များအား ကုန်းမြင့်ပိုင်းကျေးရွာများရှိ ဆွေမျိုးနီးစပ်များထံ ပြောင်းရွှေ့အပ်နှံ ထားရကြောင်း နေ့စဉ်စားသောက်ရေးတွင် သောက်ရေအခက်အခဲနှင့် မီးဖိုရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ငွေကြေးမပြည့်စုံ သူများအတွက် ဆန်၊ ဆီမှအစ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ မင်းဘူးမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများအတွက် မိလ္လာစနစ် သောက်သုံးရေနှင့် စားသောက်ကုန်များအား သက်ဆိုင်ရာ ဋ္ဌာနများမှ လှူဒါန်းထားကြောင်း သိရသည်။ မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့နှင့် မကွေးမြို့နယ်အတွင်း ကျေးရွာများလည်း ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်