Tuesday, September 03, 2013

ဒါရိုက်တာမီးပွား ရိုက်ကူးသည့် ကာလာစုံLesson ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းကို ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ်

Posted by drmyochit Tuesday, September 03, 2013, under | No comments


ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားအား တရားဝင် ခွင့်ပြုချက်ဖြင့် ရိုက်ကူးခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ် ထားသည်ဟု သတင်း ရရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို Heart & Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်နေခြင်း ဖြစ်သည်။


ယင်းကဲ့သို့ ရိုက်ကူးခွင့်ပိတ်ပင်ထား ခြင်းနှင့်ပတ်သက်၍ Heart& Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ မခင်စန္ဒာမြင့်က ''ဒီဇာတ်ကားက ဗီဒီယိုကနေ ရုပ်ရှင်ကားကြီးပြောင်းတာ မဟုတ်ပါဘူး။ ဗီဒီယို အနေနဲ့ ရိုက်ကူးခွင့်တင်ပြီး လွန်ခဲ့တဲ့တစ်နှစ်ကျော်က ရိုက်နေတယ်။ ရိုက်တဲ့ ကင်မရာကလည်း ရုပ်ရှင်ကားကြီး ရိုက်တဲ့သူတွေ သုံးနေကျ ကင်မရာ အကောင်းစားနဲ့ပဲ။ သရုပ်ဆောင်တွေရဲ့ ရိုက်ကူးရက် အခက်အခဲကြောင့် ရိုက်လို့မပြီးခင်မှာဘဲ ခဏနားထားရတယ်။ အဲဒီအချိန်မှာ ရိုက်ပြီးသမျှ ဆက်ကြည့်လိုက်တဲ့ အခါမှာ ဇာတ်ကားရဲ့ အရည်အသွေးပိုင်းကလည်း အရမ်းကောင်းမွန်နေသလို ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေရဲ့ အနုပညာ အရည်အသွေး ပိုင်းကလည်း အရမ်းကောင်းမွန်တာကို တွေ့ရတယ်။ ဒါနဲ့ပဲ ရုပ်ရှင်ကားကြီး အနေနဲ့ ရိုက်ကူးရင် ကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရုပ်ရှင်လုပ်ငန်းကို ရုပ်ရှင်ရိုက်ကူးခွင့်တင်တယ်။ အဲဒါကမှ ပြန်ကျပြီးတဲ့အခါ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်ရိုက်ကူးခွင့် တင်တဲ့အခါမှာလည်း ရိုက်ကူးခွင့် ပြန်ကျပါတယ်။ အဲဒါနဲ့ ရုပ်ရှင်ကားကြီးအဖြစ် ရိုက်တယ်။ ရိုက်ကူးရာမှာ အသစ်ထပ်ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေ ရှိသလို ပြန်ပြင်ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ရှိတယ်။ ရိုက်နေတုန်းမှာပဲ ရုပ်ရှင်အစည်းအရုံးက ရိုက်ကူးခွင့် မပေးဘူးဆိုပြီးတားမြစ်တဲ့စာ ရောက်လာတော့ အစည်းအရုံးကို ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးလူမင်းနဲ့ အတွင်းရေးမှူး ဦးဝင်းကြည်တို့နဲ့ တွေ့ဆုံရတယ်။ ဥက္ကဋ္ဌဦးလူမင်းက လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တာလို့ ပြောတယ်။

ရုပ်ရှင်အစည်းအရုံး အနေနဲ့ အခုလိုလုပ်ပိုင် ခွင့်ရှိလား၊ မရှိလား ဆိုတာတော့ သေချာ မသိဘူး။ ရှင်းပြတဲ့အခါမှာ ဇာတ်ကားမှာ ပါဝင်တဲ့သူတွေ အားလုံးက ကန့်ကွက်ဖို့ မရှိပါဘူးဆိုတဲ့ လက်မှတ်နဲ့ စာပြန်တင်ပါလို့တော့ ပြောလိုက်ပါတယ်။ စာလည်းပြန်တင် ထားပြီးပါပြီ'' ဟု ရှင်းပြခဲ့သည်။
ယင်းကဲ့သို့ ဇာတ်ကားရိုက်ကူးခွင့် ပိတ်ပင်ထားခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ သွားရောက် မေးမြန်းခဲ့ရာ၌ အတွင်းရေးမှူး ဦးဝင်းကြည်က ''ကျွန်တော်တို့ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ အစည်းအဝေး တစ်ခု ခေါ်ယူဆွေးနွေး သွားပါမယ်။ ဒီအစည်းအဝေးမှာ ဇာတ်ကားထုတ်လုပ်သူ ရော၊ ပါဝင်တဲ့ အနုပညာရှင်တွေရော ဇာတ်ကားကို ဘယ်လိုအရည်အသွေးမျိုးနဲ့ ရိုက်ကူးဖန်တီးထားလဲ၊ ဗီဒီယိုရိုက်နေရင်းနဲ့ ရုပ်ရှင်ကားကြီးအဖြစ် ပြောင်းလဲရိုက်ကူးရာမှာ ဘယ်လိုပုံစံတွေ ဆောင်ရွက်ထားလဲ ဆိုတာကို ရှင်းပြစေမှာပါ'' ဟု ဆိုသည်။

ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်သည့် အကြောင်းကြားစာ ရောက်ရှိလာခြင်းကြောင့် အဆိုပါ ဇာတ်ကား၏ ရိုက်ကူးမှုများအား ရပ်နားထားရကြောင်း သိရသည်။

''ကျွန်တော်တို့ ဇာတ်ကားရိုက်ကူးရာမှာ ဗီဒီယိုရယ်၊ ရုပ်ရှင်ရယ် ခွဲခြားမှုမရှိဘဲ ရိုက်ကူးတာပါ။ ကျွန်တော်တို့ တတ်နိုင်တဲ့ထဲက အကောင်းဆုံး ကင်မရာနဲ့ ရိုက်ကူးပါတယ်။ ဗီဒီယိုရိုက်နေရင်းမှာပဲ ဒီဇာတ်ကားအပေါ် အားရတဲ့အတွက် ရုပ်ရှင်ရိုက်ကူးခွင့် အသစ်ပြန်တင်ပါတယ်။ ရိုက်ကူးခွင့်လည်း ကျပြီးသွားပါပြီ။ ရိုက်နေရင်းနဲ့မှ ရုပ်ရှင်အစည်းအရုံးက ရိုက်ကူးခွင့် ပိတ်တဲ့စာ ရောက်လာပါတယ်။ ကျွန်တော်ကမှန်တယ်၊ မှားတယ်တော့ ဝေဖန်မပိုင်းခြား နိုင်ပါဘူး။ နားမလည်တာဘဲ ရှိပါတယ်။ ပြဿနာတစ်ခု၊ အဆင်မပြေတာ တစ်ခုရှိရင် ခေါ်ယူဆွေးနွေး ညှိနှိုင်းရပါမယ်။ မနှစ်ကဆိုရင် ၁၂ ကြိုးကဝေ ဇာတ်ကားပြသမှုအပေါ် ကန့်ကွက်မှုရှိတဲ့ အတွက် ဥက္ကဋ္ဌဦးဇင်ဝိုင်းက တွေ့ဆုံမေးမြန်းပါတယ်။

အစည်းအဝေး ခေါ်ယူပြီးဆုံးဖြတ်တာ ပြေလည်သွားခဲ့ပါတယ်။ အခုကတော့ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ အနုပညာရှင်တွေ ဘယ်သူမှ မသိလိုက်ရဘဲ တစ်ဖက်သတ် စီရင်ချက်ချလိုက်တယ်။ အမှုဖြစ်ရင်တောင် ဟိုဘက်ဒီဘက် ကြားနာပြီးမှ ဆုံးဖြတ်ချက်ချရတာ။ အခုတော့ မျက်ကွယ်မှာ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်ရှိလား၊ မရှိဘူးလား ဆိုတာကို နားမလည်ပါဘူး။ နောက်တစ်ခုက ဘယ်ကင်မရာနဲ့ရိုက်မှ ရုပ်ရှင်အဆင့်အတန်း မီမယ်ဆိုတော့ ပန်းချီဆရာ တစ်ယောက် ပန်းချီဆွဲရင် ဘာနဲ့ပဲဆွဲဆွဲ အနုပညာ လက်ရာကို ပရိသတ်က ကောင်းမကောင်း ဆုံးဖြတ်ပါမယ်။ ဘယ်ကင်မရာနဲ့ ရိုက်မှအဆင့်မီမယ်ဆိုတာ သတ်မှတ်တာမျိုးက ဆီဆေးနဲ့ဆွဲမှ ပန်းချီလို့သတ်မှတ် မယ်ဆိုတာ ဖြစ်နေမလားလို့တွေးမိတာပါ။ ရုပ်ရှင်အစည်းအရုံးကို ယုံကြည်ပါတယ်။ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်၊ လွတ်လပ်စွာ ဈေးကွက်ရှာဖွေ ပြိုင်ဆိုင်ခွင့်တွေ ရချင်ပါတယ်။

ရုပ်ရှင်အစည်းအရုံး အနေနဲ့ အနုပညာဖန်တီး ရိုက်ကူးတာကို ပိတ်တာ ဆို့တာတွေ မလုပ်စေချင်ပါဘူး။ အဲဒီလိုဆိုရင် ကျွန်တော်အပါအ၀င် ကြိုးစားနေတဲ့ လူငယ်တွေရဲ့ ယုံကြည်မှု လျော့ပါးသွားစေ ပါလိမ့်မယ်'' ဟု ဇာတ်ကားတွင်ပါဝင် သရုပ်ဆောင်ထားသည့် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ရှင်းပြခဲ့ပါသည်။
ယင်းဇာတ်ကားသည် မိုးနီလွင်၏ ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာမီးပွား ရိုက်ကူး၍ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး၊ ဆန်းသစ်လ၊ ခင်သဇင်နှင့် မာရီနာတို့က အဓိကပါဝင် သရုပ်ဆောင်ထားသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်