Friday, October 11, 2013

မိုးစက်ဝိုင် မြန်မာစစ်စစ် ဖြစ်ကြောင်း မွေးစာရင်းနှင့် သက်သေပြမည်ဖြစ်သဖြင့် တရုတ်ဟု ဖွထားသူများ အရှက်ကွဲမည်ကို ဆိုးရိမ်

Posted by drmyochit Friday, October 11, 2013, under | No comments


ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်ဟာ ရှမ်း – မြန်မာ မိဘနှစ်ဦးက မွေးလာတဲ့ မြန်မာလူမျိုးစစ်စစ် တဦးဖြစ်တယ်ဆိုတာ သက်သေပြဖို့ စီစဉ်နေသဖြင့် တရုတ် ဟု ဖွထားသူများ အရှက်ကွဲမည်ကို ဆိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

မိုးစက်ဝိုင်ရဲ့ တရုတ်ရိုးရာ ဝတ်စုံနဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ အွန်လိုင်း စာမျက်နှာတွေထက်မှာ ဆက်တိုက် ထွက်ပေါ်နေပြီး မိုးစက်ဝိုင်ဟာ တရုတ်လူမျိုး ဖြစ်ကြောင်း၊ တရုတ် နာမည်ရှိကြောင်း၊ တရုတ် သတင်း ဌာနတွေကလည်း မိုးစက်ဝိုင်အကြောင်း ရေးသားထားပြီး တရုတ်လူမျိုး အချင်းချင်း ချီးကျူးနေကြတာသာ ဖြစ်တဲ့အကြောင်း စတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အဲဒီလို သတင်းတွေကြောင့် တရုတ်လူမျိုးတယောက်က မြန်မာနိုင်ငံ ကိုယ်စားပြုမယ်အဖြစ် မပြိုင်သင့်ဘူး ဆိုတာကို ဆန္ဒထုတ်ဖော်မယ် ဆိုပြီးတော့ ကောလာဟလ တွေလည်း ထွက်ခဲ့ပါတယ်။ ရန်ကုန် မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲ ဒီနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက၊ ဘယ်သူတွေက ဆန္ဒထုတ်ဖော်မယ်ဆိုတာ မသိရသလို၊ ဒီနေ့ ညနေမှာ ဆန္ဒ ထုတ်ဖော်တာ မျိုးလည်း မရှိခဲ့ပါဘူး။

“မိုးစက်ဝိုင်က တရုတ်လူမျိုး လုံးဝမဟုတ်ဘူး။ ရန်ကုန်မြို့မှာ မွေးခဲ့တဲ့ မြန်မာလူမျိုးဖြစ်ကြောင်း သူ့ကိုမွေးခဲ့တဲ့ ဆေးရုံကို သက်သေ လှမ်းယူမယ်။ ပြီးရင် အားလုံးကို ပြောပြမယ်” လို့ ကိုချမ်းလင်းသူက ရှင်းပြပါတယ်။

မိုးစက်ဝိုင်ရဲ့ မိဘနှစ်ဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မွေးဖွားခဲ့တဲ့ရှမ်း – မြန်မာ လူမျိုးတွေ ဖြစ်ပြီး မိုးစက်ဝိုင်လို့ ခေါ်တဲ့ မဝေဝေခိုင် (နာမည်ရင်း) ကိုတော့ ရန်ကုန်မြို့မှာ မွေးဖွား ခဲ့တာဖြစ်ပြီး သူ့ရဲ့ မှတ်ပုံတင်၊ နိုင်ငံကူး လက်မှတ်တွေမှာလည်း မြန်မာနိုင်ငံသား ဖြစ်ကြောင်း ရေးသား ထားတယ်လို့ သိရပါတယ်။

အွန်လိုင်း စာမျက်နှာတွေထက်မှာ တရုတ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိုးစက်ဝိုင်ရဲ့ ဓာတ်ပုံနဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် Miss Universe Myanmar ပွဲတွေကို တာဝန်ယူကျင်းပမယ့် Hello Madam Media Groupက တာဝန်ရှိသူတွေ အနေနဲ့နောက်ကွယ်က တိုက်ခိုက်နေတဲ့ သူတွေကို စုံစမ်း သိရှိထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

“တိုက်ခိုက်နေတဲ့ သူတွေကို ကျနော်တို့ သိထားတယ်။ နောက်ကွယ်ကနေ ယှဉ်နေဖို့မရှိဘူး။ ဆက်ပြီး တိုက်ခိုက်နေဦးမယ် ဆိုရင်တော့ ကျနော်တို့ အားလုံးရှေ့မှာ တရားဝင် ပြောသွားမှာပါ။ အခု လောလောဆယ်တော့ ဘယ်သူဆိုတာ မပြောပြ ချင်သေးဘူး” လို့ ကိုချမ်းလင်းသူက ပြောပါတယ်။

အွန်လိုင်း ကောလာဟလတွေ ထွက်ပေါ်နေတဲ့အပေါ် Miss Universe Myanmar 2013 ဆုရ မိုးစက်ဝိုင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံက အွန်လိုင်း စာမျက်နှာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ဖော်ပြနေကြတဲ့ မိုးစက်ဝိုင်ရဲ့ တရုတ်ဝတ်စုံနဲ့ ပုံဟာ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝတ်စုံလို့ သိရပါတယ်။ အဲဒီပွဲမှာ မြန်မာဝတ်စုံ၊ တရုတ်ဝတ်စုံနဲ့ ညနေခင်း ဝတ်စုံဆိုပြီး ယှဉ်ပြိုင်ခဲ့ရပေမယ့် မြန်မာဝတ်စုံနဲ့ ညနေခင်း ဝတ်စုံပုံတွေတော့ မပါလာဘဲ တရုတ်ဝတ်စုံနဲ့ ပုံကိုသာ ရွေးပြီးတင်ထားသလို၊ မိုးစက်ဝိုင်မှာ ဝေဝေခိုင်ဆိုတဲ့ နာမည်က လွဲလို့ တရုတ်နာမည်လုံးဝ မရှိဘူးလို့ ကိုချမ်းလင်းသူကို ပြောပါတယ်။

ဆက်လက်ပြီး ကိုချမ်းလင်းသူက “မိုးစက်ဝိုင် တက်ရမယ့် စင်မြင့်က အကြီးဆုံးဖြစ်နေတော့ ပထမဆုံး အခွင့်အရေးကို ဘယ်သူမဆို ရချင်မှာပဲလေ။ မိုးစက်ဝိုင်နေရာမှာ ဘယ်သူဖြစ်ဖြစ် တိုက်ခိုက်ခံရမယ် ထင်တယ်” လို့ အွန်လိုင်းစာမျက်နှာ တွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအပေါ် သုံးသပ်ပါတယ်။

အခုလို တိုက်ခိုက် ခံနေရပေမယ့်လည်း Hello Madam Media Group နဲ့ ကာယကံရှင် မိုးစက်ဝိုင်အနေနဲ့ တကူးတက ကိစ္စတခု အနေနဲ့ ရှင်းပြနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရားဝင် facebook စာမျက်နှာမှာတော့ “အခုလို ရှုပ်ထွေးကြမ်းတမ်း နေတဲ့ ပြဿနာတွေ ကြားထဲကနေ မိုးစက်ကို ဆက်လက်ပြီး အားပေး ချစ်ခင်ပေးနေတဲ့ ပရိသတ်ကြီးကိုလည်း မိုးစက်က အရမ်းချစ်ခင်ပြီး အရမ်းလည်း ကျေးဇူးတင်နေပါတယ်” လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းများနဲ့ တွေ့ဆုံပွဲမှာ မိုးစက်ဝိုင်ကို စာနယ်ဇင်းသမားတဦးက တခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ဖူးလားလို့ မေးမြန်းခဲ့ရာမှာ မိုးစက်ဝိုင်က သူ့အနေနဲ့ ၂၀၀၉ ခုနှစ် လောက်က ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်တဲ့ ပွဲတခုမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဖြေပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီတုန်းက သူ ပြိုင်ပွဲဝင်ခဲ့တဲ့ တရုတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေ ထွက်လာခဲ့တာ တွေ့ရပါတယ်။

facebook စာမျက်နှာတွေ ထက်မှာတော့ မိုးစက်ဝိုင် နာမည်နဲ့ ဖွင့်ထားတဲ့ စာမျက်နှာက ဆယ်ခုထက်မနည်း ရှိနေပြီး မိုးစက်ဝိုင် မုန်းတီးသူများဆိုတဲ့ စာမျက်နှာလည်း ရှိနေတဲ့အပြင် အဲဒီ စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၂ သောင်းနီးပါး ရှိနေတာ တွေ့ရပါတယ်။

မိုးစက်ဝိုင်ဆိုတဲ့ နာမည်နဲ့ စာမျက်နှာ တိုင်းမှာတော့ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဖြစ်တာ မဖြစ်တာ အရေးကြီး မကြီး ဆိုတာကို ငြင်းခုန်နေကြသလို အားပေးတဲ့သူတွေ အားမပေးဘူးဆိုတဲ့ ကွန်မန့်တွေကိုလည်း ရေးသားထားတာတွေ ရှိပါတယ်။

Miss Universe Myanmar 2013 ကျင်းပရေး ကော်မတီကလည်း မြန်မာနိုင်ငံကိုယ်စားပြု မယ်ရွေးချယ် ခဲ့ရာမှာ ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲဝင် စည်းကမ်းတွေအပြင်၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် စည်းကမ်းတွေပါ ထည့်သွင်းခဲ့ပြီး လူထုကြားမှာ ရွေးချယ်ခဲ့တာလို့ Hello Madam Media Group က ဆိုပါတယ်။

MISS UNIVERSE MYANMAR ဝက်ဘ်ဆိုက် မှာလည်း Miss Universe Myanmar 2013 မိုးစက်ဝိုင်အား Online နှင့် facebook စာမျက်နှာများပေါ်တွင် လူနည်းတစုမှ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်၊ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းအချက်အလက် ထုတ်လွှင့်ခြင်းမျိုး မဟုတ်ဘဲ၊ အတင်း ဖြန့်ဝေနေခြင်းများအား မိမိတို့၏ အမည်၊ မိမိတို့၏ ဂုဏ်သိက္ခာ စောင့်ထိန်း ရေးသားပြောဆိုကြဖို့၊ ထင်ယောင်ထင်မှား သတင်း အချက်အလက်တွေကို ရေးသားသူ လူနည်းစု အနေဖြင့် မည်ကဲ့သို့ ရည်ရွယ် ချက်မျိုးဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင်ကို အားပေးကြသော မိဘပြည်သူများက သိရှိသော်လည်း ယင်းတို့၏ ဂုဏ်သိက္ခာအား ငဲ့ညှာ ထောက်ထားသော အားဖြင့် တိုက်တွန်းရေးသားလိုက်ခြင်း ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်