Friday, October 11, 2013

Review: iPhone 5S

Posted by drmyochit Friday, October 11, 2013, under | No comments



အားလုံး မျှော်လင့်စောင့်စား နေခဲ့ကြတဲ့ iPhone 5S အား Apple မှ စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အသစ်စက်စက် A7 ပရော်ဆက်ဆာ ၊ 64-Bit စနစ် ၊ iOS 7 ၊ လက်ဗွေ လုံခြုံရေးစနစ်နဲ့ အဆင့်မြင့် ကင်မရာအသစ်တို့ ပါဝင်လာတဲ့ iPhone 5S အကြမ်းဖျင်း လေ့လာကြည့်ရအောင် - 

iPhone 5S ကို လာမည့် စက်တင်ဘာ ၂၀ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ စတင်ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး ကြိုတင်မှာယူ နိုင်မည်ဖြစ်သည်။ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ထိပ်တန်း စမတ်ဖုန်း ဈေးကွက်မှာ Samsung Galaxy S4 ၊ HTC One နဲ့ Sony Xperia Z တို့ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် iPhone 5S ကို ထူးခြားတဲ့ လုပ်ဆောင်ချက်အသစ်များ ထည့်သွင်းဖန်တီး ပေးထားပါတယ်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

လက်ထဲမှာ ပထမဆုံးအကြိမ် ကိုင်ကြည့်လိုက်တဲ့အခါ iPhone 5S ဟာ iPhone 5 နဲ့ ကွာခြားခြင်း မရှိပါဘူး။ အထူ ၇.၆ မမ နဲ့ အလေးချိန် ၁၁၂ ဂရမ်သာရှိတဲ့ ဒီဖုန်းဟာ ထိပ်တန်းဖုန်းအဖြစ် ဆက်လက် ရပ်တည်နေမှာ သေချာပါတယ်။ iPhone 5S ကို အာကာသမီးခိုး (Space Gray) ရွှေရောင်(Gold) နဲ့ ငွေရောင် (Silver) များနဲ့ ထုတ်လုပ်ထားပြီး 16GB 32 GB နဲ့ 64GB ဟူပြီး မော်ဒယ်ကွဲပြားမည်ဖြစ်ကာ ဈေးနှုန်းများကတော့ ဒေါ်လာ ၆၄၉၊ ၇၄၉ နဲ့ ၈၄၉ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ 

အလေးချိန်အားဖြင့် iPhone 5 နဲ့ တူညီပြီး အဓိကပြိုင်ဖက် စမတ်ဖုန်းများထက် ပေါ့ပါးနေပါတယ်။ ဒါဟာ အရွယ်အစားကြောင့် ဆိုလည်း မမှားပါဘူး။ Apple ရဲ့ ထုံးစံအတိုင်း ဒီဖုန်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ ပြောစရာမရှိအောင် အပြစ်အနာအစာကင်းပြီး ကောင်းမွန်လှပါတယ်။ 

iPhone 5S ရဲ့ Home Button ဟာ အရင်ကထက်စာရင် သိသာစွာ ခွက်ဝင်နေခြင်း မရှိတော့ပါဘူး။ လက်ဗွေလုံခြုံရေး စနစ် (Touch ID Sensor) အဖြစ် အသုံးပြုနိုင်ဖို့လည်း အခုလို ပြုပြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ခလုတ်များဟာ ယခင်နေရာများမှာပဲ ရှိနေပြီး iPhone 5 နဲ့ ယှဉ်လိုက်ရင် သိသိသာသာ ကွဲပြားမှုဆိုလို့ ဖုန်းအနောက်ခြမ်းမှ ကင်မရာ Flash နဲ့ Home Button တို့ပဲ ဖြစ်ပါတယ်။ 

လုပ်ဆောင်ချက်များ

5S ရဲ့ အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ လက်ဗွေလုံခြုံရေးစနစ် (သို့) Touch ID Sensor ပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ လုံခြုံရေးသာမက အွန်လိုင်း၌ ဈေးဝယ်ခြင်း ၊ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုများ ပြုလုပ်ခြင်းတို့၏ အနာဂတ်အသစ်အား ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ 

နောက်ထူးခြားချက် တစ်ခုကတော့ ကင်မရာပဲဖြစ်ပါတယ်။ ယခုဖုန်းမှာ တပ်ဆင်ပေးထားတဲ့ အဆင့်မြင့် 8 megapixel 1.5µ pixel f/2.2 aoerture နှင့် ၁၅ ရာခိုင်နှုန်း ပိုကြီးသည့် Sensor ပါရှိတဲ့ iSight ကင်မရာဟာ ဗီဒီယို ရိုက်ကူးရာမှာလည်း 720p HD ပုံထွက်နှုန်းနဲ့ 120fps အထိ အနှေးရိုက်ကွက်တွေ ရိုက်ကူးနိုင်တာကို တွေ့ရှိရပါတယ်။ 

လက်တွေ့စမ်းသပ်မှုအရလည်း ဤဖုန်းဟာ iPhone 5 နဲ့ iPhone 5C တို့ထက် သိသာစွာ ပိုမိုကြည် လင်ပြတ်သားတဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ သို့သော်လည်း Nokia Lumia 1020 ရဲ့ 41 MP ကင်မရာကို ဘယ်လိုမှ ယှဉ်လို့မရသလို HTC One ရဲ့ 4 MP ultra-pixel ကင်မရာနဲ့ တန်းတူသာ ကျနေပါတယ်။ 

ဖုန်းရဲ့ရှေ့ဖက်က Facetime ကင်မရာကတော့ 1.2 MP ပုံထွက်နှုန်းရှိပြီး 720p HD ဗီဒီယို အရည်အသွေး ထွက်ရှိမှာ ဖြစ်ပါတယ်။ 

မျက်နှာပြင်

iPhone 5S ရဲ့ မျက်နှာပြင် အရွယ်အစားဟာ iPhone 5 နဲ့ အတူတူပါပဲ။ Retina မျက်နှာပြင်ကိုပဲ ဆက်လက် အသုံးပြုထားပြီး 1136 x 640 မျက်နှာပြင်မှာ ပုံထွက်သိပ်သည်းဆ 326 ppi ရရှိမှာ ဖြစ်ပါတယ်။ အသွင်သစ်၊ အမြင်သစ်နဲ့ iOS 7 ဟာ iPhone 5S ရဲ့ မျက်နှာပြင်ပေါ်မှာ ကြည့်လို့အလွန် ကောင်းလှပါတယ်။ Contrast လည်း ကောင်းမွန်မျှတပြီး အနက်ရောင်များကိုလည်း နက်မှောင်စွာ မြင်တွေ့နိုင်ပါတယ်။ HD ဗီဒီယိုနဲ့ ဓာတ်ပုံများကို ထူးထူးခြားခြား ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါတယ်။ 
ဒါပေမယ့် ပြိုင်ဖက် စမတ်ဖုန်းများဖြစ်တဲ့ Samsung Galaxy S4 (၅ လက်မ) ၊ HTC One (၄.၇ လက်မ) နှင့် Sony Xperia Z (၅ လက်မ) တို့နဲ့ ဘေးခြင်းယှဉ်လိုက်ရင်တော့ iPhone 5S ဟာ ညီအငယ်ဆုံးလေး အဖြစ်သာ ရှိနေပါလိမ့်မယ်။ 

စွမ်းဆောင်ရည်

ခန့်ညားလှပတဲ့ ကိုယ်ထည်ရဲ့ အတွင်းပိုင်းမှာတော့ အသစ်စက်စက် A7 ပရော်ဆက်ဆာကို 64-bit architecture နဲ့ ပေါင်းစပ် ဖန်တီးထားပါတယ်။ Apple ရဲ့ အဆိုအရတော့ ဂရပ်ဖစ်နဲ့ အမြန်နှုန်းမှာ ၂ ဆ သာလွန်ကောင်းမွန်တယ်လို့ သိရပါတယ်။ 

လက်တွေ့မှာလည်း iOS 7 မှာ လျင်မြန်သွက်လက်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့ပြီး app များဖွင့်ခြင်း၊ ဗီဒီယို streaming လုပ်ခြင်း ၊ ဓာတ်ပုံပြုပြင်ခြင်းတို့ကို ပြုလုပ်စမ်းသပ်ကြည့်ရာမှာ iPhone 5 ထက် သာလွန်ခဲ့ပါတယ်။ အထူးသဖြင့် iPhone 4S ကနေ 5S ကို တန်းပြီး ကူးပြောင်းမယ်ဆိုရင်တော့ ထူးထူးခြားခြား သိသာပါလိမ့်မယ်။ 

Game ကစားကြည့်ရာမှာလည်း အထစ်အငေါ့ တစ်စုံတစ်ရာ မရှိခဲ့သလို ဂရပ်ဖစ်များဟာလည်း အံ့မခန်း ပါပဲ။ ဒီအမြန်နှုန်းနဲ့ စွမ်းရည်တွေ ရှိနေတဲ့ iPhone 5S အတွက် ဘယ်လို app တွေများ ထွက်လာမလဲ ဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။ 

ဘက္ကထရီ

Apple ရဲ့ အဆိုအရတော့ 3G နဲ့ဆိုရင် talk time ၁၀ နာရီ ရရှိမယ်လို့ သိရှိရပါတယ်။ အသင့် အနေအထားမှာ နာရီ ၂၅၀ ကြာ ရပ်တည်နေနိုင်ပြီး LTE (သို့) Wi-Fi နဲ့ အင်တာနက် သုံးမယ်ဆိုရင်လည်း ၁၀ နာရီ ရရှိမယ်လို့ ဆိုပြန်ပါတယ်။ သီချင်းနာထောင်ရုံ သီးသန့်ဆိုရင်တော့ နာရီ ၄၀ အထိ ရရှိမယ်လို့ သိရပါတယ်။ 

နိဂုံး

iPhone 5S ဟာ ပုံသဏ္ဍာန်အားဖြင့် iPhone 5 နဲ့ သိသာစွာ ကွာခြားခြင်း မရှိပါဘူး။ ဒါပေမယ့် စွမ်းဆောင် ရည်နဲ့ လုပ်ဆောင်ချက်များ အပိုင်းမှာတော့ သိသာတဲ့ ပြောင်းလဲမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ထား ခဲ့ပါတယ်။ 

ဒါပေမယ့် လက်ရှိ စမတ်ဖုန်းဈေးကွက်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းနေပြီး Samsung ၊ HTC ၊ Sony နဲ့ Nokia တို့ဟာ အလွန်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလျက် ရှိနေပါတယ်။ 

iPhone 5S အနေနဲ့ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ရရှိမှာ ဖြစ်ပေမယ့် ပြိုင်ဖက်များကို အလဲထိုးဖို့တော့ မဖြစ်နိုင်သေးပါဘူး။ 

iPhone ရဲ့ အမာခံ ပရိသတ်များ အနေနဲ့ကတော့ 5S ကို ဆက်လက်ပြီး ဝယ်ယူသွားဖို့ ရှိနေပါတယ်။ အထူးသဖြင့် iPhone 4S ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်သူများ အနေနဲ့ ဝယ်ယူသင့်တဲ့ ဖုန်းပဲ ဖြစ်ပါတယ်။ iOS 7 ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်