Friday, October 11, 2013

TV Show တစ်ခုမှာ ရင်ညွန့် ဖော်ပြပြီး အစီအစဉ်တင်ဆက်ခဲ့သည့် မိန်းမတစ်ယောက် အလုပ်ထုတ်ခံရ

Posted by drmyochit Friday, October 11, 2013, under | No comments


တူရကီ နိုင်ငံတွင် ရင်ညွန့်အထက်ပိုင်းကို အတန်ငယ် ဖော်ပြထားသည့် ဝတ်စုံဖြင့် TV Show တစ်ခုတွင် ပါဝင်ခဲ့သည့် အစီအစဉ် တင်ဆက်သူ အမျိုးသမီး တစ်ဦးသည် အာဏာရ ပါတီ၏ ဖိအားပေးမှုကြောင့် အလုပ်ထုတ်ခံလိုက်ရကြောင်း သိရှိရသည်။ ဂေါ့ဇ်ဒီကန်ဆူ ကြုံတွေ့ရသော ပြဿနာသည် တူရကီတွင် အငြင်းပွားဖွယ် အခြေအနေများ ဖြစ်ပေါ်လာသလို ပါတီ၏ လုပ်ရပ်ကို ထောက်ခံသူများရော၊ ရှုတ်ချသူများပါ ရှိလာခဲ့သည်။ ကန်ဆူသည် Veliahtတွင် ရင်ညွန့်တစ်ဝိုက်ကို လှစ်ဟထားသည့် အနက်ရောင် အင်္ကျီကို ဝတ်ဆင်လျှက် အစီအစဉ်၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အာဏာရ တရားမျှတမှုနှင့် ဖွံ့ဖြိုးမှု ပါတီ၏ ပြောရေးဆိုခွင့်ရ အရာရှိ ဟူဆန်ယင်ဆီလက်ခ်က ကန်ဆူ၏ အဝတ်အစားသည် အလွန်အကျွံ လျှပ်ပေါ်လော်လီလွန်းကြောင်း ဝေဖန်ခဲ့သည်။

ကန်ဆူသည် အစောပိုင်းက ယင်းအခြေအနေနှင့် ပတ်သက်ပြီး မှတ်ချက်ရေရေရာရာ မပေးခဲ့သော်လည်း နောက်ပိုင်းတွင် အလုပ်ဖြုတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ ဆီလက်ခ်က "ကျွန်တော်တို့က သူတစ်ပါး ကိစ္စကို နေရာတကာ ဝင်ပါနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ခုဟာ လွန်လွန်းအား ကြီးသွားပြီ။ လုံးဝ လက်ခံလို့ မရပါဘူး"ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် အစီအစဉ် တင်ဆက်သူများက ကန်ဆူနှင့် တွေ့ဆုံ စကားပြောခဲ့ပြီးနောက် လာမည့်သီတင်းပတ်များတွင် ဆက်လက်ပါဝင်ရန် မလိုတော့ဟု အသိပေးခဲ့သည်။

အစောပိုင်းက ကန်ဆူသည် အစီအစဉ်တွင် မပါဝင်တော့ခြင်းသည် သူမ၏ အလုပ်များလွန်းသော အစီအစဉ်များကြောင့်ဟု ပြောဆိုခဲ့သော်လည်း ထို့နောက်တွင်မူ အလုပ်ပြုတ်သွားကြောင်း ဝန်ခံခဲ့သည်။ ကန်ဆူဘက်မှ ရပ်တည်သူများက ဆီလက်ခ်ကို ဝေဖန်ကြသော်လည်း ဆီလက်ခ်ကမူ မိမိအနေဖြင့် လူတစ်ဦးချင်း အခွင့်အရေးအရ ကိုယ်ပိုင်အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။ "TVကြည့်သူ တစ်ယောက်အနေနဲ့၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကျွန်တော့်အမြင်ကို ကျွန်တော် ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်က ဘယ်သူ့နာမည်ကိုမှ ထုတ်မပြောခဲ့ဘူး။ တစ်ယောက်ယောက်ကို စွပ်စွဲခဲ့တယ် ဆိုတာက မီဒီယာတွေ ကိစ္စပါ"ဟု ဆီလက်ခ်က Twitterတွင် ရေးသားထားသည်။

တရားမျှတမှုနှင့် ဖွံ့ဖြိုးမှု ပါတီကို AKPဆိုသော အတိုကောက် အမည်ဖြင့် လူသိများပြီး (၂၀၀၁)ခုနှစ်က အတန်ငယ် လက်ယာယိမ်းသည့် အလယ်အလတ်ဝါဒီ နိုင်ငံရေးသမားများက ဖွဲ့စည်းခဲ့သည်။ ပါတီ၏ နောက်ခံအခြေအနေအရ ရိုးရာယုံကြည်မှု အစ္စလာမ်ဝါဒ လွှမ်းမိုးသည့် အရိပ်လက္ခဏာများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာရေး အယူအဆများကို လုံးဝဖယ်ရှားပြီး ကွန်ဆာဗေးတစ် ဒီမိုကရေစီ ဝါဒကိုသာ ဦးစားပေး ရပ်တည်ကြောင်း ကြေညာထားသည်။ 
By Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်