Sunday, October 27, 2013

ငယ်စဉ်က အရိုက်ခံရသည့် ကလေးများ သာမန်ထက် ရန်လိုလေ့ရှိ

Posted by drmyochit Sunday, October 27, 2013, under | No comments

အသက်(၅)နှစ်မျှထိ မိဘ၏ အရိုက်အနှက်ကို ခံလာရသော ကလေးများသည် မူလတန်းအရွယ်တွင် စာသင်ကျောင်း၏ စည်းမျဉ်းများကို ချိုးဖောက်ရန် ဖြစ်နိုင်ခြေ ပိုများသလို သာမန်ထက်လည်း အတန်ငယ် ရန်လို ဒေါသထွက်တတ်ကြောင်း သုတေသန တွေ့ရှိချက်များက ဖော်ပြထား

ငယ်စဉ်က မိဘများ၏ အရိုက်အနှက်ကို ခံရလေ့ရှိသည့် ကလေးများသည် အတန်ငယ် အသက်ကြီး လာချိန်တွင် သာမန်ထက် ရန်လိုလေ့ရှိကြောင်း သုတေသီများက ပြောကြားလိုက်သည်။ အသက်(၅)နှစ် မျှထိ မိဘ၏ အရိုက်အနှက်ကို ခံလာရသော ကလေးများသည် မူလတန်းအရွယ်တွင် စာသင်ကျောင်း၏ စည်းမျဉ်း များကို ချိုးဖောက်ရန် ဖြစ်နိုင်ခြေ ပိုများသလို သာမန်ထက်လည်း အတန်ငယ် ရန်လို ဒေါသထွက် တတ်ကြောင်း သုတေသန တွေ့ရှိချက်များက ဖော်ပြထားသည်။ သုတေသီများက ကလေးများကို ရိုက်နှက် ဆုံးမခြင်း ထက် အချိန်ယူကာ မိမိလိုလားသည့် အနေအထားကို ညှိနှိုင်းသင်ပြပေးရန် မိဘများကို တိုက်တွန်း ခဲ့သည်။ တိကျစွာ လက်ဆုပ်လက်ကိုင် အထောက်အထား မပြနိုင်သည့်တိုင် အခြေခံ အကျဆုံး ယူဆ ချက် တစ်ခုအဖြစ် ကလေးများကို ရိုက်ခြင်းက ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ အမှားအယွင်း ဖြစ်စေနိုင် သည်ဟု ကောက်ချက်ဆွဲနိုင်ကြောင်း ဦးဆောင် သုတေသီ မိုက်ကယ် မက်ကန်ဇီက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ရှိ ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီများသည် (၁၉၉၈)ခုနှစ်မှ (၂၀၀၀)ပြည့်နှစ်ကြား မွေးဖွားခဲ့သည့် အမေရိကန် ကလေးငယ် (၁၉၀၀)၏ အမူအကျင့် မှတ်တမ်းများကို လေ့လာ ခဲ့ကြသည်။ ယင်းတို့သည် အမေရိကန်ရှိ မြို့ပေါင်း(၂၀)တွင် ပျံ့နှံ့နေထိုင်သည့် ကလေးများ ဖြစ်ကြ သည်။ ကလေးငယ်များ (၃)နှစ်မှ (၅)နှစ်အရွယ်အတွင်း မိဘများက ဆုံးမခဲ့သည့် ပုံစံနှင့် ကျောင်းနေစ အရွယ်တွင် ၎င်းတို့ ပြုမူကျင့်ကြံပုံများကို နှိုင်းယှဉ် လေ့လာခဲ့သည့်နောက် ငယ်စဉ်က အရိုက်ခံ ရသည့် ကလေးများသည် အတန်ငယ် ပိုမို၍ ရန်လိုပြီး စည်းကမ်းချိုးဖောက်မှုများလည်း ရှိတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

အသက်(၉)နှစ်အရွယ်တွင် ကလေးများ အနေဖြင့် စာလုံးပေါင်းသတ်ပုံ စမ်းသပ်ချက်များကို ပြုလုပ်တိုင်း ငယ်စဉ်က မိဘများ ရိုက်နှက် ဆုံးမထားသည့် ကလေးများက ပိုမို၍ အားနည်းတတ်ကြောင်းလည်း ဒေါက်တာ မက်ကန်ဇီက ဆိုသည်။ "တိကျတဲ့ ဆက်စပ်မှုကိုတော့ ကျွန်တော်တို့ ထုတ်မပြနိုင်ဘူး။ ဒါပေမဲ့ မိဘတွေက ကလေးတွေ ငယ်စဉ်မှာ ရိုက်နှက် ဆုံးမခဲ့တဲ့အခါ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုမှာ သာမန်ထက် နည်းနည်း ဘေးချော်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ (၉)နှစ် အရွယ်လောက်မှာ စမ်းသပ်ခဲ့တဲ့ ရလဒ်တွေအရ ငယ်ငယ်တုန်းက အရိုက်ခံခဲ့တဲ့ ကလေးတွေဟာ သာမန်ကလေးတွေ အမှတ်(၁၀၀)ရမယ့် မေးခွန်းမျိုးတွေအတွက် (၉၃)မှတ်လောက်ပဲ ရခဲ့ကြပါတယ်"ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။ မက်ကန်ဇီက "တကယ်လို့ ကလေးတစ်ယောက်က တခြားကလေးတစ်ယောက်ဆီက အရုပ်ကို လိုချင်တယ် ဆိုပါစို့။ မိဘတွေက သူတို့ကို ဘယ်လိုနားလည်အောင် ရှင်းပြမလဲ။ ဘယ်လို သွန်သင်မလဲ ဆိုတာက အရေးကြီးလာပါတယ်။ တကယ်တော့ ရိုက်နှက် ဆုံးမတဲ့ နည်းလမ်းက မလွှဲမရှောင်သာလွန်းမှ သုံးသင့်တယ်"ဟုလည်း ပြောကြားသွားသည်။

From: planet Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်