Sunday, October 27, 2013

သုဝဏ္ဏ အားကစားဝင်းအတွင်း အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး

Posted by drmyochit Sunday, October 27, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အားကစားဝင်းအတွင်း သီးပင်စားပင်များ စိုက် ပျိုးရောင်း ချသူ အမျိုးသမီးတစ်ဦးသည် စီးပွားရေး မပြေလည်သောကြောင့် အဆိပ်သောက်ကာ သေဆုံး ခဲ့မှု အောက် တိုဘာလ ၂၆ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ များက The Voice သို့ ပြောကြားသည်။

သေဆုံးသူ အသက် ၂၂ နှစ်အရွယ် မငြိမ်းသင်းမှာ သုဝဏ္ဏ အားကစားဝင်း အတွင်းတွင် စိုက်ပျိုးရေး လုပ် ငန်း လုပ်ကိုင်ကာ မိသားစု ငါးဦးနှင့်အတူ နေထိုင်ကြောင်း၊ ၎င်းတွင် အခြားသော လူမှုကိစ္စ ပြဿနာများ မကြား မိသောကြောင့် စီးပွားရေး အဆင်မပြေ၍ မိမိကိုယ်ကိုယ် သတ်သည်ဟု ယူဆရကြောင်း အဆိုပါ အားကစား ဝင်းတွင် သီးပင်စားပင်များ စိုက်ပျိုးရောင်းချနေသူ ဦးတင်မျိုးဝင်းက ဆိုသည်။

သေဆုံးသူ မိသားစုမှာ ယခင်က ရန်ကင်းမြို့နယ် ဘောက်ထော် မှတ်တမ်းရုံးတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လခန့်မှစ၍ သုဝဏ္ဏ အားကစားဝင်းအတွင်းသို့ ပြောင်းရွှေ့လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ယခုစိုက်ပျိုးနေသည့် နေရာမှာ မြေနိမ့်ပိုင်း ဖြစ်သဖြင့် မိုးရာသီတွင် ရေ ဝပ်သောကြောင့် စိုက်ပျိုးရန် ခက်ခဲ့သည့်အတွက် စီးပွားရေး မပြေလည်ကြောင်း ၎င်းက ထပ်မံပြောကြား သည်။

“အိမ်မှာလူတွေမရှိတုန်း ရွှေအင်ဒို ပိုးသတ်ဆေးကို သောက်လိုက်တာ။ သိသိချင်း တက္ကစီငှားပြီး လိုက်ပို့တာ ဘုရားလမ်းမှာ ကားတွေပိတ်နေလို့ စံပြဆေးရုံထိ လမ်းလျှောက်ပြီးသွားတာ အကောင်းကြီးပဲ ရှိသေးတယ်။ ဆေးရုံရောက်တော့ အဆိပ်တွေ ထုတ်နေရင်းနဲ့ နှလုံးရပ်ပြီး သေသွားတာ” ဟု သေဆုံးသူကို ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

၎င်းမသေဆုံးမီ မိသားစုများထံတွင် စီးပွားရေး မပြေလည်သည့် ကိစ္စရပ်နှင့် ပတ်သက်၍ မကြာခဏ ညည်း ညူလေ့ ရှိကြောင်း၊ သုဝဏ္ဏ အားကစားကွင်းတွင် Sea Games ပြိုင်ပွဲများ ကျင်းပမည် ဖြစ်သဖြင့် ၎င်းတို့ နေထိုင် သည့် နေအိမ်များ ပြောင်းရွှေ့ပေးရမည် ဖြစ်၍ စိတ်ဓာတ်ကျကာ ယင်းကဲ့သို့ မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်သည်ဟု ထင်ကြေး ပေးကြသူများလည်း ရှိကြောင်း အဆိုပါ ရပ်ကွက်မှ အုပ်ချုပ်ရေး မှူးဖြစ် သူ ဦးဇော်ဝင်းက ပြောကြားသည်။

“နေအိမ်တဲတွေကို ခေတ္တပြောင်းခိုင်းတာပါ။ အရင်စိုက်နေကျအတိုင်း ဆက်လုပ်ကိုင်လို့ ရပါတယ်။ Sea Games ပြီးရင် အရင်လို တဲထိုးပြီး ပြန်နေခွင့် ပေးထားပါတယ်” ဟု ၎င်းကထပ်မံ ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်း မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၁၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်