Sunday, October 27, 2013

မော်ဒယ်လ်နှင့်သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံခြင်း

Posted by drmyochit Sunday, October 27, 2013, under | No comments

ဗြိတိန်တွင် အခြေချ နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မော်ဒယ်လ်နှင့် သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံပြီး သူ၏ ပထမဆုံး တစ်ကိုယ်တော်စီးရီး New Me အကြောင်း၊ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သည့် Y Talk ကုမ္ပဏီအကြောင်း၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် သူ၏အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voiceး စမိုင်းလ်က အရင်တုန်းကဆို မော်ဒယ်လ်နဲ့ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ကျင်လည်ခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ အခါမှာတော့ တေးစီးရီးခွေကို အရင်စလုပ် ဖြစ်ပုံလေး ပြောပြပေးပါဦး။

SM : သရုပ်ဆောင် အလုပ်ကကျတော့ အချိန်ပေးပြီး လုပ်ရတာ ဖြစ်တဲ့အတွက် အစ်မရဲ့လက်ရှိ Life Style နဲ့ကျတော့ အဆင်မပြေဘူး။ အစ်မက စီးပွားရေးလည်း တစ်ဖက် လုပ်နေရတာ ဆိုတော့လေ။ ဒီသီချင်းဆိုတဲ့ အလုပ်ကကျတော့ ကိုယ်အားတဲ့ အချိန်လေးမှာ လုပ်လို့ရတယ်လေ။ နောက်ပြီး သီချင်းဆိုတာကလည်း ကိုယ်တိုင်ရူးသွပ်တဲ့ အနုပညာ အလုပ်တစ်ခု ဖြစ်တဲ့အတွက် လုပ်ဖြစ်တာပါ။

Voice : New Me စီးရီးမှာပါတဲ့ တေးရေးဆရာတွေနဲ့ သီချင်း အမျိုးအစားတွေကို ပြောပြပေးပါဦး။

SM : ဒီစီးရီးထဲမှာ တေးရေးဆရာတွေက ရွှေဂျော်ဂျော်၊ ကျားပေါက်၊ ဗီနိုထွန်း၊ ဖော်ကာနဲ့ ရေမွန် ပါတယ်။ သီချင်း အမျိုးအစားတွေကတော့ Pop-Rock, Punk-Rock တွေပေါ့။ ရော့ခ်ဂီတဘက် နွယ်တဲ့ သီချင်းပုံစံမျိုးတွေ ပါမယ်။

Voice : ဒီစီးရီးမှာ ရော့ခ်သီချင်းတွေကို ဘာကြောင့် ရွေးဆိုဖြစ်တာလဲ။

SM : အစ်မက နဂိုကတည်းက ဒီလို Music အမျိုးအစားကို ကြိုက်တာပါ။ နောက်ပြီး ကိုယ့်အသံနဲ့လည်း လိုက်မယ်၊ အဆင်လည်း ပြေမယ်ထင်လို့ လုပ်ခဲ့တာပါ။

Voice : New Me စီးရီးထဲမှာပါတဲ့ သီချင်းတွေက ဘယ်လို အကြောင်းအရာတွေကို ရေးဖွဲ့ထားတာလဲ။

SM : ဒီခွေထဲမှာ ထုံးစံအတိုင်း အချစ်သီချင်းတွေကတော့ များတာပေါ့နော်။ ထူးထူးခြားခြား အနေနဲ့ကတော့ အစ်မသမီးလေး အကြောင်းကို ဆိုထားတဲ့ သီချင်းတစ်ပုဒ် ပါတယ်။ သီချင်းနာမည်က သမီးလေးတဲ့။ ကိုဗီနိုထွန်း ရေးပေးထားတာပါ။ အစ်မသမီး အကြီးလေးကို မွေးခဲ့တုန်းက ခက်ခက်ခဲခဲ မွေးခဲ့ရပါတယ်။ အဲ့ဒီ အကြောင်းလေးကို ကိုဗီနိုထွန်းကို အစ်မကိုယ်တိုင် ပြောပြပြီး ရေးခိုင်းထားတာပါ။

Voice : ဒီစီးရီးက ကိုယ့်ရဲ့ပထမဆုံးစီးရီး ဖြစ်တဲ့အတွက် ဘယ်လိုအခက်တွေ ကြုံခဲ့ရလဲ။

SM : မော်ဒယ်လ်နဲ့ သရုပ်ဆောင် အလုပ်က အစ်မနဲ့ အကျွမ်းတဝင် ရှိပါတယ်။ သီချင်းကိုလည်း အစ်မကအပျော်ပဲ ဆိုဖူးတာပါ။ ကိုယ့်အသံကလည်း အသံလုံးကြီးတဲ့အတွက် ဘယ်သီချင်းကို ဘယ်လိုဆိုရမှန်း အစ်မ မသိဘူးပေါ့နော်။ အခက်အခဲတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အကုန်လုံးကလည်း သင်ပေးတယ်။ ပြောပြပေးကြတယ်။ အစ်မကိုယ်တိုင်လည်း လေ့ကျင့်ပြီး အကောင်းဆုံး ဖြစ်အောင်တော့ ဆိုထားပါတယ်။

Voice : ဒီစီးရီးကို ဖြန့်ချိမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
SM : ဒီစီးရီး Audio ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ စဖြန့်မယ်။ အဲဒီနေ့မှာပဲ တော်ဝင်စင်တာမှာ Promotion အစီအစဉ် ရှိပါတယ်။ MTV ကိုတော့ ၂၀၁၄ နှစ် စပိုင်းမှာထွက်ဖို့ စဉ်းစားထားပါတယ်။ MTV က ခြောက်ပုဒ် ကျော်ကျော်လောက် ရိုက်ပြီး သွားပါပြီ။

Voice : ပြည်ပမှာ အကြာကြီးနေပြီးမှ မြန်မာနိုင်ငံကို ဘယ်လိုကြောင့် ပြန်လာ ဖြစ်ခဲ့တာလဲ။

SM : ဒါကတော့ အစ်မတို့လည်း ဟိုမှာနေလာတာ ကြာပြီပေါ့နော်။ အစ်မ အမျိုးသားကလည်း ဒီကိုပြန်ပြီး စီးပွားရေး လုပ်ချင်တဲ့အတွက် မိသားစုလိုက် ပြောင်းလာပြီး ပြန်နေဖြစ်တာပါ။

Voice : စမိုင်းလ် ပြန်လာတဲ့အခါမှာ မြင်တွေ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကို ပြောပြပေးပါဦး။

SM : မြန်မာနိုင်ငံက တော်တော် ပြောင်းလဲလာပါတယ်။ စီးပွားရေးရော၊ လူမှုရေးရော ပေါ့နော်။ အစ်မတို့တုန်းကဆို စက်ပစ္စည်းပိုင်းက တိုးတက်မှုတွေ သိပ်မရှိသေးဘူး။ အခုဆို အစစ အရာရာ ခေတ်မီ တိုးတက်လာတဲ့အတွက် အစ်မကတော့ အားရပါတယ်။

Voice : စီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ Y Talk ကို တည်ထောင်ဖို့ စတင် စိတ်ကူးဖြစ်ပုံလေး ပြောပြပေးပါဦး။

SM : အစ်မ နိုင်ငံခြားမှာ ရောက်နေတုန်းကဆို မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အစ်မအမေက အစ်မကို အမြဲတမ်း ဖုန်းဆက်ချင်တယ်။ ဒါကတော့ သူသူကိုယ်ကိုယ်ပေါ့နော်။ ဒါပေမဲ့ အားလုံး သိတဲ့အတိုင်း ဒီကနေ နိုင်ငံခြားကို ဖုန်းဆက်ဖို့ကလည်း ဈေးအရမ်းကြီးတယ်လေ။ ကိုယ့်နိုင်ငံသားတွေ အဆင်ပြေအောင် ဒီလုပ်ငန်းလေး ထောင်ဖို့ အစ်မတို့ စဉ်းစားဖြစ်တယ်။ အစ်မ အမျိုးသားကလည်း ဒီ Telecom ပိုင်းကို လုပ်နေတာ ဆိုတော့လေ ကိုယ်ချည်းပဲ အဆင်ပြေဖို့ တစ်ခုတည်းကြောင့် လုပ်ခဲ့တာ မဟုတ်ပါဘူး။

Voice : မလေးရှားနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ခဲ့တုန်းက ပြည်ပရောက် မြန်မာလူမျိုးတွေကို အိမ်နဲ့အခမဲ့ ဖုန်းခေါ်ဆိုနိုင်ဖို့ Y Talk ကလုပ်ဆောင် ပေးခဲ့တယ်နော်။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ လုပ်ပေးဖြစ်ခဲ့တာလဲ။

SM: စီးပွားရေးသမား အများစုကတော့ ကိုယ့်အကျိုးကိုပဲ ကြည့်ကြတာပေါ့ နော်။ အစ်မတို့ကတော့ စီးပွားရေး သက်သက်အတွက် တည်ထောင်ထားတဲ့ လုပ်ငန်း မဟုတ်တဲ့အတွက် လူသားချင်း ကိုယ်ချင်းစာတယ်။ မလေးရှားမှာ ကိုယ့်မိသားစုဝင်တွေထဲက တစ်ယောက်သာ ရှိနေခဲ့ရင်ဆိုတဲ့ စိတ်နဲ့ ကိုယ်တတ်နိုင်သမျှလေး လုပ်ပေးတာပါ။ အစ်မတို့က အရမ်းကြီး ချမ်းသာနေ လို့တော့ မဟုတ်ပါဘူး။ ဆီးဂိမ်း ဆိုရင်လည်း အစ်မတို့ နိုင်ငံရဲ့ Communication က အဆင်မပြေဘူးဆိုတာ လူတိုင်းသိတယ်။ ဖုန်းဆက်ရတာ အဆင်မပြေဘူးဆိုတဲ့ အချက်က နိုင်ငံခြားသားတွေရဲ့ ခေါင်းထဲမှာ စွဲနေတယ်။ အဲဒါတွေကို မခံချင်တဲ့အတွက် ဘယ်နိုင်ငံ ဆီးဂိမ်းမှာမှ မရှိဖူးတဲ့ Free Call တွေ ပေးဆက်ဖို့ လုပ်ထားတယ်။ ဒီလိုလုပ်ပေးခြင်း အားဖြင့် ကိုယ့်တိုင်းပြည်ရဲ့ ဂုဏ်ကို မြင့်တက်စေသလို အစ်မတို့ ကုမ္ပဏီလေးကိုပါ တစ်ခါတည်း ကြော်ငြာပြီးသား ဖြစ်သွား တာပေါ့။

Voice : Y Talk လုပ်ငန်းကို တည်ထောင်တဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေ တွေ့ခဲ့ရလဲ။

SM : အစ်မတို့ Y Talk ကို စလုပ်တုန်းကဆို အင်တာနက်ကို အဓိက အားထားပြီး လုပ်ရတာ ဖြစ်တဲ့အတွက် မြန်မာပြည် အင်တာနက်ကလည်း သိတဲ့အတိုင်းပဲ ကျသွားတဲ့ အချိန်လည်း ရှိပါတယ်။ အဲဒီအခါကျတော့ Customer တွေလည်း ဒုက္ခရောက်တယ်။ အစ်မတို့လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခုနောက်ပိုင်း အစ်မတို့ လုပ်ထားတဲ့ ဟာလေးကတော့ အင်တာနက်မလိုဘဲ အသုံးပြုလို့ ရတဲ့အတွက် တော်တော်လေး အဆင်ပြေလာပါပြီ။

Voice : မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်လောကက အခုဆို မော်ဒယ်လ်တွေ အတွက် အခွင့်အလမ်းတွေ အရမ်းများလာတယ်။ မော်ဒယ်လ် လုပ်ခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ဒီပြောင်းလဲမှုတွေအပေါ် စမိုင်းလ် အမြင်ကို ပြောပြပေးပါဦး။

SM: ပြောင်းလဲလာတဲ့ အခြေအနေတွေကို အစ်မ ဝမ်းသာပါတယ်။ အစ်မ တို့တုန်းကတော့ မော်ဒယ်လ်လောကက လူလည်းနည်းတယ်။ တချို့လူတွေက မော်ဒယ်လ်ဆိုရင် အထင်အမြင် သေးကြတာတွေ ရှိတယ်။ အခုလို အခွင့်အလမ်းတွေ များလာတာ မော်ဒယ်လ်တွေ အတွက် ကောင်းတယ်။ တချို့ဟာလေးတွေတော့ ပြင်ဆင်ဖို့ ရှိသေးတာပေါ့နော်။ သူတို့ စာရိတ္တပိုင်းတွေ၊ နောက်ပြီး မော်ဒယ်လ်လောကကို ခုတုံးတစ်ခု အနေနဲ့ လုပ်စားတာမျိုးကိုတော့ အစ်မ မကြိုက်ဘူး။ ဒါပေမဲ့ ဘယ်လောကမှာမဆို အကောင်းနဲ့အဆိုးကတော့ ဒွန်တွဲနေမှာပါ။

Voice : New Me စီးရီးမှာ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဘယ်နှပုဒ်စီပါလဲ။

SM : ဒီစီးရီးမှာက တစ်ခွေလုံး ကိုယ်ပိုင် သံစဉ်တွေချည်းပါပဲ။ ဒီလောက် တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကော်ပီကတော့ မဆိုသင့်တော့ပါဘူး။ Copy ကျတော့ သူများဆိုထားတဲ့ သီချင်းနဲ့ တိုက်နေတာမျိုး ဖြစ်မှာစိုးတယ်။ နိုင်ငံခြားမှာ ရှိုးတွေ ဆိုမယ်ဆိုလည်း ကိုယ့်သီချင်းက ကိုယ်ပိုင်သံစဉ် ဖြစ်တဲ့အတွက် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ ချပြနိုင်တာပေါ့နော်။

Voice : ဒီစီးရီးနဲ့ ပတ်သက်ပြီး စမိုင်းလ်ဘက်က ပြောချင်တာရှိရင် ပြောပြပေးပါဦး။

SM : ဒီစီးရီးက အစ်မရဲ့ ပထမဆုံးစီးရီး ဖြစ်တဲ့အတွက် အရမ်းကို ရင်ခုန်နေပါတယ်။ တော်တော်လေးလည်း မျှော်လင့်ထားပါတယ်။ ပရိသတ်ကြီးဘက်ကလည်း အစ်မရဲ့စီးရီးလေးကို နားထောင်ပြီး ဝေဖန် အကြံပေးကြပါလို့ ပြောချင်ပါတယ်။

သန့်ဇင်ဦး
The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်