Monday, November 11, 2013

တေးသံရှင် အိမ့်ချစ်နှင့်တွေ့ဆုံခြင်း

Posted by drmyochit Monday, November 11, 2013, under | No comments


အချစ်ရေး’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စတင် ဖြန့်ချိတော့မည့် တေးသံရှင် အိမ့်ချစ်နှင့် တွေ့ဆုံ၍ အဆိုပါ တေးစီးရီးအကြောင်း၊ သူရေးသား ထားသော သီချင်းများ အကြောင်းနှင့် လတ်တလော အနုပညာ လှုပ်ရှားမှုများကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ ‘အချစ်ရေး’ စီးရီးကို အိမ့်ချစ် အချိန်ဘယ်လောက်ယူပြီး လုပ်ခဲ့ရလဲ။

EC ။ ။ ဒီစီးရီးကို ညီမ တစ်နှစ်လောက် အချိန်ယူပြီး လုပ်ခဲ့ရပါတယ်။ ဒီအခွေကို ညီမ ပထမဆုံး စီးရီးဖြစ်တဲ့ ကိုယ်တိုင်ရေးပုံတူ ဗီစီဒီထွက်ပြီးမှ လုပ်ဖြစ်တာပါ။

Voice ။ ။ စီးရီးထဲမှာ ပါဝင်ရေးသား ပေးထားတဲ့ တေးရေး ဆရာတွေနဲ့ သီချင်း အမျိုးအစားတွေကို ပြောပြပေးပါဦး။

EC ။ ။ ဒီစီးရီးထဲမှာ သီချင်းအားလုံးပေါင်း ၁၂ ပုဒ်ပါပါတယ်။ သီချင်းအမျိုး အစားတွေကတော့ Pop နဲ့ R&B ပုံစံလေးတွေပါ။ တေးရေးဆရာတွေကတော့ နောင်နောင် (Sun Flowers)၊ SP၊ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်း၊ ဘန်နီဖြိုး၊ ရော်ဂျီ၊ သားကြီး၊ သားသား၊ စိုင်းစိုင်းခမ်းလှိုင်၊ ပိုင်ပိုင်၊ Bobby Soxer နဲ့ အိမ့်ချစ်ကိုယ်တိုင် ရေးထားတာ လေးပုဒ်လောက်ပါတယ်။

Voice ။ ။ အိမ့်ချစ် ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေအကြောင်း ပြောပြပေးပါဦး။

EC ။ ။ စီးရီး Title သီချင်း ‘အချစ်ရေး’ ကို အိမ့်ချစ်နဲ့ ဘန်နီဖြိုး ပေါင်းရေးထားတယ်။ အိမ့်ချစ်က သီချင်း အကြောင်းအရာပိုင်းကို စဉ်းစားတယ်။ ဘန်နီဖြိုးက သံစဉ်ပိုင်းကို စဉ်းစားပေးတယ်။ နောက်တစ်ပုဒ်က ညီမရယ်၊ ဖေကြီးရယ်၊ မောင်လေးရယ် သုံးယောက် ဆိုထားတဲ့ ‘တို့ရဲ့ည’ ဆိုတဲ့ သီချင်းလေး။ သားအဖသုံးယောက် ညဘက် အပြင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ကြတဲ့ အကြောင်းလေးကို ရေးထားတာပါ။ နောက်ထပ် အပြစ်ရှိသူဆိုတဲ့ သီချင်းနဲ့ ဘန်နီဖြိုးနဲ့ စုံတွဲဆိုထားတဲ့ ထပ်တူညီသောဆိုတဲ့ သီချင်းလေးကိုလည်း အိမ့်ချစ် ရေးထားတယ်။

Voice ။ ။ စီးရီး Title အဖြစ် ‘အချစ်ရေး’ ကို ရွေးဖြစ်တာက ဘာကြောင့်လဲ။

EC ။ ။ အိမ့်ချစ်က ကိုယ့်ရဲ့စီးရီး Title လေးကို လူတွေအရမ်း စိတ်ဝင်စားစေချင်တယ်။ ဘာမှမထူးခြားဘဲနဲ့ ပေးတဲ့ ခေါင်းစဉ်မျိုး မဖြစ်စေချင်ဘူး။ ကြားလိုက်တာနဲ့ လူ စိတ်ဝင်စား စေချင်တယ်။ စီးရီးတစ်ခွေလုံး ပြီးနေပြီ။ စီးရီး Title အတွက် သီချင်းတစ်ပုဒ်ပဲ ချန်ထားတာ။ ခေါင်းစဉ်ကို စဉ်းစားလို့ရမှ ဒီသီချင်းကို ရေးမယ်လို့ နောက်ဆုံး စဉ်းစားရင်းနဲ့ အချစ်ရေးဆိုတဲ့ ခေါင်းစဉ်လေးကို တွေးမိသွားတယ်။ အိမ့်ချစ်ကိုဆို ရည်းစားရှိတယ်လို့ အသံမကြားဘူးပေါ့။ အချစ်ရေးလေး ပြောပြပေးပါဆိုပြီး ဂျာနယ်တွေက အရမ်းမေးကြတယ်။ သီချင်း အကြောင်းအရာ လေးကလည်း အချစ်ရေးလို့ မေးလာရင် ဘယ်လိုဖြေရမှာလဲ၊ မဖြေတတ်ဘူးပေါ့။ အနုပညာရှင် တော်တော်များများ ဖြေကြသလို အင်းဒီလိုပါပဲဆိုပြီး ပြန်ဖြေတဲ့ ပုံစံမျိုးလေး ရေးထားတယ်။

Voice ။ ။ ဒါကတော့ သီချင်းအဖြစ် ရေးထားတာပေါ့။ လက်တွေ့ဘဝမှာ အိမ့်ချစ်ရဲ့ အချစ်ရေးကရော။

EC ။ ။ မီဒီယာတွေက အိမ့်ချစ်ရဲ့ အချစ်ရေးကို မေးလာခဲ့ရင် ရှိပါတယ်လို့လည်း မဖြေဘူး၊ မရှိပါဘူးလို့လည်း မငြင်းဘူး။ အသက် ၂၃ နှစ်မှာ ရည်းစားမရှိပါဘူးလို့ ပြောရင် ဘယ်သူက ယုံမှာလဲနော်။ ဒါပေမဲ့ ကိုယ့်အတွက် ဘဝလက်တွဲဖော်ဖြစ်ဖို့ မသေချာသေးတဲ့ လူကို စာမျက်နှာတွေ ပေါ်မှာ မဖြေချင်ဘူး။ သေချာတဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပြီးတဲ့ အချိန်မှ အိမ့်ချစ် ဖြေချင်တယ်။

Voice ။ ။ အချစ်ဆိုတဲ့ အရာအပေါ်မှာ အိမ့်ချစ် ခံစားမိသလောက် ပြောပြပေးပါဦး။

EC ။ ။ ညီမဘဝနာခဲ့တဲ့ လူမို့လို့လား မသိဘူး အချစ်ဆိုတာ ဘဝလောက် အရေးမကြီးဘူးလို့ ခံစားရတယ်။ အချစ်ကြောင့် ခံစားရတဲ့ လူတွေကို ညီမအများကြီး တွေ့ဖူးတယ်။ အနီးစပ်ဆုံး ပြရရင်တော့ ကိုယ့်မိဘပေါ့။ အဲဒီလိုတွေ တွေ့နေရတော့ အချစ်ဆိုတာကို သိပ်အယုံအကြည် မရှိချင်ဘူး။ ညီမက နည်းနည်း လက်တွေ့ဆန်တယ်။ အရမ်းစိတ်ကူး ယဉ်တတ်တဲ့ လူငယ်တွေ ထဲမှာတော့ မပါဘူး။

Voice ။ ။ ဒီစီးရီးနဲ့ ပတ်သက်ပြီး ဦးချစ်ကောင်းကရော အိမ့်ချစ်ကို ဘယ်လို အကြံဉာဏ်တွေ ပေးသေးလဲ။

EC ။ ။ အနုပညာလောကမှာ ညီမရဲ့ ပထမဆုံး သင်ဆရာက အဖေပါ။ မြင်ဆရာကလည်း အဖေပါပဲ။ အဖေက သူ့ရဲ့ အနုပညာအမွေ လက်ဆင့်ကမ်းခဲ့လို့ ညီမ ဒီအလုပ်ကို လုပ်ခွင့်ရတာပါ။ အခုချိန်မှာ ညီမကိုသူ Guidelines ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ မွေးကတည်းက သူ့ကို မြင်လာရတဲ့ ညီမမှာ သူ့ရဲ့အနုပညာ စိတ်ကူးတွေ၊ တီထွင် ဖန်တီးမှုတွေက ပါပြီးသား ဖြစ်တဲ့အတွက် အထူးတလည် သင်ပေးစရာ မလိုတော့ပါဘူး။

Voice ။ ။ အခုဆို ဒုတိယတစ်ကိုယ် တော်စီးရီး ‘အချစ်ရေး’ ကို ဖြန့်ချိနိုင်တော့မယ်။ စီးရီးတစ်ခွေ ထွက်ပြီးတိုင်း အိမ့်ချစ် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်သုံးသပ်မိလဲ။

EC ။ ။ ဒီစီးရီးလုပ်တဲ့ အခါမှာတော့ အရင်စီးရီးထက်စာရင် အိမ့်ချစ် အများကြီး အတွေ့အကြုံတွေ ရလာတယ်။ ပိုလုပ်တတ်လာတယ်။ နောက်ပြီး Music အမျိုးအစားအစုံတွေ လျှောက်မထည့်တော့ဘူး။ ညီမနဲ့လိုက်တဲ့ Pop လေးတွေ၊ ချစ်စရာကောင်းတဲ့ သီချင်းပုံစံလေးတွေပဲ ပါတယ်။ အရမ်းကြီး ပညာပြပြီးဆိုထားတဲ့ သီချင်းမျိုးတွေ မထည့်ထားတော့ဘူး။ ညီမနဲ့ လိုက်တဲ့ Pop လေးတွေ၊ R & B လေးတွေပဲ ထည့်ထားတော့တယ်။

Voice ။ ။ ဒီစီးရီးထဲမှာပါတဲ့ သီချင်းတွေက ဘယ်လို အကြောင်းအရာ တွေကို ရေးဖွဲ့ထားတာလဲ။

EC ။ ။ ဒီစီးရီးမှာ အချစ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်အောင် အချစ်အကြောင်းတွေ၊ အသည်းကွဲတဲ့ အကြောင်းတွေပါတယ်။ ဘဝအကြောင်းတွေ မပါဘူး။

Voice ။ ။ စီးရီးတစ်ခွေလုံးမှာ အိမ့်ချစ်ကိုယ်တိုင်လည်း အားရပြီး ပရိသတ်လည်း ကြိုက်နိုင်မယ့် သီချင်းက ဘယ်သီချင်း ဖြစ်မလဲ။

EC ။ ။ ညီမအားအရဆုံး သီချင်းကတော့ ‘အချစ်ရေး’ ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းရဲ့ စာသားလေးတွေနဲ့ သံစဉ်ကို ညီမ အားရတယ်။ နားထောင်ရတဲ့ ပရိသတ်တွေ အတွက်လည်း အမြင်ဆန်းမှာပါ။ ဒီစီးရီးမှာပါတဲ့ သီချင်းတွေအားလုံးက သီချင်းကောင်းကောင်းလေး တွေကို ဖုန်းထဲထည့်ပြီး နားကြပ်နဲ့ နားထောင်ချင်တဲ့ ပရိသတ်တွေ အတွက်တော့ အဆင်ပြေမှာပါ။

Voice ။ ။ ရန်ကုန်မှာလုပ်တဲ့ ရှိုးပွဲ တော်တော်များများမှာ အိမ့်ချစ်ကို တွေ့ရတယ်။ ဒီလိုပွဲတွေမှာ ကိုယ့်ရဲ့ဖျော်ဖြေ တင်ဆက်မှုပိုင်းကို ထူးခြားအောင် ဘယ်လို ပြင်ဆင်ဖြစ်လဲ။

EC ။ ။ ဒီခေတ်၊ ဒီအခါမှာ အနုပညာ အလုပ်လုပ်တဲ့သူက ကိုယ့်ရဲ့ဖျော်ဖြေ တင်ဆက်မှုပိုင်း အတွက် အရမ်းကြိုးစားလာတဲ့ အချိန်မှာ ကိုယ်လည်းသူတို့နဲ့ အပြိုင် လိုက်လုပ်နိုင်မှ တော်ကာကျမယ်။ ပွဲတစ်ပွဲမှာဆိုဖို့ လက်ခံပြီးပြီဆိုရင် ငါဘယ်လို သီချင်းကို ဆိုမလဲ။ ဘယ်လို ဝတ်စားဆင်ယင်မလဲ။ ပရိသတ်ကိုယ့်ကို စိတ်ဝင်စားအောင် ဘယ်လို Performance တွေ လုပ်မလဲ။ ထောင့်စေ့အောင် စဉ်းစားရတယ်။

Voice ။ ။ သီချင်းတွေကို အိမ့်ချစ် ဘယ်အချိန်ကစပြီး ရေးဖြစ်ခဲ့တာလဲ။

EC ။ ။ ညီမ ခုနစ်တန်းလောက်ကစပြီး သီချင်း ရေးဖြစ်တယ်ရှင့်။ စာအုပ်တွေထဲမှာ သီချင်းစာသားတွေ ခိုးခိုးရေးတယ်။ အိမ်ကဆို ရည်းစားစာတွေ မှတ်လို့ အမြဲတမ်း အဆူခံရတယ်။ အဲ့ဒီအရွယ် ကတည်းက ဝါသနာပါတာပါ။ အိမ့်ချစ် ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေကို ကိုယ်တိုင်လည်း ဆိုဖြစ်သလို သူများတွေကိုလည်း ရောင်းဖြစ်တယ်။ သဇင့်စီးရီးထဲမှာ အိမ့်ချစ်ရေးထားတဲ့ သီချင်းသုံးပုဒ် ပါဖူးတယ်။ ဂျင်းနီကိုလည်း အိမ့်ချစ် ရေးပေးဖူးတယ်။

Voice ။ ။ သီချင်းတွေ ရေးတဲ့အခါ အကြောင်းအရာပိုင်းအတွက် ဘယ်လိုစဉ်းစားလဲ။

EC ။ ။ သီချင်းတွေ ရေးတဲ့အခါ ကိုယ့်ခံစားချက်ကိုပဲ ဦးတည်ပြီး ရေးမယ်ဆိုရင် ကိုယ့်အကြောင်းတွေပဲ ဖြစ်နေမှာပေါ့နော်။ တေးရေးဆရာ ဦးရွှေဂျော်ဂျော် ပြောဖူးတဲ့ စကားရှိတယ်။ တေးရေးဆရာ ဆိုတာတဲ့ သူများခံစားချက်ကိုလည်း အငှားခံစားပြီး ရေးရတယ်တဲ့။ ညီမ အဲ့ဒီစကားကို လက်ကိုင်ထားပြီး သူများရဲ့ ခံစားချက်ကိုလည်း သူ့နေရာကနေ ဝင်ခံစားပြီး ရေးတယ်။ ကိုယ် ကိုယ်တိုင် ခံစားရတာတွေလည်း ရေးတယ်။ ဒါမှလည်း သီချင်း အကြောင်းအရာစုံ ရေးနိုင်မှာပေါ့။ ကိုယ်က အသည်းကွဲဖူးတယ်ဆိုပြီး ဒါကိုပဲရေးနေရင် အသည်းကွဲ သီချင်းတွေပဲ ဖြစ်နေမယ်။ ကိုယ်ကသိပ်ချစ်မိနေတဲ့ အချိန် ဒါကိုပဲရေးနေရင် အချစ်သီချင်းတွေပဲ ဖြစ်နေမယ်။ အဲဒီတော့ တစ်ခါတလေမှာ တခြားသူတွေရဲ့ဘဝတွေကို ကြည့်ပြီး သူတို့ နေရာကနေ အငှားခံစားပြီး ရေးရတာပေါ့။

Voice ။ ။ ဖခင်ဖြစ်သူ ဦးချစ်ကောင်းက ပွဲထိန်းကောင်းတဲ့ အဆိုတော် တစ်ယောက်လို့ နာမည်ကျော်တယ်လေ။ အိမ့်ချစ် ကိုယ်တိုင်ရော ရှိုးပွဲတွေမှာ ပရိသတ်နဲ့ အပေးအယူမျှဖို့ ဘယ်လိုကြိုးစားလဲ။

EC ။ ။ အဓိကကတော့ အိမ့်ချစ် အဖေ့ကိုကြည့်ပြီး အတုယူပါတယ်။ ဒါပေမဲ့ ညီမအဖေ့ခြေရာ မနင်းနိုင်သေးပါဘူး။ အဖေက ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ ပါရမီ သူ့မှာပါလာတယ်။ စင်ပေါ်မှာ အဖေ ဖျော်ဖြေတာကို ဘယ်နှခါကြည့်ကြည့် အိမ့်ချစ်မရိုးဘူး။ ပရိသတ်က သူစင်ပေါ် တက်လာတဲ့အခါ ဆက်ဆံတဲ့ အမူအရာတွေနဲ့ အပြုံးတွေက တခြားအဆိုတော်တွေကို ဆက်ဆံတာနဲ့ မတူဘူး။ ချစ်ကောင်း စင်ပေါ်တက်ရင် ပျော်ရတယ် ဆိုတဲ့အသိက ပရိသတ်တွေမှာ ရှိတယ်။ အဲ့ဒီလိုပဲ အိမ့်ချစ် စင်ပေါ်တက်ရင်လည်း ပရိသတ်တွေ ပျော်ရတယ် ဆိုတာမျိုး အိမ့်ချစ် ဖြစ်ချင်တယ်။

Voice ။ ။ အိမ့်ချစ်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေး ပြောပြပေးပါဦး။

EC ။ ။ အိမ့်ချစ် တန်ဆောင်မုန်း လပြည့်ည မျှော်စင်ကျွန်းမှာ လုပ်မယ့် Hip Hop ရှိုးပွဲမှာ ဆိုဖို့ရှိတယ်။ နယ်ရှိုးတွေလည်း သွားဖို့ရှိတယ်။ စီးရီးတွေကတော့ လူငယ်တွေ အဖွဲ့လိုက် ဆိုထားတဲ့ စီးရီးတွေ ထွက်ဖို့ ရှိတယ်။

Voice ။ ။ ဒီ ‘အချစ်ရေး’ စီးရီးနဲ့ ပတ်သက်ပြီး အိမ့်ချစ်ဘက်က ပြောချင်တာတွေ ရှိရင် ပြောပေးပါဦး။

EC ။ ။ ညီမ ပရိသတ်တွေကို အမြဲတမ်း မှန်မှန်ကန်ကန်ပဲ ပေးဆပ်ခဲ့တယ်။ ဒီစီးရီးလေးကိုလည်း ညီမကြိုးစား အားထုတ်မှု အပြည့်အဝနဲ့ လုပ်ထားတယ်။ အဲ့ဒီအတွက် ပရိသတ်ကြီးကလည်း မေတ္တာ အပြည့်အဝထားပြီး အိမ့်ချစ်ကို အားပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒီစီးရီးလေးကို နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီမှာ တော်ဝင်စင်တာ အရှေ့မျက်နှာစာမှာ အိမ့်ချစ်နဲ့ ဒီစီးရီးမှာ သီချင်းရေးပေးထားတဲ့ သူတွေ၊ Featuring ဆိုပေးထားတဲ့ သူတွေက အမှတ်တရ လက်မှတ်ရေးထိုးပေးမယ်။ သီချင်းတွေ ဆိုကြမယ်။

သန့်ဇင်ဦး
Credit>> The Voice Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်