Monday, November 11, 2013

နယူးဒေလီ၏ တိုးမြင့်လာနေတဲ့ ကိန်းဂဏန်းဆိုးများ

Posted by drmyochit Monday, November 11, 2013, under | No comments


ဒေ၀ါလီဗြောက်အိုးနှင့် မီးပန်းများ

အိန်္ဒိယနိုင်ငံရဲ့ အကြီးကျယ်ဆုံးပွဲတော်ကြီးတစ်ခုဖြစ်တဲ့ ဒီနှစ်ဒေ၀ါလီမီးထွန်းပွဲတော်မှာ တစ်ညတည်းတင် မီးလောင်မှု ၃၆၅ မှုဖြစ်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ရပါတယ်။ ဒါဟာပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ မီးလောင်မှု ၂၅၂ မှုနဲ့ယှဉ်ရင် တစ်ရာ ကျော်ကိုတိုးဖြစ်လာတဲ့သဘောပါ။

ဒေ၀ါလီပွဲတော်ဆိုတာ မိသားစုတွေအတွင်းနဲ့ မိတ်ဆွေတွေအချင်းချင်းလက်ဆောင်တွေ အပြန်အလှန် ဖလှယ်ကြ၊ ဆုတောင်းမေတ္တာမွန်တွေပြုကြပြီး လင်္ကာဒီပကိုအောင်နိုင်ခဲ့သူ ရာမမင်းသားတို့ကို မီးပူဇော် ကြိုဆိုကြတဲ့ မင်္ဂလာပွဲတော်တစ်ရပ်ပါ။ ရွှံ့မြေဆီမီးလေးတွေနဲ့ ပူဇော်လေ့ရှိရာကနေ ခေတ်မီလျှပ်စစ်မီး ဆိုင်းအလှတွေအမျိုးမျိုး ဆင်ယင်ပူဇော်ကြသလို မီးရှူးမီးပန်းအမျိုးမျိုး တီထွင်ကစားလာကြပါတယ်။ဗြောက်အိုးတွေဖောက်ပြီး ပျော်ရွှင်မှုကိုဖော်ပြကြရာမှာလည်း သာမန်ဗြောက်အသေးစားလေးတွေကနေ “အာလူးဗုံး” လို့ခေါ်ကြတဲ့အာလူးလောက်ရှိတဲ့ ဗြောက်အိုးကြီးတွေက ကြားရသူနားကွဲမတတ်မြည်သလို အန္တရာယ်လည်းများလှတဲ့ ဗြောက်အိုးအကြီးစားကြီးတွေပါ။ ဒီလို အန္တရာယ်များလှတဲ့ ပျော်ရွှင်မှုတွေ မလုပ်ကြဖို့ နှစ်စဉ်ဒေလီအစိုးရက တားမြစ်ပေမယ့်ဒီမီးရှူးမီးပန်းတွေ၊ ဗြောက်အိုးတွေကြောင့် မီးလောင် မှုတွေ၊ ထခိုက်ဒဏ်ရာရမှုတွေသာတိုးလာနေပြီး လေထုညစ်ညမ်းမှုကလည်း အလွန်ဆိုးဆိုးရွားရွားကို ဖြစ်စေလေ့ရှိတာပါ။

နှစ်ဆတိုးလားတဲ့ မုဒိမ်းမှုတွေ
“ဒေလီဟာ ရာဇ၀တ်မြို့တော်ကြီးဖြစ်နေပြီလို့ ညည်းတွားသံတွေဟာ နှစ်များစွာကတည်းက ညံလာခဲ့ တာပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အလွန်ကိုမလုံခြုံတဲ့ မြို့တော်ကြီးတစ်ခုဖြစ်နေပါပြီ။

အိန်္ဒိယနိုင်ငံတော်တရားရုံးချုပ်ရဲ့ ထုတ်ဖော်ပြောကြားချက်အရ နယူးဒေလီမြို့မှာ ဒီနှစ်အတွင်း (အောက် တိုဘာ ၁၅ ရက်အထိ) အဓမ္မပြုကျင့်မှုပေါင်း ၁,၃၃၀ မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ တစ်နှစ် လုံးမှာ ၇၀၆ မှုသာရှိခဲ့တာနဲ့စာရင် နှစ်ဆနီးပါးတိုးပွားလာနေတာ အမျိုးသမီးများအတွက် သွားသတိလာ သတိ ဖြစ်နေပါပြီ။ 

ဒါ့အပြင် မဟားတရားပြုမှုတွေဟာလည်း ဒီနှစ်အောက်တိုဘာလ ၁၅ ရက် အထိအတွင်းကို ၂,၈၄၄ မှုပါ။ ဒါကို မနှစ်ကဖြစ်ခဲ့တဲ့ ၇၂၇ မှုနဲ့ နှိုင်းယှဉ်လိုက်ရင်လေးဆနီးနီးကို ကြောက်ခမန်းလိလိအကျူးလွန်အစော် ကားခံနေကြရတာပါ။ ဒါတွေဟာ ရုံးတော်ကိုရောက်လာတဲ့အမှုဖွင့်တိုင်ကြားမှုတွေသာဖြစ်ပြီး မတိုင်ကြား ရဲ /မတိုင်ကြားဖြစ်ခဲ့တဲ့ အလားတူမုဒိမ်းမှုတွေ၊ မဟားဒယားအပြုခံရမှုတွေဟာ အမြောက်အမြားရှိနေမှာ သေချာပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားဒုက္ခသည် အမျိုးသမီးလေးတွေလည်း မလွတ် ကင်းပါဘူး။ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အပါအ၀င် မြန်မာအမျိုးသမီးအရေအတွက် အချို့ဒေသခံတွေရဲ့ အဓမ္မပြုကျင့်ခြင်းခံရတာတွေရှိသလို မဟားတရားအလုပ်ခံရတာတွေလည်း မနည်း လှတဲ့အရေအတွက်ပါ။

မနှစ်ကဒီဇင်ဘာ ၁၆ ရက်မှာ ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာကျော်အုပ်စုလိုက် အဓမ္မပြုကျင့်မှုကြီးမှာ မိန်းကလေး ဟာသေဆုံးသွားခဲ့ရပါတယ်။ ကျူးလွန်သူ ခြောက်ဦးအနက်တစ်ဦးက ထောင်ကြီးချုပ်ထဲမှာ မိမိကိုယ် ကိုယ်အဆုံးစီရင်သွားပြီး ကျန်ငါးဦးအနက်လေးဦးကို ကြိုးမိန့်ချလိုက်ပြီးတစ်ဦးကတော့ အသက်မပြေည့် သေးသူဖြစ်တဲ့အတွက်စောင့်ကြည့်အချုပ်သုံးနှစ်သာချလိုက်တဲ့အပေါ် မကျေနပ်မှုတွေလည်းအများ အပြားပါ။

ဒီမှုခင်းဟာ ကမ္ဘာတ၀ှမ်းကိုတောင်တုန်လှုပ်သွားစေတဲ့ အလွန်စက်ဆုပ်ဖွယ် အုပ်စုလိုက်မုဒိမ်းကျင့်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီမှာတင်ပဲ ကွယ်လွန်သွားရရှာသူ ဒီမိန်းကလေးရဲ့ဖခင်ကို နိုင်ငံရေးပါတီအများအပြားက လည်း လာရောက်ဆွယ် တရားဟောကြပါသတဲ့။ မကြာခင်ကျင်းပတော့မယ့် ဒေလီလွှတ်တော် ရွေးကောက်ပွဲမှာသူတို့ပါတီကိုယ်စား အမတ်ဝင်အရွေးခံဖို့ပါ။ သမီးငယ်အတွက် စိတ်ဒဏ်ရာပြင်းထန်စွာ ခံစားနေရဆဲဖြစ်တဲ့ဖခင်ဟာ ဖခင်ပီပီသမီးဒုက္ခကိုပြပြီး ကိုယ်ကျိုးမရှာခဲ့ပါဘူး။ ဒီနိုင်ငံရေးပါတီတွေရဲ့ ဆွယ်တရားတွေကို အပြတ်ငြင်းထုတ်ပစ်လိုက်ပါတယ်။

အမျိုးသမီးများကို ပြန်ပေးဆွဲမှုတွေကလည်း မနှစ်က ၂,၂၁၀ မှုသာရှိခဲ့ရာကနေ ဒီနှစ်ထဲမှာ ၂,၉၀၆ မှု တောင်ရှိနေပြီးပါပြီ။ ဒီအထဲမှာ ၀မ်းမြောက်လောက်အောင် မဟုတ်ပေမယ့် သက်သာရာရလာတဲ့ အစဉ် အလာမှုခင်းတစ်ခုကတော့ သူတို့သမီး (ဇနီး)ထံက သူတို့သား (လင်သား)ကို တင်တောင်းရလေ့ရှိတဲ့ Dowry ကြေးမကျေနပ်လို့ ဇနီးကိုသတ်မှုတွေကတော့ မနှစ်ကနဲ့စာရင်အနည်းငယ် လျော့ကျလာပါ တယ်။ မနှစ်က ဒါဝီကြေးထပ်မပေးလို့ အသတ်ခံလိုက်ရတဲ့ အိမ်ရှင်မ ၁၃၄ ယောက်ရှိခဲ့ရာကနေ ဒီနှစ်မှာ ၁၂၃ ယောက်ပဲ ရှိတာကို ပြောတာပါ။

အမျိုးသမီးတွေအခွင့်အရေးကို ကာကွယ်ပေးဖို့ဆိုပြီး လက်ရှိဒေလီလွှတ်တော်ထဲက အမတ်အမျိုးသမီး သုံးဦးအနက်တစ်ဦးဖြစ်တဲ့ (ကွန်ဂရက်ပါတီက) ဘာခါဆင်းဆိုသူက ဒေလီလွှတ်တော်ထဲမှာ အမျိုးသမီး အမတ်ခွဲတမ်းသုံးပုံတစ်ပုံ (၃၃%) ပေးဖို့ တောင်းဆိုနေတာလည်း ရှိနေပါတယ်။ သူ့အဆိုအောင်မြင်မယ့် အလားအလာတော့ မတွေ့ရသေးပါဘူး။

ရာဇ၀တ်မကင်းတဲ့ အမတ်မင်းများ

တစ်တိုင်းပြည်လုံးမှာရှိတဲ့ လွှတ်တော်အမတ်များရဲ့ ၃၀ ရာခိုင်နှုန်းဟာလည်း လူသတ်မှုတွေနဲ့ တရားစွပ် စွဲရင်ဆိုင်နေရဆဲမို့ ဥပဒေပြုသူတွေဟာလည်း ဥပဒေချိုးဖောက်သူတွေဖြစ်နေကြတာ စိတ်မသက်သာ စရာပါ။ ဒီအထဲက အမတ်သုံးယောက်ကိုတော့ လာဘ်စားမှုနဲ့ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်အသီးသီး စီရင်ချမှတ်လိုက်ပြီး သူတို့ကိုနောက်ထပ် ခြောက်နှစ်အတွင်း ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

အိန်္ဒိယ ဟင်းလျာတိုင်းလိုလိုမှာပါလေ့ရှိတဲ့ ကြက်သွန်နီဈေးဟာပုံမှန် ၂၀ ရူပီးကနေ ၈၀ ရူပီးအထိ ခုန် တက်သွားတာတစ်လကျော်ကြာလှပြီး ခုချိန်ထိပြန်ကျမလာသေးတာဟာလည်း လူထုအတွက်ဒုက္ခများ လှသလိုလက်ရှိအစိုးရအတွက်လည်း မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက်ကြီးမားတဲ့ စိန် ခေါ်မှုတစ်ရပ်ပါ။

အမျိုးသား ရာဇ၀တ်မှုမှတ်တမ်း ဗျူရိုရဲ့ထုတ်ပြန်ချက်တွေအရဒေလီမြို့ကြီးဟာ ရာဇ၀တ်မှုဒဏ်အခံရဆုံး မြို့ကြီးလေးမြို့ထဲကတစ်မြို့ အပါအ၀င်ဖြစ်နေပြီး ပြန်ပေးမှု၊ မုဒိမ်းမှု၊ မဟားတရားပြုမှု၊ ဖြားယောင်းမှုနဲ့ လူသတ်မှုလိုဟာမျိုးတွေဟာ ယခင်နှစ်တွေကထက် ပိုလို့သာတိုးလာတယ်လို့ ဆိုပါတယ်။ဒီအစီရင်ခံစာ မှာပဲ ဆက်လက်ဖော်ပြထားတာကတော့ ဖမ်းဆီးရမိတဲ့ ရာဇ၀တ်သား ၄၄ ဒသမ ၆ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်ကနေ ၃၀ အကြားအရွယ်တွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။

မဂိုအင်ပါယာနဲ့ ဗြိတိသျှအုပ်စိုးမှုတွေကို ဆက်ခံသယ်ဆောင်လာခဲ့တဲ့ ဒေလီမြို့ကြီးဟာ အိန်္ဒိယရဲ့မြို့တော်ကြီး ဖြစ်နေပြီး ဘာကြောင့်အခုလို ရာဇ၀တ်မြို့ကြီးတစ်မြို့ ဖြစ်နေရသလဲဆိုတာရဲ့အကြောင်းရင်း တွေကတော့ အသေအချာရှိနေမှာပါ။

ဒီလိုတိုးပွားရင်း တိုးပွားလာနေတဲ့ရာဇ၀တ်မှုခင်းတိုင်းအတွက် အကြမ်းဖက်သမားတွေနဲ့ ရာဇ၀တ်သားတွေတွင်သာ တာဝန်ရှိနေသလားဆိုတဲ့ မေးခွန်းတွေလည်းမေးလာကြပါတယ်။ လတ်တလောမှုခင်းတွေကို ကြည့်လိုက်ရင် သာမန်အရပ်သားတွေကိုနှိုက်ကိုက ရာဇ၀တ်မှုတွေကို ပြုလွယ်နေတာကို တွေ့နေရပါ တယ်။

၂၀၁၂ ဒီဇင်ဘာ ၁၆ မုဒိမ်းမှုကြီးဖြစ်ပြီးနောက် အလားတူမှုခင်းတွေ ပိုမိုပြီးအများအပြား တွေ့လာရတာ ဟာတရားဥပဒေအရေးယူမှု မလုံလောက်တာလား၊ မစိုးမိုးတာလား၊ ဒါမှမဟုတ် တိုင်တောအမှုဖွင့်ရမယ် ဆိုတဲ့အသိတွေ တိုးပွားမလာလို့လားဆိုတာ စဉ်းစားစရာတော့ ဖြစ်နေပါတယ်။ 

ကိုးကား-

The Hindu

The Times of India

National Crime Records Bureau

“Dokha Bon" published by Pan Nu Foundation
From>>Mizzima 
နန္ဒတင့်ဆွေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်