အဝါနုရောင်နှင့် အနက်ရောင် ထန်းလျှော်မျှင်များကို လေးကွက်ကြား ပုံဖော်ကာ ရက်ဖောက်ထားသည့် ပုံးကလေးများကို မကွေးမြသလွန် ဘုရားပွဲ၏ ဒေသထွက် လက်မှုရိုးရာ ဈေးတန်းတွင် အစီအရီ ခင်းကျင်းထားသည်။ ယင်းပုံး အမည်ကို အညာအခေါ်ဖြင့် တိုတိုခေါ်ရလျှင် နားဝင်ဆိုးကောင်း ဆိုးမည်၊ ‘ဖာ’ ဟု ခေါ်သည်။ ထန်းလျှော်မျှင်ဖြင့် ရက်လုပ်ထားသောကြောင့် ထန်းကောက်ဖာ (ဒကောက်ဖာဟု အသံထွက်ပါ) ဟုလည်း အညာတွင် အခေါ်တွင်ကျယ်သည်။
ထန်းကောက်ဖာများကို အညာမြေ ပခုက္ကူမြို့နယ် တစ်ဝိုက်ရှိ ရွာကလေးများတွင် ရက်လုပ်ပြီး နာမည်ကျော် အညာဘုရားပွဲများ ဖြစ်သော မကွေးမြသလွန် ဘုရားပွဲ၊ မင်းဘူး ရွှေစက်တော် ဘုရားပွဲနှင့် စလင်းမြို့ သေခဲလှ ဘုရားပွဲတို့တွင် လိုက်လံ ရောင်းချလေ့ ရှိကြောင်း ထန်းကောက်ဖာ လုပ်ငန်းအတွေ့အကြုံ ၃၈ နှစ် ရှိပြီဖြစ်သော ဦးပေါက်ကျိုင်းက ရှင်းပြသည်။
“ရှေးတုန်းက မိရိုးဖလာအရ အဝတ်အစားထည့်ရင် ထန်းကောက်ဖာပဲ သုံးတယ်” ဟု ၎င်းက သံသေတ္တာငယ် အရွယ်အစားရှိသော ထန်းကောက်ဖာများကို လက်ညှိုးထိုး ပြောကြားသည်။
ထန်းကောက်ဖာကို အရွယ်အစား သုံးမျိုးဖြင့် ရက်လုပ်ထားပြီး အငယ်ဆုံး ထန်းကောက်ဖာကို ယခင်ခေတ် ကျေးလက် လုံမပျိုများအဖို့ မြတ်နိုးဖွယ်ရာ အလှပြင် ပစ္စည်းများ ထည့်သိမ်းရာတွင် အသုံးပြုလေ့ ရှိသည်။ ကျေးလက် မိတ်ကပ် ဖြစ်သည်။ သနပ်ခါးတုံးငယ်၊ နံ့သာဖြူနှင့် ကရမက် ကဲ့သို့သော အမွှေးနံ့သာခဲများ၏ ပင်ရင်း အမွှေးနံ့ ပျက်ပြယ် မသွားစေရန် ထန်းကောက်ဖာ ငယ်လေးက ရနံ့ထိန်းထားနိုင်သည်။
“ဒါလေးက သူရဲ့ (အမွှေးနံ့သာခဲ) အနံ့အရသာလေးကို ဟာမသွားဘူး (ပျက်ပြယ် မသွားဘူး)” ဟု အသက် ၆၀ အရွယ် ကျေးတောသူ ဒေါ်တင်ငွေက ဆိုသည်။
သံသေတ္တာအရွယ် ထန်းကောက်ဖာကြီး များကိုမူ အဝတ်အစား၊ စောင်နှင့် ခေါင်းအုံးများ ထည့်ရာတွင် အသုံးပြုသည်။ သူသည်လည်း အဝတ်၏ အမွှေးနံ့ကို ထိန်းထားနိုင်သည်။ ထန်းကောက်ဖာကြီး တစ်လုံးကို ထောင့်ခုနစ်ရာကျပ်၊ အငယ်ကို ငါးရာကျပ်နှင့် အလတ်ဆိုဒ်များကိုမူ ခုနစ်ရာခန့်ဖြင့် ရောင်းချကြောင်း ဦးပေါက်ကျိုင်းက ပြောပြသည်။
ထန်းကောက်ဖာသည် ကျေးလက် မိန်းမပျိုတို့၏ အလှပြင်ပစ္စည်းနှင့် အဝတ်အစားထည့် ပစ္စည်းကိရိယာ တစ်ခုမျှသာ မဟုတ်ပေ။ ထန်းကောက်ဖာ သင်္ကေတသည် အညာသူ အညာသားတို့၏ နှလုံးအိမ်ကိုလည်း နေရာယူထားနိုင်ပြီး ကျေးလက်ယိမ်းများ ကပြဖျော်ဖြေရာတွင် ထန်းကောက်ဖာကို တခုတ်တရ ညွှန်းဆိုစာဖွဲ့ ခဲ့ရသည် အထိပင်။
‘ရွဲကုန်သည် လာပြီဗျ၊ ခင်နှမတို့ ဆင်သဖို့ရာ’ ဆိုသော ရွဲကုန်သည် သီချင်းကို သံတူထပ်ပြီး ‘ဖာ တစ်လုံးမောင် လာပြီဗျ၊ ခင်နှမတို့ ပျော်ရွှင်ဖို့ရာ’ ဟု ဘုရင်ခေတ် ကျေးတောသား တစ်ယောက်ပုံစံ ဝတ်ဆင်ထားသူက ဖာထုပ်ကလေးကို တုတ်လျှိုထမ်းပြီး တောင်ရှည်ကလေး မြှောက်ကာ မြှောက်ကာဖြင့် ဆိုင်းသံမြူးမြူးနှင့်အညီ သီဆိုကပြသော ကျေးလက် ယိမ်းကလေးသည်ပင် အညာသူ အညာသားများ၏ ဟဒယမြူးဖွယ် ဖြစ်ခဲ့သည်။
အညာ သင်္ကေတ ထန်းကောက်ဖာကို ရက်လုပ်ရန် မည်သည့် နိုင်ငံကြီးငယ် အသွယ်သွယ်ကမှ ကုန်ကြမ်း မတင်သွင်းရပေ။ အညာတွင်ပေါက်ပြီး အညာတွင် ကြီးသည့် ထန်းပင်ကြီးများတွင် မလိုအပ်သဖြင့် ခုတ်ချထားသော ထန်းလက်မှ အပေါ်သား ထန်းကြောကို ဓားသွားထက်ထက်ဖြင့် လွှာယူထားသည့် လျှော်ဖြင့် ရက်လုပ်ခြင်း ဖြစ်သည်။ ထန်းလျှော်၏ ပင်ရင်းအရောင်မှာ အဝါနု ဖြစ်သည်။ အဝါနုရောင် တစ်ရောင်တည်းဖြင့် ထန်းကောက်ဖာ ရက်လျှင် အမြင်ရိုးလွန်း လှသဖြင့် မျက်စိပသာဒ ဖြစ်စေရန် ယင်းလျှော်ကိုပင် အနက်ရောင်အဖြစ် ပြောင်းလဲကာ အနက်နှင့် အဝါနု လေးကွက်ကြားဖောက် ရက်လုပ်ကြသည်။
အဝါနုရောင် ထန်းလျှော်ကို အနက်ရောင် ပြောင်းရန်အတွက် သံချေး တက်နေသော သံတုံးသံခဲများကို မီးဖုတ် ထည့်ထားသော ဆန်ဆေးရည်တွင် သုံးညခန့် သိပ်ထားရကြောင်း ဦးပေါက်ကျိုင်းက မိရိုးဖလာ အရောင်ဆိုးနည်းကို ဖောက်သည်ချသည်။
အညာထွက် ကုန်ကြမ်းနှင့် အညာ့နည်း အညာ့ဟန် လက်မှုပညာကို ပေါင်းစပ်ထားသော မျက်စိပသာဒ ဖြစ်ဖွယ် ယင်းထန်းကောက်ဖာကိုပင် ပုဂံသို့ အလည်အပတ် လာသည့် နိုင်ငံခြားသား ခရီးသွားများက မြန်မာပြန် အမှတ်တရအဖြစ် ဝယ်ယူ သွားတတ်သည်ဟု ၎င်းကဆိုသည်။ ထို့ပြင် နိုင်ငံခြား ခရီးသွားများကို ရောင်းချပါက ဈေးပိုရကြောင်းလည်း ဖြည့်စွက် ပြောကြားသည်။
“ဖာငယ်လေးတွေဆို ထောင့်ငါးရာလောက် ရတယ်။ မြန်မာအချင်းချင်း ရောင်းရင် ဈေးဆစ်တာနဲ့ ဘာနဲ့ ငါးရာလောက်ပဲ ရတယ်” ဟု ဦးပေါက်ကျိုင်းက ဆိုသည်။
အညာဖြစ် မိတ်အင်အညာကို မြန်မာဖြစ် မိတ်အင်မြန်မာ တံဆိပ်ပြောင်းတပ်ပြီး နိုင်ငံခြားသားများ၏ အာရုံကို ဖမ်းစားနိုင်သော လက်မှု ရိုးရာထည်များ အညာတွင် အများအပြား ရှိသည်။ ဂျပန်ဆာမူရိုင်းများ ဆောင်းသည့် ဦးထုပ်နှင့် သဏ္ဌာန်တူသော ဆန်ကောဝိုင်းမှအစ စက်မှုလယ်ယာစနစ် ကျင့်သုံးသော အနောက်နိုင်ငံသားများ အထူးအဆန်း ဖြစ်ဖွယ်ရာ နွားခြူအဆုံး အညာဖြစ် လက်မှုထည်များမှာ မြန်မာများ အာပေါင်အာရင်း ကောင်းကောင်းဖြင့် ညွှန်းနိုင်လျှင် ညွှန်းနိုင်သလောက် တစ်နည်းအားဖြင့် မာကတ်တင်း လုပ်နိုင်သလောက် ဒေါ်လာကို ချူယူနိုင်သော ရိုးရာထည်များ ဖြစ်သည်။
ယင်းကဲ့သို့ လက်မှုရိုးရာထည် အမျိုးမျိုးကို အညာဒေသဖြစ်သော ပခုက္ကူမြို့နယ်၊ မင်းဘူးမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် စလင်းမြို့နယ်တို့ရှိ ကျေးရွာများတွင် ယခုတိုင် လုပ်ဆောင်နေဆဲ ဖြစ်သည်။ သို့သော်လည်း ယခုလက်ရှိ အခြေအနေတွင်မူ ယင်းလက်မှုရိုးရာ ထည်များကို ဘုရားပွဲများနှင့် မြို့ကြီး အချို့တွင်သာ တင်ပို့ ရောင်းချရပြီး ပလတ်စတစ်ဖြင့် လုပ်သော အိုးခွက်ပန်းကန် ဈေးကွက်နှင့် နှိုင်းစာလျှင် ဈေးကွက်ဝေစု လွန်စွာနည်းပါးကြောင်း လက်မှုရိုးရာထည် ရောင်းချသူများက ဆိုသည်။
အဝတ်အစား ထည့်သိမ်းရန် အတွက် မြန်မာဖြစ် ထန်းကောက်ဖာထက် တရုတ်ဖြစ် ပလတ်စတစ်ပုံး များက အစားဝင် လာသည်။
မြန်မာဖြစ် သင်ဖျာနှင့် ဝါးဖျာနေရာတွင် တရုတ်ဖြစ် ဝါးဆစ်ဖျာက နေရာယူလာသည်။ မြန်မာဖြစ် တံစဉ်နေရာတွင် တရုတ်ဖြစ် တစ်ခါသုံး တံစဉ်များက အစားထိုးလာသည်။ မြန်မာ့ဈေးကွက်တွင် နိုင်ငံခြားဖြစ် ပစ္စည်းများက ဈေးကွက်တွင်ကျယ် နေသည်မှာ တရုတ်ဖြစ် ဝါးဆစ်ဖျာဆိုလျှင် အပူဒဏ် ကို လျှော့ချပြီး အအေးဓာတ်ကို ထိန်းနိုင်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပါသည် ဆိုသော အပြောလေးများ ဖြည့်စွက် ဝန်ဆောင်မှုပေးခြင်း၊ တရုတ်ဖြစ် တံစဉ်သည် အသင့်သုံးနိုင်ရန် လက်ကိုင်ရိုး တပ်ထားပြီး မြန်မာဖြစ် တံစဉ်ကဲ့သို့ လက်ကိုင်ရိုး တပ်ရမည့် ဒုက္ခမှ ရှောင်ရှားနိုင်ခြင်းနှင့် စီးပွားရေး လုပ်ဆောင်ရာတွင် မိရိုးဖလာ စီးပွားရေးကို ကုမ္ပဏီပုံစံ ဖွဲ့စည်း လုပ်ဆောင်ခြင်းဆိုသည့် အားသာချက်များ ဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက နှိုင်းယှဉ် ပြောကြားသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ပြုလုပ်သွားသော မလေးရှား ကုန်စည်ပြပွဲတွင် မလေးရှား မိသားစုတစ်စု၏ နာနတ်သီး ကော်ဖီ ထုတ်လုပ်ခြင်းမှာ အညာလက်မှု ရိုးရာ လုပ်ငန်းလုပ်သူများ အတုယူဖွယ်ပင်။ သဘာဝ နာနတ်သီးဖြင့် ကော်ဖီထုတ်သော မလေးရှား မိသားစုသည် သာမန် မိရိုးဖလာ လုပ်ငန်းလေးကိုပင် ကုမ္ပဏီပုံစံ တာဝန် အဆင့်ဆင့်ကို မိသားစု ဝင်များဖြင့် ဖွဲ့စည်းပြီး တာဝန်ခွဲဝေ ယူကြသည်။
မလေးရှား မိသားစု၏ မိရိုးဖလာ ထုတ်ကုန် နာနတ်သီး ကော်ဖီကို ခေတ်မီ စီးပွားရေး လုပ်ဟန်ဖြင့် ပေါင်းစပ်ပြီး မြန်မာ ဈေးကွက်သို့ ထိုးဖောက်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်း ဥက္ကဋ္ဌလည်းဖြစ်၊ မိသားစု ဖခင်ကြီးလည်း ဖြစ်သည့် မလေးရှား အမျိုးသားကြီးက ရှင်းပြဖူးသည်။
အညာ လက်မှုရိုးရာ လုပ်ငန်းရှင်များအဖို့ မလေးရှား မိသားစုကဲ့သို့ မိရိုးဖလာ လုပ်ငန်းကို ခေတ်မီ စီးပွားရေးလုပ်ငန်း တစ်ခုသဖွယ် ပြောင်းလဲ မလုပ်ဆောင်နိုင်ခြင်းမှာလည်း အစိုးရ၏ ကူညီအားပေးခြင်း ကင်းမဲ့မှုနှင့်လည်း သက်ဆိုင်ကောင်း သက်ဆိုင် ပါလိမ့်မည်။
ဆင်းရဲနွမ်းပါးသည့် ကျေးလက်လူထု အများစု ဖြစ်သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်အကိုင် ပါးရှားမှုကြောင့် နယ်မြေရပ်ခြား တိုင်းတစ်ပါးသို့ အလုပ်သွားလုပ်သူ ခေါင်ခိုက်နေ သည့် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတွင် စီမံကိန်းကြီးများ ဖော်ကာ အလုပ်အကိုင် အခွင့်အလမ်းများ အတင်းဖန်တီး ပေးခြင်းထက် ရှိရင်းစွဲ မိရိုးဖလာ လုပ်ငန်းလေးများ တိုးတက် ဖွံ့ဖြိုးလာပြီး ငွေကြေး အရင်းအနှီး လွယ်လင့်တကူ ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ပစ္စည်း အရည်အသွေးနှင့် ဝန်ဆောင်မှု နည်းနာများကို သင်ကြား ပေးခြင်း၊ ဈေးကွက် ရှာဖွေပေးခြင်းတို့ကို အစိုးရက ကူညီလုပ်ဆောင် ပေးသင့်ကြောင်း ဒေသခံများက အကြံပြုသည်။
ယင်းကဲ့သို့ အစိုးရ၏ အားပေးကူညီမှုများသာ ရရှိပါက အညာတွင် လုပ်သော မိတ်အင်အညာ လက်မှု ရိုးရာထည်များသည် မိတ်အင်အညာ သာမက မိတ်အင်မြန်မာ တံဆိပ်တပ်ကာ နိုင်ငံတကာ ဈေးကွက်တွင် အထိုက်အလျောက် နာမည်ယူနိုင်ကြောင်း ၎င်းတို့က သုံးသပ် ပြောကြားသည်။
သို့သော် လက်ရှိအချိန်ထိ ထန်းကောက်ဖာ ကဲ့သို့သော ရိုးရာလက်မှု ထည်များမှာ မြန်မာနိုင်ငံသားတို့၏ လျစ်လျူရှုမှုနှင့် အထင်အမြင်သေးမှု၊ နိုင်ငံခြား ကုန်ပစ္စည်းများ၏ ဈေးကွက် စိန်ခေါ်မှုတို့ အကြားတွင် မျက်နှာငယ်နေရဆဲ ဖြစ်သည်။ ထန်းကောက်ဖာဆိုလျှင် အဝယ်နည်းလာသဖြင့် ကွယ်ပျောက်ကောင်း ကွယ်ပျောက်သွားနိုင် ပေသည်။ လက်ရှိ အခြေအနေတွင်ပင် မြို့ပြနေလူများမှာ ယင်းလက်မှုရိုးရာထည်ကို စိတ်ဝင်စားမှု လျော့ကျလာသည် ကတော့ အမှန်ပင်။
“တောရွာတွေကပဲ ဝယ်တာ။ မြို့ပေါ်က မဝယ်ဘူး” ဟု ဦးပေါက်ကျိုင်းက ဆိုသည်။
အဝယ်နည်းသည်လည်း မပြောနှင့် ထန်းကောက်ဖာ ဝယ်လာသူကိုပင် ပြုံးစိစိ ကြည့်ကာ ဘာလုပ်ဖို့လဲဟု လှောင်မေး မေးတတ်သော လက်ရှိ အခြေအနေတွင် အညာဒေသရှိ လက်မှုရိုးရာ ထည်များ၏ အနာဂတ်မှာ မိတ်အင်မြန်မာ တံဆိပ်ဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ခြေဆန့်ရန် ဝေး၍ မကွေးမြသလွန် ဘုရားပွဲတွင်ပင် အဝါနုနှင့် အနက်ကြား ထန်းကောက်ဖာ လုံးလေးများသည် ဝယ်သူအလာကို စောင့်မျှော်နေဆဲပင်။
ဉာဏ်မျိုးအောင်
Credit>> The Voice
0 comments:
Post a Comment