Friday, January 24, 2014

ယူနိုက်တက်၏ ရလဒ်ယိမ်းယိုင်မှုကြောင့် ရဲတပ်ဖွဲ့ပါ မဆီမဆိုင် အလုပ်များ

Posted by drmyochit Friday, January 24, 2014, under | No comments

ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ရုန်းကန်နေရပြီး ဆန်းဒါးလန်းနှင့် ကစားသည့် Capital One အကြိုဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။

မန်ချက်စတာ ယူနိုက်တက်၏ ရလဒ်ဆိုးများနှင့် စပ်လျဉ်းပြီး ပရိသတ်၏ ဒေါသပေါက်ကွဲမှုက ဗြိတိန် ရဲတပ်ဖွဲ့ကိုပါ အလုပ်ရှုပ်စရာ အခြေအနေမျိုး ဖြစ်သွားစေခဲ့သည်။ ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ရုန်းကန်နေရပြီး ဆန်းဒါးလန်းနှင့် ကစားသည့် Capital One အကြိုဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။ ယူနိုက်တက် အနေဖြင့် ပရီးမီးယားလိဂ်တွင်လည်း အဆင့်(၇) နေရာထိ စိုက်ဆင်းလျှက် ရှိနေသောကြောင့် ပရိသတ်များအတွက် စိတ်မရှည်စရာ ဖြစ်နေသည်။ 

ဆန်းဒါးလန်းနှင့် ပွဲစဉ်အပြီးတွင်မူ အရက်မူးပြီး ဒေါသထွက်နေသော ပရိသတ် တစ်ဦးက ရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ် 999ထံ ဖုန်းဆက်ကာ မိုယက်စ်၏ အသင်းရလဒ် ညံ့ဖျင်းမှုကို ယခင်မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ထံ အသိပေး အကြောင်းကြားပေးပါရန် တောင်းဆိုခဲ့သည်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါ ဖြစ်ရပ်ကြောင့် 999 နံပါတ်သည် အမှန်တကယ် အရေးပေါ် အခြေအနေများအတွက်သာ အသုံးပြုသင့်ကြောင်း ပြည်သူလူထုကို ထပ်မံ၍ သတိပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ရသည်။ "ညဘက်ကြီးမှာ မန်ချက်စတာမြောက်ပိုင်း၊ ခရမ့်ပ်ဆဲလ်က လူတစ်ယောက်ဟာ အရက်မူးနေပုံမျိုးနဲ့ ဖုန်းဆက်တယ်။ သူက ဆန်းဒါးလန်းနဲ့ပွဲ ရလဒ်ကို ဆာအဲလက်စ်သိအောင် ပြောပေးပါဆိုပြီး ကျွန်တော်တို့ကို ပြောခဲ့ပါတယ်"ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

မန်ချက်စတာ ရဲတပ်ဖွဲ့က "ကိုယ်အားပေးတဲ့ ဘောလုံးအသင်း ရှုံးနိမ့်တာဟာ ဝမ်းနည်း စိတ်ထိခိုက်စရာမှန်း နားလည်ပါတယ်။ ဒါပေမဲ့ 999 ဖုန်းနံပါတ်ဟာ အရေးပေါ် ကိစ္စတွေအတွက်ပဲ ဖြစ်တယ်ဆိုတာကို သတိရစေချင်ပါတယ်။ တခြား စုံစမ်းစရာ ကိစ္စတွေရှိရင် ရဲတပ်ဖွဲ့ရဲ့ 101 နံပါတ်ကို ခေါ်ဆိုနိုင်ပါတယ်"ဟု ကြေညာခဲ့သည်။ ထို့အပြင် ဖာဂူဆန်ကို စကားပြောလိုပါက ဘောလုံးအသင်းကို တိုက်ရိုက်ဆက်သွယ်ခြင်းကသာ ဖြစ်နိုင်ခြေ အများဆုံး နည်းလမ်းဟုလည်း ရဲတပ်ဖွဲ့က ပရိသတ်များထံ အကြံပြုသွားခဲ့သည်။ ဖာဂူဆန်သည် မန်နေဂျာ ရာထူးမှ အနားယူပြီးနောက် လက်ရှိတွင် အသင်း၌ ဒါရိုက်တာ တစ်ဦးအဖြစ် တာဝန်ယူထားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်