Monday, July 09, 2012

Rule of law ကို ဦးတည်နေတာလား၊ Break of law ကို ဦးတည်နေတာလား NLD

Posted by Anonymous Monday, July 09, 2012, under | No comments

၂၀၁၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာ့ သမိုင်းကြောင်းမှာ အလွန်ပဲ အရေးပါလှတဲ့ အလှည့်အပြောင်း ကာလတစ်ခု ဖြစ်တယ်လို့ဆိုရင် ဘယ်သူမှ ငြင်းကြမယ် မထင် ပါဘူး။ ဘာလို့လည်း ဆိုတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပြုထားကြတဲ့ အနောက်နိုင်ငံ တစ်ချို့က ကြားဖြတ်ရွေးကောက် လွတ်လပ် မျှတခြင်းဟာ အဆုံးအဖြစ်ဖြစ်လိမ့်မယ်လို့ အတိအလင်းပဲပြောဆိုခဲ့ကြ ပါတယ်။ အဓိက အကြောင်း တစ်ခုကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့တာကလည်း နိုင်ငံ တကာကို ပိုပြီး စိတ်လှုပ်ရှားမှု ဖြစ်စေခဲ့တယ်လို့ ဆိုချင်တယ်။
အဲဒါကြောင့် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပ ပေးမယ်လို့ သမ္မတကြီး ကိုယ်တိုင်က ကတိပေး ပြောဆိုခဲ့သလို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကလည်း သန့်ရှင်းသော၊ လွတ်လပ်သော၊ မျှတသော ရွေးကောက်ပွဲဖြစ်အောင် ကျင်းပသွားမယ်လို့ အတိအလင်းပဲ ကတိပြု ပြောဆိုခဲ့သလို၊ ပြောတဲ့အတိုင်းလည်း ကျင်းပပေးခဲ့တယ်ဗျာ။ ရွေးကောက်ပွဲ ရလာဒ်တွေ ထုတ်ပြန်လိုက်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ်အားလုံး နီးပါးကို အနိုင်ရသွားတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ အမေရိကန်သံရုံး အရာရှိတွေနဲ့ တွေ့ဆုံမှုမှာလည်း ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ ပါပေတယ်လို့ အမေရိကန် သံရုံး အရာရှိတွေက Credit ပေးခဲ့တာကို တွေ့ရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာ ပုလဲ၊ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ တောင်တွင်းကြီး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုံ(ဆိပ်ကမ်း)၊နဲ့ ကလော( အောင်ပန်း မြို့နယ်တို့မှာ ဆန္ဒမဲ လက်မှတ် တွေကို ရေးခြစ်မရအောင် ဖယောင်း သုတ်ထားကြောင်း၊ အဲဒီ လက်မှတ်တွေကို မဲရုံမှူးတွေက မဲလာပေးတဲ့ သူတွေကို ပေးအပ်နေတဲ့ အကြောင်း၊ မဲလက်မှတ် လဲလှယ်ပေးဖို့ တောင်းဆိုပေမယ့်လည်း မရတဲ့ အကြောင်း၊ ဖယောင်း သုတ်တာဟာ မဲလက်မှတ်ကို ဖျက်ဆီးခြင်းဖြစ်၍ အမြန်ဆုံး အရေးယူပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) ပါတီ ဗဟို အောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူးက (၁.၄.၂၀၁၂) ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို စာရေးသားပေးပို့ခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကိစ္စကို စုံစမ်းစစ်ဆေးနေမှာပဲ ဆန္ဒမဲလက်မှတ် ဖယောင်းသုတ် ခြင်းဟာ တရားမျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ အကြောင်း ဗီအိုအေ မြန်မာပိုင်းနဲ့ အင်တာဗျူး တစ်ခုမှာ ပြောဆိုခဲ့သလို၊ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုခဲ့သဖြင့် ဂျာနယ် စာစောင်တွေမှာ ဖော်ပြ ပါရှိခဲ့တာ တွေ့ရပါတယ်။
စုံစမ်း စစ်ဆေးချက်တွေအရ ဖြစ်စဉ်ဟာ လုံးဝမှန်ကုန်မှု မရှိတဲ့အကြောင်း၊ တရားဝင် တိုင်ကြားသူလည်း မရှိတဲ့အကြောင်း၊ သတင်းအခြေအမြစ် မရှိဘဲ တစ်ဆင့်ကြားစကား၊ ထင်မြင်ချက် စကားတွေနဲ့ ကော်မရှင် ကို တိုင်ကြားခြင်း ဖြစ်တဲ့အကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲဟာ အမျိုးသားရေးကိစ္စ ဖြစ်တဲ့အတွက် အခုလို မမှန်မကန် စွပ်စွဲ ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အတွက် မမှန်မကန် တိုင်ကြားသူကို အရေးယူသင့်တဲ့ အကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် တွေနဲ့ နိုင်ငံရေး ပါတီအချို့က သုံးသပ်မှုတွေ ရှိလာခဲ့ပါတယ်။
သတင်းအခြေအမြစ် မှန်ကန်မှုမရှိတဲ့ တစ်ဆင့်ကြားစကားနဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ် စေအောင် ထုတ်ဖော်ရေးသား၊ ထုတ်ဖော်ပြောဆိုခြင်း မပြုရေးအတွက် သက်ဆိုင်ရာပါတီ အတွင်း ရေးမှူးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လိုအပ်ပါက အရေးယူနိုင်ရန် ဥပဒေနဲ့အညီ ခေါ်ယူ ရှင်းလင်း အသိပေး ပြောကြားခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ(၈၀ရက်နေ့မှာ သတင်း ထုတ်ပြန် ခဲ့ပါတယ်။ ပြည်သူတွေ အဖြစ်မှန်အတိုင်း ပြန်လည် သိရှိနိုင်ဖို့အတွက် အောက်ပါအတိုင်း ဆောင်ရွက်ပေးဖို့ ဦးဥာဏ်ဝင်းကို ညွှန်ကြားခဲ့တာ တွေ့ရပါတယ်-
(က) NLD က တင်ပြခဲ့တဲ့ ဆန္ဒမဲ လက်မှတ်များကို ဖယောင်း သုတ်ထားခြင်းဟာ မှန်ကန်မှုမရှိတဲ့ အကြောင်း၊ သတင်းစာ ရှင်းလင်းပွဲ ပြန်လည် ပြုလုပ်ပေးသွားဖို့နဲ့ ဂျာနယ်တွေမှာ ထည့်သွင်းဖော်ပြပေးဖို့နဲ့
(ခ) NLD က မဲလက်မှတ်တွေကို ဖယောင်း သုတ်ထားတယ်လို့ ကြားရတဲ့ သတင်းအပေါ် စိစစ်မှု မရှိဘဲ ဖြစ်နိုင်၊ မဖြစ်နိုင် ဝေဖန်ဆန်းစစ်မှု မရှိဘဲ အရေးယူပေးဖို့ ကော်မရှင်ကို တင်ပြခဲ့ခြင်းအပေါ် တောင်းပန်းပြီး တင်ပြစာကို ပြန်လည် ရုတ်သိမ်းပေးဖို့၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ၂၂.၅.၂၀၁၂ ရက်နေ့ နောက်ဆုံး ထားပြီး ပြန်လည် တင်ပြပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြား ခဲ့ပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် ဦးတည်လုပ်ဆောင်သာ ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်မှုဟာ မှားယွင်းတဲ့ လုပ်ဆောင်မှု မဟုတ်တဲ့အတွက် ကော်မရှင်ရဲ့ ညွှန်ကြားစပါ အချက် (၂) ချက်ကို ဆောင်ရွက်ပေးနိုင်မှာ မဟုတ်တဲ့အကြောင်း ကော်မရှင်ကို အကြောင်းပြန်ကြားခဲ့ ပါတယ်။
အဲဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀(ဌ)ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ မမှန်သတင်း ထုတ်ပြန်တင်ပြသူ ဦးဥာဏ်ဝင်း ( NLD) ပါတီအား ဥပဒေနဲ့အညီ အမှုဖွင့် တရားစွဲဆိုရခြင်း ဖြစ်တဲ့ အကြောင်း ပြည်သူများ သိစေရန် သတင်း ထုတ်ပြန်ပါတယ် ဆိုပြီး မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါရှိပါတယ်။
ဒီအခြေအနေကို ကြည့်မယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ပါတီစွဲမထားဘဲ လုပ်ထုံး လုပ်နည်းနဲ့အညီ အဆင့်ဆင့် စိစစ်ဆောင်ရွက်ခဲ့တာကို အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပါတီကြီးငယ် မဟူ ရွေးကောက်ပွဲရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ဆောင်မှု မှန်သမျှကို အမျိုးသားရေးကို ရှေ့ရှု့ပြီး ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်နေတယ်ဆိုတာလည်း အထင်အရှားမြင်တွေ့ရမှာ ဖြစ်ပါတယ်။
တစ်ဖက်က ဆန္ဒမဲလက်မှတ် ဖယောင်း သုတ်ထားပါတယ်လို့ စွပ်စွဲခဲ့တဲ့ ပါတီကို ပြန်ကြည့်မယ်ဆိုရင် စွပ်စွဲ ချိန်က စွပ်စွဲခဲ့ပေမယ့် ကော်မရှင်ရဲ့ ထင်သာမြင်သာရှိတဲ့ စုံစမ်းစစ်ဆေးမှု အပြီး တွေ့ရှိချက် ထွက်ပေါ် လာတဲ့ အချိန်မှာ စွပ်စွဲချက် မမှန်ဘူးဆိုတာ ထင်ရှားနေပေမယ့် ဝန်မခံချင်တဲ့ သဘောထားကို တွေ့ကြရမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့အတွက် ဦးတည်လုပ်ဆောင်တာ ဖြစ်တယ်ဆိုပြီး Cover လုပ်ပြောဆိုသွားတာ တွေ့ရပြန်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့ ဦးတည်တဲ့ အနေနဲ့ အခြေအမြစ်မဲ့ မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ စွပ်စွဲပြောဆိုဖို့ လိုသလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတယ်။ နောက်စဉ်းစားစရာ တစ်ခုကလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေထဲမှာလည်း အခြားဘယ်ပါတီကမှ ဒီလို စွပ်စွဲပြောဆိုတဲ့ အသံမျိုးမကြားခဲ့ပါဘူး။ ဒါကလည်း တကယ်ကို ထူးခြားတဲ့အချက် ဖြစ်ပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ ကာလတုန်းက NLD မဲဆွဲရာ နေရာတိုင်းလိုလိုမှာ ပြည်သူတွေ တစ်ခဲနက် ထောက်ခံတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် NLD လုပ်သမျှ အကုန် မှန်နေတယ် ဆိုတဲ့ပုံစံမျိုး ချိုးနေတာ၊ Rule of law, Rule of law ဆိုပြီး ဥပဒေတွေကို လက်တစ်လုံးခြား ချိုးဖောက် နေတာတွေ ကတော့ဖြင့် ဘယ်လိုမှ လက်မခံနိုင်စရာ အချက်တွေပဲ ဖြစ်တယ်။ အဲဒါကြောင့် NLD ရဲ့ လုပ်ဆောင်ချက်တွေဟာ Rule of law ကို ဦးတည် နေတာလား၊ ဒါမှမဟုတ် Break of law ကို ဦးတည် နေတာလား ဆိုတာ ဆုံးဖြတ်ရမဲ့ အချိန် ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ Rule of law လို့ ကြွေးကြော်ပြီး Break of law တွေ ဖြစ်နေပြီ ဆိုရင်တော့ ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲလို့ အရေးယူတာထက်  ပိုမိုပြင်းထန်မယ့် ပြည်သူတွေရဲ့ဒဏ်ခတ်မှု ခံရတော့မှာကို မြင်ယောင်နေ မိပါတော့တယ်။ 
NLD ပါတီဝင်တစ်ဦး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်