Monday, July 09, 2012

သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ကြည့်ခြင်း

Posted by Anonymous Monday, July 09, 2012, under | No comments

ကျွန်တော်ဟာ သတင်းသမား တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သတင်းတစ်ခုကို ဖတ်လိုက်ရင် အခြေအမြစ် ရှိတဲ့ သတင်းဟုတ် မဟုတ် ဆိုတာလောက်တော့ ခွဲခြားတတ်ပါတယ်။ သတင်း တစ်ပုဒ်ကို အပြုသဘောနဲ့ ဖော်ပြ ထားတာလား ဒါမှမဟုတ် အပြုသဘော မဆောင်ဘူးလား ဆိုတာလောက်တော့ ခွဲခြားနိုင်စွမ်း ရှိပါတယ်။ သတင်းတစ်ပုဒ်ကို Source တစ်ခုတည်းနဲ့လည်း မရေးသင့်ပါဘူး။ နောက်တစ်ချက်က သတင်းခေါင်း တပ်တာကို ကြည့်လိုက်ရင်ပဲ အပြုသဘောလား၊ အပြုသဘော မဆောင်ဘူးလား ဒါမှမဟုတ် ဘယ်ကို ဦးတည်တာလဲ ဆိုတာ ခွဲခြားဖို့ သိပ်မခက်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ကြည့်ပါ။ တစ်ပုဒ်က ဧရာဝတီ သတင်း ဌာနမှာဖော်ပြထားတာဖြစ်ပြီးတော့ ကျန်တဲ့ တစ်ပုဒ်က (၇.၇.၂၀၁၂)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
နေပြည်တော် စီမံကိန်းနဲ့ မလွတ်တဲ့ ဘုန်းကြီးကျောင်းတွေဖျက်
အစိုးရ ဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၄၀ ခန့်ကို အစိုးရက ဖျက်သိမ်း မိန့် ပေးထားသဖြင့် ကျောင်းတချို့ကို မီးရှို့ ဖျက်ဆီးခဲ့ရကြောင်း ကာယကံရှင် တပ်အရာရှိများက ပြောသည်။

နေပြည်တော် စီမံကိန်း နယ်မြေများအတွင်း ကျရောက်နေသော ဘုန်းကြီးကျောင်း ၄၀ ခန့်ကို ဇူလိုင် ၅ ရက်နေ့ နောက်ဆုံး ထား၍ အထက်အမိန့်ဖြင့် ဖျက်သိမ်းရန်အတွက် အကြောင်းကြား ထားပြီး ထိုအထဲမှ ကျောင်းတချို့ကို သံဃာတော်များ နောက်ထပ် သတင်းသုံးမည်ကို စိုးရိမ် သောကြောင့် မီးရှို့ ဖျက်ဆီးခဲ့ရကြောင်း သိရသည်။
“ကျနော်တို့က အခု သံဃာ့ မဟာနာယကရဲ့ ခွင့်ပြုချက်ယူပြီးမှ လုပ်တာပါ။ ကျနော်တို့ သဘောနဲ့ လုပ်တာ မဟုတ်ပါဘူး၊ ကျောင်းတွေ မီးရှို့တယ် ဆိုတာက ဆရာတော်တွေ ကိုယ်တိုင်က အဲဒီကျောင်းတွေမှာ လာပြီး ဆက်နေမှာစိုးလို့ လုပ်ခိုင်းတာ” ဟု ဖျက်သိမ်းမိန့်ကို အဓိက တာဝန်ယူ ဆောင်ရွက်နေသူ ဗိုလ်မှူး ကိုကိုမြင့် က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကိုကိုမြင့်က ၎င်းအား တာဝန် ပေးသော အထက် အဖွဲ့အစည်းဌာနကို ပြောဆိုခွင့်မရှိဟု ဆိုသည်။
သို့သော်လည်း နေပြည်တော် အခြေစိုက် အဆင့်မြင့် တပ်အရာရှိကြီးတစ်ဦး၏ ပြောဆိုချက်အရ အသစ်ဖွဲ့စည်း ထားသော နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်းအဖွဲ့က စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နေရာကောင်း များတွင် ရှိသော ဘုန်းကြီးကျောင်းများကို ဖျက်သိမ်းရေး တာဝန် ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့အဖွဲ့ကတော့ နေပြည်တော် အထူးစီမံကိန်းကနေ တိုက်ရိုက် ခိုင်းထားတဲ့ အဖွဲ့ပေါ့။ ဒီစီမံကိန်း အောက်ကနေ အခြေပြုပြီး ခိုင်းတာ” ဟု ဗိုလ်မှူး ကိုကိုမြင့်က ပြောသည်။
ဇူလိုင်လ ၅ ရက်နေ့အထိ ဘုန်းကြီးကျောင်း ၁၅ ကျောင်းကို လျော်ကြေးငွေ ကျပ် ၄ သိန်းမှ သိန်း ၅၀၀ အထိ ပေး၍ ဖျက်သိမ်းပြီးပြီ ဖြစ်ကြောင်း၊ အမိန့်ကို အာခံ၍ မဖျက်သိမ်းသော ဘုန်းကြီးကျောင်း ၂၀ ကျော် ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် နောက်ထပ်တိုးချဲ့ ဆောက်လုပ်သော ဘုန်းကြီးကျောင်း တချို့ကိုလည်း ဖျက်သိမ်း နိုင်ရန် စာရင်းပြုစု နေကြောင်းနှင့် ဖျက်သိမ်းမိန့်ကို အာခံနေသော ကျောင်းများ ကိစ္စကို သံဃာ့ မဟာနာယကထံ လျှောက်တင်ကာ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဗိုလ်မှူး ကိုကိုမြင့်၏ အဆိုအရ သိရသည်။
“ဒါတွေက စီမံကိန်း ဧရိယာ ဖြစ်တယ်၊ သစ်တောမြေဖြစ်တယ်၊ တရားဝင် နိုင်ငံတော် ပိုင်မြေ၊ တရားမဝင် ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ ဖြစ်တဲ့အတွက် ကျနော်တို့က ဖျက်ခိုင်းတာပါ၊ ကျန်နေတဲ့ကျောင်း ၂၀ လောက်က မဖယ်ပေးချင်ဘူး။ သူတို့ကြောင့် လူသိရှင်ကြား ဖြစ်ကုန်တာ။ ဒီအတွက်လည်း အထက် သံဃာ အဖွဲ့အစည်းတွေကို လျှောက်ထားတယ်” ဟု ၎င်းက ဆက်ပြောသည်။
စီမံကိန်း နယ်မြေအတွင်း ကျရောက်နေသော ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ပျဉ်းမနား မြို့ဟောင်းတို့ရှိ ဘုန်းကြီးကျောင်းများကို ကျူးကျော် ဘုန်းကြီးကျောင်းများ အဖြစ် သတ်မှတ်ထားပြီး ထိုကျောင်းများတွင် သီတင်း သုံးနေကြသော ဘုန်းကြီးများမှာ သံဃာ အစစ်အမှန်များ မဟုတ်ကြောင်း ဇမ္ဗူသီရိ မြို့နယ် အုပ်ချုပ်ရေးမှူး ဗိုလ်မှူး သွင်ကိုကိုဝင်းက ပြောဆို လိုက်သည်။
“ကျောင်းတွေက ကိုယ်ထူကိုယ်ထ ကျောင်းလေးတွေ ပေါ့ဗျာ။ ဘုန်းကြီးတွေ ဆိုတာလည်း ဝါရင့်၊ သမ္ဘာရင့်တွေ မဟုတ်ဘူး။ အခုမှ သင်္ဃန်း ကောက်စည်း၊ ခေါင်းတုံးပြီးတော့၊ အခုမှ တဝါ၊ နှစ်ဝါ ရပဲရှိသေးတယ်။ ဝါဆို သံဃာ စာရင်းလည်း မပေါက်ဘူး။ သံဃာဆက်လည်း မရှိဘူး။ အဲဒီလို ဆရာတော်တွေပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။
ဘုန်းကြီးကျောင်းများကို ရှင်းလင်းရေး လုပ်နေသော တပ်အရာရှိများက သံဃာ့ မဟာ နာယကသို့ အကြောင်းကြားပြီး ခွင့်ပြုချက်ရမှ ဘုန်းကြီးကျောင်းတွေကို ဖျက်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်သည် ဆိုသော်လည် ပျဉ်းမနားမြို့ဟောင်း ဆူနမဏိ ကျောင်းတွင် သီတင်း သုံးနေသော သံဃာ့မဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးကမူ အဆိုပါအဖွဲကို အကြောင်းကြား အသိပေးခြင်း မရှိဟု မိန့်သည်။
“ဘုန်းကြီးက သံဃာ့ မဟာနာယက အဖွဲ့ဝင်တပါးပါပဲ။ အရင်လက ဖျက်သိန်းမိန့် ပေးမယ် ဘာမယ်နဲ့ အပြင်ကလာတဲ့ သတင်းတွေ ကြားတယ်။ သံဃာ့မဟာ နာယက ကိုတော့ လာလျှောက်တာ မရှိသေးပါဘူး။ အခု ကျောင်းတွေ ဖျက်တယ် ဆိုတာလည်း မသိပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ မြို့နယ် သာသနာရေး ဝန်ကြီးဌာနနဲ့များ ညှိလုပ် သလားတော့ မသိဘူး” ဟု ဆရာတော်က ဆိုသည်။
စီမံကိန်း နယ်မြေအတွင်း နှစ်ပေါင်းများစွာ သီတင်း သုံးလာခဲ့သော ဘုန်းကြီးကျောင်းကြီးများကို ခေတ်ကာလ ပေါက်ဈေး ထက်နည်းသော လျော်ကြေးပေး၍ အမိန့် အာဏာသုံး ဖယ်ရှားမှုများ ရှိကြောင်းနှင့် ဖျက်ဆီးမီးရှို့ ခံခဲ့ရသော ကျောင်း အများစုမှာ ကျုးကျော် နေထိုင်မှုဟု အကြောင်းပြ၍ လျှော်ကြေးမရဘဲ သီတင်းသုံးစရာ နေရာမဲ့ ဖြစ်ကုန်ကြကြောင်း နေပြည်တော် ဒက္ခိဏသိရိ မြို့နယ်တွင် သီတင်းသုံး နေထိုင်သည့် သံဃာတော်တပါးက ဧရာဝတီသို့ မိန့်သည်။
အဆိုပါ သံဃာတော်က “ဆရာတော်တို့ ကျောင်းတော့ မပါဘူး။ မီးရှို့ခံရတဲ့ ကျောင်းတွေ၊ ဖျက်ခံရတဲ့ ကျောင်းတွေ ကတော့ စီမံကိန်း လုပ်ဖို့ ဖျက်တယ်လို့ ပြောတာပဲ။ ဆရာတော်တွေ ကတော့ သီတင်းသုံးစရာ နေရာ အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ သူတို့စီမံကိန်း တွေက ဒီဘက် ရောက်လာရင် ဦးပဉ္ဇင်းတို့လည်း ပြောင်းရမယ့် သဘောရှိတယ်။ အခုထိတော့ ဘာမှ မကြားသေး ပါဘူး” ဟု ဆိုသည်။
ဖျက်ဆီး မီးရှို့ခံခဲ့ရသော ဘုန်းကြီးကျောင်း များသည် ကျူးကျော် ရပ်ကွက် မဟုတ်ဘဲ နှစ်ရှည် ဘုန်းကြီးကျောင်းများနှင့် အလှူရှင်များက ကြည်ညိုမှုဖြင့် ဆောက်လုပ် လှူဒါန်းထားသော ကျောင်းများ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဘုန်းကြီးကျောင်း များကို အစုလိုက် အပြုံလိုက် မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း နေပြည်တော် မြို့တော် မတည်ဆောက်မီ ကပင် ပျဉ်းမနား မြို့ဟောင်းတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော်ကြီး တပါးက မိန့်သည်။
( ဧရဝတီသတင်းဌာန)
နေပြည်တော် သစ်တော ကြိုးဝိုင်း နယ်မြေအတွင်း တရားမဝင် အဆောက်အအုံငယ်များ ဖယ်ရှား
နေပြည်တော် ဇူလိုင် ၆
နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် နေပြည်တော် ကောင်စီမှ တာဝန် ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ ဒက္ခိဏသီရိ မြို့နယ်၊ ဥတ္တရသီရိ မြို့နယ်၊ တပ်ကုန်းမြို့နယ်များရှိ သစ်တောကြိုးဝိုင်း နယ်မြေများတွင် တရားမဝင် ဆောက်လုပ် နေထိုင်လျှက် ရှိသည့် အဆောက် အအုံငယ်များနှင့် သက်ငယ်မိုး၊ ထရံကာ၊ ယာယီ တဲများကို စစ်ဆေးတွရှေိ့ခဲ့သည်။
အဆိုပါ စစ်ဆေးတွေ့ရှိခဲ့သော အဆောက် အအုံငယ်များနှင့် ယာယီတဲအချို့တွင် သံဃာအချို့ သီတင်းသုံး နေထိုင်လျက် ရှိကြောင်း တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ သာသနာရေး ဝန်ကြီးဌာနနှင့် သစ်တောဦးစီး ဌာနတို့သို့ စိစစ် အကြောင်း ပြန်ကြားပေးရန် စီစဉ် ဆောင်ရွက်ခဲ့သည်။ သစ်တော ဦးစီးဌာနမှ အဆိုပါ အဆောက်အအုံများ ဆောက်လုပ် ထားသော နယ်မြေမှာ သစ်တောကြိုးဝိုင်း နယ်မြေဖြစ်ကြောင်း စိစစ် ပြန်ကြားခဲ့သည်။
သာသနာရေး ဝန်ကြီးဌာန အနေဖြင့်လည်း ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှာ မြို့နယ် သံဃနာယက ဆရာတော်များအား လျှောက်ထား၍ ကွင်းဆင်း စစ်ဆေးခဲ့ရာ သံဃာအချို့ သီတင်းသုံး နေထိုင် လျက်ရှိသည့် ကျောင်းပေါင်း ၃၇ ကျောင်းကို တွေ့ရှိရပြီး ၎င်းကျောင်းများမှာ ယခင်ကတည်းက ဆောက်လုပ် ထားခြင်း မဟုတ်ဘဲ ယခုလပိုင်းအတွင်းမှသာ ပြောင်းရွှေ့ ရောက်ရှိ နေထိုင်လျက်ရှိသော ကျောင်းများ ဖြစ်ကြောင်း စိစစ်တွေ့ ရှိရသည်။
မြို့နယ်သံဃနာယက ဆရာတော်များက အဆိုပါကျောင်းများမှ ဆရာတော် များအား ၂၀၁၂ ခုနှစ် ဇွန်လအတွင်း တွေ့ဆုံ၍ ကျောင်းများကို စိစစ်ရာတွင် အဆိုပါ ကျောင်းများမှာ မြို့နယ် သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားသော ကျောင်းများ မဟုတ်ခြင်း၊ သစ်တော ကြိုးဝိုင်းနယ်မြေ အတွင်း ဝင်ရောက် ဆောက်လုပ်ထားခြင်း၊ ဆောက်လုပ် ထားသော အဆောက် အအုံများမှာလည်း ဘုန်းတော်ကြီး ကျောင်း အင်္ဂါရပ်နှင့် ညီညွတ်မှု မရှိခြင်း၊ ကျောင်းရှိ သံဃာအချို့ သာသနာဝင် မှတ်တမ်း မရှိခြင်း တို့ကြောင့် ကျူးကျော် ကျောင်းများ အဖြစ် သတ်မှတ်ပြီး အမြန်ဆုံး ဖယ်ရှားပေးရန် မိန့်ကြားခဲ့သည်။
သို့ပါ၍ အဆိုပါကျောင်းများမှာ ကျူးကျော် ကျောင်းများ ဖြစ်သဖြင့် ရှင်းလင်း ဖယ်ရှားပေးပါရန်နှင့် ပြောင်းရွှေ့ ဖယ်ရှား ရာတွင် ဆောက်လုပ်ထားသော ကျောင်းများ၏ ကုန်ကျစရိတ်အား အလှူငွေ အဖြစ် ကျောင်းများ အလိုက် ဝတ္ထုငွေများကို ထောက်ပံ့ လှူဒါန်းခြင်း၊ ပြောင်းရွှေ့ရာတွင် ကျောင်းမှ အလိုရှိသည့်  ပစ္စည်းများ သယ်ယူနိုင်ရန် ယာဉ်များ စီစဉ်ပေးခြင်း တို့ကို သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်ပေးခဲ့သည်။
နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ သစ်တော ဧရိယာအတွင်း ကျူးကျော် ဆောက်လုပ် ထားသော ကျောင်း ၃၇ ကျောင်း ရှိသည့်အနက် ၁၃ ကျောင်းမှာ ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းတွင် ကျောင်းအလိုက် ထောက်ပံ့ လှူဒါန်းသည့် ဝတ်ထုငွမျေား လက်ခံရယူ၍ ကျောင်းမှအလိုရှိသည့် ပစ္စည်းများကို ယူဆောင်ပြီး ပြောင်းရွှေ့ ဖယ်ရှားသွားခဲ့ကြပြီး ဖြစ်သည်။ ယင်းပြောင်းရွှေ့သွားကြသည့် ၁၃ ကျောင်းမှာ ကောင်းမွန်ပြီး အသုံးဝင်သော ပစ္စည်းများအား ဆရာတော်များမှ သယ်ယူသွားပြီး အသုံးမဝင်ဘဲ ကျန်ရှိနေခဲ့သော အဆောက်အအုံ အစိတ်အပိုင်းများနှင့် အသုံး မဝင်တော့သည့် စွန့်ပစ် ပစ္စည်းများကို နေပြည်တော် ကောင်စီမှ ရွှေ့ပြောင်း ရှင်းလင်း ဖယ်ရှားခြင်းများ ဆောင်ရွက် ခဲ့သည်။
ပြောင်းရွှေ့ရန် ကျန်ရှိသည့် ကျောင်းများအား ဝိနည်းနှင့် အညီ ပြောင်းရွှေ့သီတင်းသုံး နေထိုင်ကြရန် မြို့နယ် သံဃနာယ အဖွဲ့က မေတ္တာရပ်ခံ လျှောက်ထားကြောင်း သိရှိရသည်။  ( သတင်းစဉ်)
မျိုးဆက်သစ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်