Monday, July 09, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တပ်ကုန်း သုတေသနခြံနှင့် စည်ပင် သုတေသနစိုက်ပျိုးရေးခြံများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

Posted by Anonymous Monday, July 09, 2012, under | No comments

နေပြည်တော် ဇူလိုင် ၇

      နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ လိုက်ပါလျက် ယနေ့နံနက် ၇ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ် စိုက်ပျိုးရေးသုတေသနခြံသို့ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် တပ်ကုန်းစိုက်ပျိုးရေး သုတေသနစိုက်ပျိုးရေးခြံသည် ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ စုစုပေါင်းမြေဧရိယာဧက ၂ဝဝ ရှိသည့်အနက် နေကြာသီးနှံ၊ အစေ့ထုတ်ပြောင်းသီးနှံ၊ ပဲတီစိမ်းသီးနှံ၊ မြေပဲသီးနှံ စုစုပေါင်း အသားတင် ၁၆၂ ဧကကို တောင်သူပညာပေးစိုက်ကွင်းနှင့် မျိုးသန့်မျိုးပွား စိုက်ခင်းများအဖြစ် တည်ထောင်ထားရှိပြီး တောင်သူများတွက်ခြေကိုက်၍ စိုက်ပျိုးရာသီအချိန်ကိုက် စိုက်ပျိုးနိုင်ရန် မျိုးစေ့များ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။
    ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် စိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ခင်းကျင်းပြသထားသော အစေ့ထုတ်ပြောင်းသီးနှံ၊ နေကြာသီးနှံ၊ ပဲတီစိမ်းသီးနှံ၊ မြေပဲသီးနှံ၊ ပဲပုပ်သီးနှံမျိုးစေ့များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတက တပ်ကုန်းမြို့နယ်မှ တောင်သူလယ်သမားများအား တွေ့ဆုံအားပေး အမှာစကားပြောကြားရာ၌ မိမိတို့ နိုင်ငံတော်အစိုးရသစ်ကာလတွင် တောင်သူလယ်သမားများ၏


ဝင်ငွေတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်အစိုးရလက်ထက် တစ်ဧကငွေကျပ် နှစ်သောင်းမှ ယခုအခါ တစ်ဧကငွေကျပ်ငါးသောင်းအထိ တိုးတက်ထုတ်ပေးခဲ့၍ တောင်သူများ အရင်းအနှီးများ တိုးတက်လာစေခဲ့သည့်အပြင် သမဝါယမဝန်ကြီးဌာနမှလည်း  တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကျေးလက် ငွေစုငွေချေးအသင်းများ

ထူထောင်၍ ငွေချေးပေးနေကြောင်း၊ တောင်သူ လယ်သမားများကိုယ်တိုင် တစ်ဦးချင်း မိမိကိုယ်တိုင် တိုးတက်ကြီးပွားလိုသော စိတ်ဆန္ဒဖြင့် လယ်ယာမြေများကို အသုံးချစိုက်ပျိုးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိုက်ပျိုး ဆောင်ရွက်နေသော လယ်ယာမြေများတွင် စပါးသီးနှံအပြင် ဝင်ငွေတွက်ခြေကိုက်မည့် ပဲသီးနှံ၊ ဆီထွက်သီးနှံ၊ ဝါဂွမ်းသီးနှံ စသည်ဖြင့် သီးထပ်သီးညှပ် စိုက်ပျိုး ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်ကို ယုံကြည်လက်ခံစွာ စိုက်ပျိုးကြပြီး
သိပနည်းကျ စိုက်နည်းစနစ်များဖြင့် ဝင်ငွေတိုးတက်အောင် စိုက်ပျိုး ထုတ်လုပ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စေတနာကို ကောင်းစွာနားလည် သဘောပေါက်ခံယူပြီး တောင်သူလယ်သမားများအနေဖြင့် မိမိတို့တစ်ဦးချင်း တိုးတက် ကြီးပွားအောင် ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် ရိုးသားဖြူစင်သော တောင်သူလယ်သမား များအား စည်းရုံးလှုံ့ဆော်နေခြင်း၊ သွေးခွဲမြှောက်ပင့်၍ ဆူပူအောင် လှုံ့ဆော်နေခြင်းများကို နားမယောင်ကြရန်နှင့် နိုင်ငံတော်အစိုးရ၏ တောင်သူ လယ်သမားများအပေါ်ထားရှိသော စေတနာမှန်ကို အချင်းချင်းလက်ဆင့်ကမ်း၍ ထပ်မံသိရှိအောင် ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားပြီး တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

      ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် စိုက်ကွင်းအတွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသည့် အစေ့ထုတ်ပြောင်းသီးနှံ၊ နေကြာသီးနှံ၊ ပဲတီစိမ်းသီးနှံ၊ မြေပဲသီးနှံစိုက်ခင်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

     ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် နံနက် ၁ဝ နာရီတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် စည်ပင်ကျေးရွာအနီးရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ စည်ပင်သုတေသန စိုက်ပျိုးရေးခြံသို့ ရောက်ရှိကြပြီး တစ်ဆက် တစ်စပ်တည်း စိုက်ပျိုးထားရှိသော သက်တမ်း ၆၅ ရက်သားရှိ ပန်းပွင့်များစုံညီနေသည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်း ၁ဝ ဧကကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

     ထို့နောက် စိုက်ခင်းအတွင်း၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဝင်းတို့က နေကြာသီးနှံကို အဖိုလိုင်းနှင့် အမလိုင်း ဝတ်မှုန်ကူးမျိုးစပ်သည့် နည်းပညာဖြင့် စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း အောင်မြင်နေမှုများကို ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်သမ္မတက နိုင်ငံတော်၏ စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံကို ကျယ်ပြန့်စွာ တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်မှာကြားသည်။

      ယင်းနောက် စိုက်ကွင်းအနီး ယာယီရှင်းလင်းဆောင်၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များက စပ်မျိုး နေကြာ၏ ဝိသေသအင်္ဂါရပ်များနှင့် နေကြာမျိုးစေ့ထုတ် စိုက်ခင်းတစ်ခင်းမှ မျိုးကောင်း မျိုးသန့် မျိုးစေ့ ၂၅ တင်း ထွက်ရှိနိုင်ကြောင်း၊ တစ်ဧကမှ ထွက်ရှိသည့် မျိုးစေ့များသည် ၁၂၅ ဧက ဖြန့်ခွဲစိုက်ပျိုးဆောင်ရွက်နိုင်ကြောင်း၊ တစ်ဧကလျှင် ဆီထွက် နေကြာသီးနှံ တင်း ၅ဝ အထက် ထွက်ရှိနိုင်ပြီး နေကြာသီးနှံတင်း ၅ဝ မှ စားဆီသန့် ပိဿာချိန် ၂၂ဝ ထွက်ရှိနိုင်သည့်အတွက် အိမ်ထောင်စုတစ်စု၏ လိုအပ်ချက် လေးပိဿာနှုန်းဖြင့် တွက်ချက် ပါက အိမ်ထောင်စု ၅ဝ မှ ၆ဝ အတွက် နေကြာသီးနှံ တစ်ဧကစိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံမှုရရှိမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

     နိုင်ငံတော်သမ္မတက ကျန်းမာရေးနှင့်စားသုံးရန် အထူးကိုက်ညီသည့် နေကြာဆီ ထုတ်လုပ်ရေးအတွက် နေကြာသီးနှံကို နိုင်ငံနှင့်တစ်ဝန်း တိုးချဲ့စိုက်ပျိုးအကောင်အထည် ဖော်ခြင်းအားဖြင့် နိုင်ငံတော်၏ စားသုံးဆီလိုအပ်ချက် စိုက်ပျိုးဆောင်ရွက်သွားရန်၊ နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့် စားအုန်းဆီအတွက် နိုင်ငံခြားငွေ ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲရမှုကို နေကြာဆီဖြင့် နိုင်ငံတစ်ဝန်း စိုက်ပျိုးအစားထိုးသွားရန်၊ နေကြာဆီသည် ကျန်းမာရေးအတွက် ကောင်းမွန်ရုံသာမက ဘေးထွက်ပစ္စည်းဖြစ်သည့် နေကြာဆီမှ ကြိတ်ဖတ်များကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်၍ နိုင်ငံတော်၏ မွေးမြူရေးကဏ္ဍကို အထောက်အပံ့များစွာ ဖြစ်စေကြောင်း၊ နေကြာစိုက်ခင်းများတွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပျားမွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် နေကြာသီးနှံထုတ်လုပ်မှု မြင့်မားစေရေးကို သုတေသနပြု အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် အသေးစိတ် ဆွေးနွေးမှာကြားသည်။

     ထို့နောက် နိုင်ငံတော်သမ္မတသည် တပ်ကုန်းသုတေသနခြံနှင့် စည်ပင်သုတေသန စိုက်ပျိုးရေးခြံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော စိုက်ပျိုးရေးပညာရှင် အမျိုးသား အမျိုးသမီး ၁၅ ဦးအတွက် ဝတ်စုံများ ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတရုံး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်