Friday, August 24, 2012

မြန်မာအရာရှိများ ဘိန်းရာဇာနော်ခမ်းကို စစ်ဆေး

Posted by drmyochit Friday, August 24, 2012, under | No comments



 
မြန်မာဖက်က စစ်ဖက် အရာရှိတွေဟာ တရုတ်ကဖမ်း ဆီးမိထားတဲ့ မူးယစ်ရာဇာ နော်ခမ်း ကို ယူနန်ပြည်နယ်ကို လာရောက်ပြီး စစ်ဆေး မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ တရုတ်အာဏာ ပိုင်တွေက မနေ့က ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှုနဲ့ ဆက်လျဉ်းပြီး ရှမ်းအမျိုးသား နော်ခမ်းကို မြန်မာ အပါအ၀င် အိမ်နီးချင်းနိုင်ငံ အတော်များများက အလိုရှိနေကြတာပါ။ သူ့အပါအ၀င် ဖမ်းမိထားသူတွေကို တရုတ် သင်္ဘောသားတွေကို သတ်ဖြတ်မှုနဲ့ တရားစီရင်စစ် ဆေးတော့ မယ်လို့လည်း တရုတ်အာဏာ ပိုင်တွေက ပြောပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ဆက်ပေးမှာပါ။ မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု လူသတ်မှုတွေနဲ့ စပ်လျဉ်းပြီး မြန်မာ၊ တရုတ်၊ ထိုင်း၊ လော နိုင်ငံတို့က အလိုရှိနေတဲ့ မူးယစ်ရာဇာ နော်ခမ်းကို မြန်မာအရာရှိတွေ တရုတ်ယူနန် ပြည်နယ်ကို သွားရောက်ပြီး စစ်ဆေးမေးမြန်း မှုတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို တရုတ် ရုပ်သံကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ မနှစ် အောက်တိုဘာလ ၅ ရက်နေ့ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုမှာ နော်ခမ်းဟာ အဓိက တာဝန်ရှိသူလို့ တရုတ်အာဏာ ပိုင်တွေဖက်က ယူဆထားကြတာပါ။ နော်ခမ်းဟာ ဒီနှစ် ဧပြီလ ၂၅ ရက်နေ့ လောနိုင်ငံတွင်းမှာ ဖမ်းဆီးခံခဲ့ ရတာဖြစ်ပြီး၊ တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ် တာခံရပါတယ်။ တရုတ်နိုင်ငံအနေနဲ့တော့ သူ့ကို ရှေလထဲ တရားစီရင်ကြား နာဖို့ရှိတယ်လို့ ယူနန်ပြည်နယ် ရဲဌာန ဒုတိယအကြီးအကဲ Xian Yanming က ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ ၅ ရက် အမှုကိစ္စနဲ့ ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့မှာ ပတ်သက်နေတဲ့ နော်ခမ်း၊ ရှော်ခမ်း၊ ယင်းလန် နဲ့ အခြားသံသ ယရှိသူတွေကို နောက်လကျရင် တရုတ် နိုင်ငံထဲမှာ တရားစီရင် ကြားနာသွားမှာဖြစ်ပါတယ်။” အသက် ၄၈ နှစ်အရွယ် မူးယစ်ရာဇာ နော်ခမ်းကို နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ အလိုရှိတဲ့ စာရင်းမှာပါ ထည့်သွင်းဖော်ပြ ထားတာဖြစ်ပါတယ်။ နော်ခမ်းဟာ မဲခေါင်မြစ်အတွင်း သင်္ဘောတွေကို တိုက်ခိုက်တာ သင်္ဘောသားတွေကို သတ်ဖြတ်တာတွေကြောင့် ရွှေတြိဂံဒေသမှာ ပြီးခဲ့တဲ့နှစ်ကာလက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ မြန်မာဖက်က အဲဒီ လူသတ်မှု တွေအတွက် သက်ဆိုင်ရာ နိုင်ငံတွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ မဲခေါင်မြစ်အတွင်း လုံခြုံရေးဆိုင် ရာကိစ္စရပ်တွေ နယ်စပ်တ ကြောဖြစ်နေတဲ့ ရာဇ၀တ်မှု နှိမ်နင်းရေး ကိစ္စရပ်တွေမှာပါ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ တရုတ်ကို ရောက်နေတဲ့ မြန်မာစစ် အရာရှိတွေက ပြောခဲ့ပါတယ်။ တရုတ် သင်္ဘောသားတွေ သတ်ဖြတ်ခံရ တဲ့အမှုမှာတော့ နော်ခမ်းအပါအ၀င် သူ့ရဲ့အမာခံ အဖွဲ့ဝင်တွေနဲ့ ထိုင်းစစ်သား အချို့ပူးပေါင်း ပတ်သက် နေတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။
  နော်ခမ်းဖမ်းဆီး ခံရပြီးတဲ့နောက်တော့ သူ့ရဲ့လက်ထောက် စိုင်းအောင်မြတ်နဲ့ နောက်ပါအဖွဲ့ဝင် အတော်များများဟာ တာချီလိတ်အခြေစိုက် မြန်မာစစ်တပ်ထံမှာ လက်နက်ချခဲ့ကြပါတယ်။ နောက်လိုက်အဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ခဲ့ပေမယ့်၊ စိုင်းအောင်မြတ်ကိုတော့ ကျိုင်းတုံ အကျဉ်းထောင်မှာ ဖမ်းဆီးထိမ်းသိမ်း ထားတယ်လို့ သိရပါတယ်။
တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံ ရတဲ့အမှုမှာ စိုင်းအောင်မြတ်လည်း ပတ်သက်တယ်ဆိုပြီး၊ တရုတ်နိုင်ငံဖက်က လွှဲပြောင်းပေး အပ်ဖို့မြန်မာဖက်ကို တောင်းခံပေမယ့် မြန်မာအာဏာ ပိုင်တွေက ငြင်းပယ်ခဲ့ပါတယ်။ စိုင်းအောင်မြတ် ဖမ်းမိပြီးနောက် မြန်မာနယ်စပ်မှာရှိတဲ့ နော်ခမ်းရဲ့ပိုင်ဆိုင်မှု အချို့ကိုလည်း မြန်မာစစ်တပ်က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ စိုင်းအောင်မြတ် ကိစ္စနဲ့ပဲ စပ်လျဉ်းပြီး တရုတ်နိုင်ငံရဲ့ အများပြည်သူ လုံခြုံမှု ဆိုင်ရာဝန်ကြီး Meng Jianzhu ဟာ ပြီးခဲ့တဲ့ ဇူလှိုင်လက မြန်မာနိုင်ငံကို လာရောက်ခဲ့ ပါသေးတယ်။ တရုတ်သင်္ဘော သားတွေကို သတ်ဖြတ်မှု ကျူးလွန်သူတွေကို ရုံးတင် စစ်ဆေးရာမှာ မြန်မာအာဏာ ပိုင်တွေဖက်က ပူးပေါင်းဆောင် ရွက်ပေးဖို့ တရုတ်ဝန်ကြီးက တိုက်တွန်း သွားခဲ့ပါတယ်။ နော်ခမ်းနဲ့အဖွဲ့ဟာ ၂၀၀၈ ခုနှစ်က တည်းကဆိုရင် တရုတ်သင်္ဘောတွေ တရုတ်နိုင်ငံ သားတွေနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ လက်နက်ကိုင်  ရာဇ၀တ်မှု ၂၈ မှုကို ကျူးလွန်ခဲ့တယ်လို့ တရုတ်ဝန်ကြီးက ပြောပါတယ်။ အဲဒီ အမှုတွေအတွင်းမှာပဲ ၁၆ ဦးသေဆုံးပြီး၊ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။မနှစ် အောက်တိုဘာလ ကုန်ပိုင်းကတော့ နိုင်ငံ လေးနိုင်ငံက အဆင်မြင့် ၀န်ကြီးတွေဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ တွေ့ဆုံပြီး။ နယ်စည်းဖြတ် ကျော်ရာဇ၀တ် မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့နဲ့ မဲခေါင်မြစ်အတွင်း သယ်ယူပို့ဆောင် ရေးလုပ်ငန်းတွေ လုံခြုံရေးကိစ္စ ရပ်တွေအတွက် ဆွေးနွေး သဘောတူညီ မှုတွေရခဲ့ပါတယ်။ မဲခေါင်းမြစ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာ တရုတ် ထိုင်းနဲ့ လောနိုင်ငံတွေဟာ အခုအခါ ထောက်လှမ်းရေး သတင်းအချက် အလက်ဖလှယ်တာ မဲခေါင်းမြစ် ကြောင်းတလျှောက် လုံခြုံရေး အစီအစဉ်တွေ ဆောင်ရွက်တာနဲ့ နယ်စည်းဖြတ် ကျော်ရာဇ၀တ်မှု နှိမ်နင်းရေး ကိစ္စတွေကို ပူးတွဲဆောင်ရွက် နေပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်