Thursday, November 01, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (PERMANENT RESIDENCE SYSTEM) (PR) စနစ် စီမံခန့်ခွဲမှု ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်၍ အမှာစကား ပြောကြား

Posted by drmyochit Thursday, November 01, 2012, under | No comments


လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရနှစ်နိုင်ငံနိုင်ငံသားခံယူခွင့်  (Dual Citizen) ကို ခွင့်ပြုထားခြင်း မရှိပါကြောင်း သို့ဖြစ်၍ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်  အတတ်ပညာရှင်များ၊ ပြည်ပနိုင်ငံ များတွင် နိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားများက မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အချိန်အ ခါကောင်းကြောင့် မြန်မာနိုင်ငံကို လာရောက်ရင်းနှီး မြှုပ်နှံလိုကြသော်လည်း တည်ဆဲဥပဒေအရ နှစ်နိုင်ငံသား ခံယူခွင့် မရှိသည့်အတွက် အခက်အခဲများကြုံတွေ့ နေရပါကြောင်း၊ ယင်းကိုဖြေရှင်းနိုင်သည့် နည်းလမ်းကောင်း တစ်ရပ်မှာ အမြဲနေထိုင်ခွင့်စနစ်ပင် ဖြစ်ပါကြောင်း။
 
နိုင်ငံတော်သမ္မတကြီး အနေဖြင့် ၎င်းတို့၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကိုရှေးရှုပြီး အမြဲတမ်းနေထိုင်ခွင့် (PR) စနစ်ကိုချမှတ်ကျင့်သုံးရန် တိုက်တွန်းအားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုစနစ်အရ တစ်ဖက်နိုင်ငံသားဘဝကို စွန့်လွှတ်ရန် မလိုအပ်ဘဲမိမိတို့ နိုင်ငံ၌ ကာလအပိုင်းအခြား နေထိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များရရှိမည် ဖြစ်ပါကြောင်းဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (Permanent Residence System) (PR) စနစ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ယင်းကော်မတီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။


ရှေးဦးစွာဒုတိယသမ္မတဦးဉာဏ်ထွန်းကအမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်  မိမိတို့ အစိုးရသစ် စတင်တာဝန်ယူသည့် အချိန်မှစ၍ ပြည်သူ့ဘဝ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးတို့ကို ရည်မှန်းချက်ချ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တိုးတက်အောင်မြင်မှု များစွာရရှိခဲ့ပြီး ဖြစ်ကြောင်း။

ယခင်ကအာဏာသုံးရပ်ကို တစ်ပေါင်းတည်းကျင့်သုံးသည့် အာဏာပိုင်အစိုးရစနစ်ကနေ ဒီမိုကရေစီ နည်းလမ်း ကျပြီး အပြန်အလှန် ထိန်းချုပ်မှုစနစ်များ ပါဝင်သည့် နိုင်ငံရေး ဖြစ်စဉ် ကိုလည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ စိန်ခေါ်မှု အများအပြား ရှိနေသော်လည်း ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားသည့် အောင်မြင်မှုများပေါ်ထွက်လာနေပြီ ဖြစ်ကြောင်း၊ တိုးတက်ဖြစ်ပေါ်မှု  မြောက်မြားစွာထဲကနေ အနည်းငယ်ကိုဖော်ပြရလျှင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည် ဝင်ရောက်ခွင့်ပေးခဲ့ခြင်း၊ စတုတ္ထ မဏ္ဍိုင်ဟု ခေါ်ဆိုရသည့် သတင်းမီဒီယာအတွက် ကန့်သတ်ထားသော စာပေစိစစ်ရေးကိုပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်ပေးခြင်း၊ အလုပ်သမားနှင့် အလုပ်ရှင် အသင်း အဖွဲ့များ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် ပြည်သူများ နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်း စသည့် ဆောင်ရွက် ချက်များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း။

ယင်းသို့ပြောင်းလဲသွားသည့် နိုင်ငံရေးနောက်ခံရှုခင်းမြင်ကွင်း (Political Landscape ) နှင့်အတူစီးပွားရေး နောက်ခံရှု ခင်းမြင်ကွင်း  (Economic Landscape) ကလည်း လိုက်ပါပြောင်းလဲနေပြီ ဖြစ်ကြောင်း၊ ပြည်သူလူ ထုကြီး၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်မှု (Socio-Economic Development )အတွက် လူထုဗဟိုပြု ဖွံ့ဖြိုး တိုးတက်မှု (People Centered Development )ကို လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍတို့ အကောင်အထည် ဖော်ရာတွင် ငွေကြေး၊ နည်းပညာနှင့် လူသား အရင်းအမြစ် အရင်းအနှီးများ အရေးတကြီးလိုအပ်နေချိန် ဖြစ်ကြောင်း၊ ယင်းလိုအပ်သည့် အရင်းအနှီးများကို ပြည်တွင်းကရောပြည်ပမှာပါ ဖိတ်ခေါ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ရေခံမြေခံကောင်းများကို ငွေကြေး၊ နည်းပညာအရင်းအနှီးများဖြင့် နည်းလမ်းတကျ ပေါင်းစပ်ပေးနိုင်လျှင် အကျိုးဖြစ်ထွန်းမှာေ မြေကြီးလက်ခတ် မလွဲ သေချာသည့် အတွက်ကြောင့် ကမ္ဘာအရပ်ရပ်မှ ရင်းနှီး မြှုပ်နှံလိုသူများ၊ မိမိတို့၏ ကုံလုံကြွယ်ဝသည့် ပညာနှင့် ဓနအင် အားဖြင့် အမိနိုင်ငံကျေးဇူးကို ပြန်လည်ပေးဆပ်ခွင့် စောင့်စားနေသော အခြားနိုင်ငံသားခံယူထားကြသည့် မြန်မာ များစောင့်ကြည့် လေ့လာနေသော အချိန်အခါလည်းဖြစ်ကြောင်း။

ပြည်ပအရင်းအနှီးများ အရှိန်အဟုန်ကောင်းကောင်းဖြင့် စီးဝင်လာရန်အတွက် ရင်းနှီးသူများ၏ အခွင့်အရေးကို ခိုင်ခိုင်မာမာ ကာကွယ်ပေးထားသည့် လုပ်သာကိုင်သာ အခွင့်သာသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း (Favorable Investment  Climate ) ဖန်တီးပေးထားရန်လိုကြောင်း၊ ယင်းပတ်ဝန်းကျင်ကောင်းများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် ထိုရင်းနှီးမြှုပ်နှံ လိုသူများ၊ မိမိတို့၏ နည်းပညာ ကျွမ်းကျင်မှုဖြင့် ဝန်ဆောင်မှု ပေးလိုသူများ၊ အကြောင်း အမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားကြသည့် မြန်မာနိုင်ငံသားဟောင်း ဓနနှင့်ပညာကြွယ်ဝသူများ မြန်မာနိုင်ငံ အတွင်း နှစ်ရှည်လများလာရောက် အခြေချနေထိုင်ခွင့်ရရှိရေးပင် ဖြစ်ကြောင်း။

PR စနစ် ကျင့်သုံးခြင်းအားဖြင့် နည်းပညာ၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ မိမိတို့နိုင်ငံအတွင်းသို့ စီးဝင်လာနိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက် အကူကောင်းများ ရရှိနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံတော်ကပေးအပ်သည့် အခွင့်အလမ်းကောင်းများ ဆုပ်ကိုင်ပြီး ကြိုတင်စီ မံမှုများဖြင့် နယ်ပယ် အသီးသီးသို့ နည်းမျိုးစုံဖြင့် စိမ့်ဝင်ထိုးဖောက် ဝင်ရောက်မှုများရှိလာနိုင်ခြင်း၊ နိုင်ငံသား များအတွင်း ယှဉ်ပြိုင်မှုများများပြားလာနိုင်ခြင်း၊ ရာဇဝတ် ပြစ်မှုများ များပြားလာနိုင်ခြင်းစသည့် ချို့ယွင်းချက် များလည်းကြုံတွေ့ရမည် ဖြစ်ကြောင်း။

PR  စနစ်ကြောင့် ဖြစ်ပေါ်လာမည့် ချို့ယွင်းချက်များကို ထိန်းကျောင်းကာကွယ်မဲ့စနစ်များ ချမှတ်ဆောင် ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့အတူ PR  စနစ်ကိုဆောင်ရွက်မည်ဆိုပါက PR Immigration Act (နိုင်ငံခြားသား အမြဲနေ ထိုင်ခွင့် ဆိုင်ရာလူဝင်မှု ကြီးကြပ်ရေးဥပဒေ)ကို  ပြဋ္ဌာန်းသင့်/ မသင့် စဉ်းစားဆောင်ရွက်သွားရဦးမည် ဖြစ်ကြောင်း၊ PR စနစ်ဆောင်ရွက်ရန် အတွက် PR စနစ် စိစစ်ထုတ်ပေးရေးကြီးကြပ်မှု ကော်မတီကိုလည်း လိုအပ်သော ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်စေမည် ဖြစ်ကြောင်း။

PR စနစ် ကျင့်သုံးနိုင်ရေးအတွက် ဥပဒေအရခိုင်မာမှု၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး၊ ပိုင်ဆိုင်မှုနှင့် သတ်မှတ်ချက်များစသည့် ကိစ္စရပ်များတွင် အသေးစိတ်မူများ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ထိုကြောင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ကော်မရှင်ဖွဲ့စည်းခြင်း၊ ပြင်ပပညာရှင် များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းစသောဆောင်ရွက်ဖွယ်ရာများကို ဝိုင်းဝန်းဆွေးနွေး လုပ်ဆောင် ပြီး ပေါ်ထွက်လာသည့် ရလဒ်များကိုမှန်မှန်ကန်ကန် အသုံးပြု ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် တစ်ခုဖြစ်သည့် PR  စနစ်ကို မူတစ်ရပ် ချမှတ်ပြီး ဆောင်ရွက်သွားနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနအပြင် အခြားဝန်ကြီးဌာနများကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအတွင်းနိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (Permanent Residence System ) (PR)စနစ် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာ နပြည်ထောင် စုဝန်ကြီးဦးခင်ရီက PR ခွင့်ပြုနိုင်ရန် ကနဦးအဆင့် စဉ်းစားထားသူများနှင့် လျှောက်ထားသူများအတွက် ကနဦး လိုအပ်ချက်များ၊ PR  လျှောက်ထားရာတွင် တင်ပြရန် လိုအပ်သည့် အထောက်အထားများနှင့် နိုင်ငံတော်သို့ပေး သွင်းရမည့် အခကြေးငွေ သတ်မှတ်ချက်များ၊ PR စနစ် လျှောက်ထားသူအတွက် ခွင့်ပြုသက်တမ်းနှင့် သက်တမ်း တိုးလျှောက်ထားနိုင်မှု အခြေအနေ၊ PR ခွင့်ပြုနေထိုင်ခွင့် ရရှိသူတစ်ဦး၏ ခံစားခွင့်ရနိုင်သည့် အခွင့်အရေးများနှင့် PR ခွင့်ပြုထားခြင်းမှ ရုပ်သိမ်းနိုင်သည့် အချက်များ၊ PR ခွင့်ပြု ထားသူများအား စိစစ်ကြီးကြပ်နိုင်ရေးဆောင်ရွက်မည့် အစီ အစဉ်များ၊ ယင်းဆောင်ရွက်မှုများအပေါ် အခြားနိုင်ငံများမှ ကျင့်သုံးဆောင်ရွက်နေမှု အခြေအနေ များကို အကျယ် တဝင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် PR စနစ် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြအေး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် တာဝန်ရှိသူများက PR  စနစ် ကျင့်သုံး နိုင်ရန် အတွက် လိုအပ်ချက်များ၊ ပြင်ဆင်သင့်သည့် အချက်များ၊ ကျင့်သုံးနိုင်ရေး အတွက် ဝန်ကြီးဌာနအလိုက် တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ ထည့်သွင်းစဉ်းစား ဆောင်ရွက်သည့်  အချက်များကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ ပညာရှင်များ ဖြစ်ကြသည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင် ဦးသီဟံမျိုးညွန့်၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အကြီးတန်း သုတေသီများ ဖြစ်ကြသည့် ဒေါက်တာငွန်ကျုံးလျန်နှင့် ဒေါက်တာ တင်မောင်သန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးဆက်အောင်တို့က PR စနစ် ကျင့်သုံးရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များနှင့် စပ်လျဉ်း ၍ အကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတကနိဂုံးချုပ် အမှာစကားပြောကြားရာတွင် တက်ရောက် လာကြသူများက ရှုထောင့်ပေါင်း စုံမှ ဆွေးနွေးခဲ့ကြသည့်အတွက် အကြံကောင်း ဉာဏ်ကောင်းများ ရရှိပါကြောင်း၊ ယခုဆွေးနွေး ချက်များအပေါ် ပြန်လည်သုံးသပ်၍ PR စနစ် ကျင့်သုံးနိုင်ရေးကိုအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ယခုတက်ရောက် သူများက နိုင်ငံ့အကျိုး၊  အမျိုးသားအကျိုးစီးပွားကို ထည့်သွင်းအခြေခံပြီး ဝိုင်းဝန်း အကြံပြု ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ယနေ့အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပညာရှင်များ တက်ရောက်ကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်