Sunday, December 23, 2012

အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာ၌ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ပြောကြား

Posted by drmyochit Sunday, December 23, 2012, under | No comments

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သမ္မတဦးသိန်းစိန်နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Vigyan Bhawan ၌ ဒီဇင်ဘာလ ၂၁ ရက်က တွေ့ဆုံရာ၌ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် သမ္မတဦးသိန်းစိန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံ-အိန္ဒိယ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေ စဉ်အတွင်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှု၌ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို အကောင် အထည်ဖော် ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ယခုကျင်းပသည့် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့်အတွက် ၀မ်းမြောက် စွာ ကြိုဆိုပါကြောင်း ဦးစွာပြောကြားခဲ့သည်။

ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကားလမ်းဖောက်လုပ်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံဘက်မှ ပေးအပ်သည့် ဖွံ့ဖြိုးရေး အကူအညီများဖြင့် ဆောင်ရွက်မည့် စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပြည်သူချင်း ကူးလူးဆက်ဆံမှုများ မှတစ်ဆင့် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားရေး စသည့်ကိစ္စရပ်များကို ဆွေးနွေခဲ့ကြသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို အကောင်အထည်ဖော်ရာတွင် အရေးပါသည့် မိတ်ဖက် တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကြား၊ တောင်နှင့် အရှေ့တောင်အာရှဒေသ အကြားတွင် စီးပွားရေး ပေါင်းကူးတံတား တစ်စင်းအနေနှင့် ပါဝင်ဆောင်ရွက်နိုင်သည့် အနေအထားတွင် တည်ရှိနေ သည်။

အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒသည် အရှေ့ဖက် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်း လာစေရန် ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှစ၍ ပုံဖော်လာခြင်းဖြစ်သည်။ ယင်းအတွက် အိန္ဒိယနိုင်ငံသည် အဆိုပါ နိုင်ငံများနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာရုံသာမက တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် မဟာဗျူဟာအရ လွှမ်းမိုးလာမှုများကို တန်ပြန်ရန် မဟာဗျူ ဟာမြောက် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကိုလည်း စတင်ဆောင်ရွက်လာသည်။

သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလ ၂၀ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Taj Palace ဟိုတယ်၌ ကျင်းပသည့် အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို နှစ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေး ဖက် ဆက်ဆံမှုနှင့် (၁၀) နှစ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအဆင့် မိတ်ဖက်ဆက်ဆံမှု အထိမ်း အမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်သည် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ ကဏ္ဍတို့တွင် လာရောက်ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန်လည်း ဖိတ်ခေါ် ခဲ့သည်။

အလားတူ သမ္မတဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်း စံမြန်းခဲ့သော ရတနာဂီရိရှိ စံအိမ်တော်သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့သလို သီပေါမင်း၏ ဂူဗိမာန်သို့လည်း သွားရောက်ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်