နိုက်ဂျီးရီးယား နိုင်ငံတွင် သေနတ်သမားများက ခရစ်ယန် ဘာသာဝင်များကို ပစ်ခတ် သတ်ဖြတ်ခြင်း ကြောင့် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဘာသာရေးပဋိပက္ခများ ပိုမို ဆိုးရွားလာဖွယ် ရှိနေသည်။
ယိုဘီပြည်နယ်၏ စီးပွားရေး အချက်အချာမြို့ ပိုတီစကွမ် အနီးရှိ ပီရီရွာလေးမှ ခရစ်ယာန် ဘုရားကျောင်း လေးတွင် သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ခရစ္စမတ် အကြိုည မတိုင်မီ ပစ်ခတ်မှုကြောင့် ခရစ်ယာန် ဘာသာဝင် (၆)ဦး သေဆုံးသွားပြီး ဘုရားကျောင်းမှာလည်း မီးတင်ရှို့ခြင်း ခံခဲ့ရသည်။
နိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားသော အဆိုပါ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမျှ တာဝန်ရှိကြောင်း ထုတ်ဖော် ဝန်ခံခြင်း မရှိချေ။ သို့သော်လည်း နိုက်ဂျီးရီးယား အစိုးရက ယခုဖြစ်ရပ်သည် အစွန်းရောက် မွတ်ဆလင် အကြမ်းဖက်အဖွဲ့ ဘိုကိုဟာရမ်တို့နှင့် ယှက်နွယ်နေမည်ဟု ယူဆလျှက်ရှိသည်။ ဘိုကိုဟာရမ်တို့သည် (၂၀၁၀)ပြည့်နှစ် ကတည်းက နိုင်ငံမြောက်ပိုင်း ဒေသ အတော်များများမှ ခရစ်ယာန် ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ထို့အပြင် (၂၀၁၁)ခုနှစ်၊ ခရစ္စမတ် ကာလအတွင်းကလည်း နိုင်ငံအနှံ့တွင် ဗုံးခွဲမှုများ ပြုလုပ်ခဲ့သေးသည်။ ထိုစဉ်က လူပေါင်း (၄၀)ကျော် သေဆုံးခဲ့သလို အများအပြား ဒဏ်ရာများ ရရှိခဲ့သည်။ လူ့အခွင့်အရေး မျှတမှု ကွန်ရက် အုပ်စုမှ အကြီးအကဲ ဇူကာရီ အဒါမူက သေနတ်သမားများသည် ယခုတိုက်ခိုက်မှုတွင် သန်း ခေါင်ယံ အချိန်၌ စီးနင်းပစ်ခတ်ခဲ့ပြီး အနီးဝန်းကျင်ရှိ ခရစ်ယာန် ဘာသာဝင် နေအိမ်များကိုပါ တိုက်ခိုက် သွားကြောင်း ပြောဆိုခဲ့သည်။
စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ အီလီ လာဇာရက်ဇ်က (၆)ဦးသေပြီး နောက်ထပ် ဒဏ်ရာရသူများလည်း ရှိကြောင်း Reutersသို့ ပြောကြားခဲ့သည်။ "ပိုတီစကွမ်မှာ အမည်မသိ သေနတ်သမားတွေက စီးနင်း ရန်ပြုလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဘက်က တွန်းလှန်နိုင်ခဲ့တယ်"ဟု လာဇာရက်ဇ်က ဆိုသည်။ AFP သတင်းဌာနက ယခုဖြစ်ရပ်အတွင်း သေဆုံးသူများအနက် သင်းအုပ်ဆရာ တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြ သွားခဲ့သည်။
နိုက်ဂျီးရီးယားသည် အာဖရိကတိုက်တွင် လူဦးရေ အထူထပ်ဆုံး နိုင်ငံဖြစ်ပြီး ရေနံ အများဆုံး ထွက်ရှိသည့် နိုင်ငံ အဖြစ်လည်း ရပ်တည်နေသည်။ နိုင်ငံတောင်ပိုင်းတွင် နေထိုင်သူ အများစုသည် ခရစ်ယာန် ဘာသာ ကို ကိုးကွယ်လေ့ရှိပြီး မြောက်ပိုင်းတွင်မူ မွတ်ဆလင် ဘာသာဝင်များ အဓိက နေထိုင်ကြောင်းလည်း သိရှိရ သည်။
Shwe Myanmar Media Group မှကူးယူဖော်ပြသည်။
Time in Rangoon


0 comments:
Post a Comment