Tuesday, December 11, 2012

လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေး ဒီဇင်ဘာ ၁၀ ရက်နေ့က ပုသိမ်မြို့တွင် စတင်ဆန္ဒပြ

Posted by drmyochit Tuesday, December 11, 2012, under | No comments




လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံက်ပိုင်းမှစတင်၍ ပုသိမ်မြို့ တွင် ငြိမ်းချမ်း စွာဖြင့် ဆန္ဒပြတောင်းဆိုမှုများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲအား ဆန္ဒပြခွင့်အတွက် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ပေ။ ထိုသို့ ခွင့်မပြုသော်လည်း ဆန္ဒပြသူများမှ ၄င်းတို့သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း နိုင်ငံရေး အကျဉ်းသားဟောင်း ရွှေဝါရောင် ဆရာတော် ဦးတေဇောဘာသ (ခေါ်) ဦးဇင်း နိုင်ကြီးက ဦးဆောင်ကာ တက်ကြွလှုပ်ရှားသူ ၂၀ ခန့်ဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။


ဆန္ဒပြသူများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ တောင်ဘက်ရှိ တဂေါင်းဘုရားအနီးမှ နံနက် ၉ နာရီခန့်က စတင်ကာ ပုသိမ်မြို့ထဲသို့ လှည့်လည်၍  “၀မ်ပေါင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး”၊ “သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်ရေး”၊ “ပြည်သူပိုင်ပစ္စည်းနှင့် သယံဇာတများ အလွဲသုံးစားပြုလုပ်ခြင်း အလိုမရှိ” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြသူများသည် “ဒေါ်နော်အုန်းလှ၊ ကိုဝေလု၊ ကိုညီညီလွင်၊ ဦးမျိုးချစ်၊ ကိုရဲလင်း နိုင်ငံရေးသမားများ ချက်ခြင်းလွှတ်”၊ “သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရေး”၊ “ဒဏ်ရာရ သံဃာတော်များအား တာဝန်ရှိသူများမှ ၀န်ချတောင်းပန်ရေး” စသည့် ပိုစတာများ ကိုင်ဆောင်ကာ ပုသိမ်မြို့၏ အထင်ကရ နေရာများဖြစ်သည့် ရွှေမုဋ္ဌောဘုရား၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံး၊ တရားလွှတ်တော်ရုံး စသည့်နေရာများသို့ လှည့်လည်၍ ဆန္ဒပြ ခဲ့သည်။

ထို့ပြင် ရွှေပြည်သာဈေးကြီး၊ အောင်သီရိဈေး၊ မြို့သစ်ဈေး၊ ဘူတာဈေး၊ မြို့တော်ခန်းမ၊  စသည့် လူစည်ကားသည့် နေရာများသို့လည်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ စတင်လှည့်လည်စဉ်က လှုပ်ရှားသူ ၁၀ ဦးဖြင့် စတင်ခဲ့သော်လည်း မြို့ထဲသို့ ရောက်ရှိချိန်တွင် မြို့ခံလူထု ၁၀၀ ၀န်းကျင်ခန့်အထိ ဆန္ဒပြပွဲတွင် လိုက်ပါလာခဲ့သည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ တိုင်းပြည်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကပိုများမယ် ဆိုတာသိပါတယ်၊ ဒီအချိန်မှာ ဆန္ဒပြဖို့ မလိုလောက်သေးဘူး၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ကလည်း စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ပြီး စစ်ဆေးနေပြီ၊ အဲဒီက အကျိုးရလဒ်ကို ကြည့်ပြီးမှ လုပ်သင့်တာကို ဆက်လုပ်သင့်တယ်၊ အခုဆန္ဒပြနေတာ စောပါသေးတယ်” လို့ ဆန္ဒပြသူများနှင့် အမြင်တူသော်လည်း အယူအဆ မတူသူ ပုသိမ်သားတစ်ဦးမှ ပြောပြသည်။


တက်ကြွလှုပ်ရှားသူများသည် ၄ နာရီခန့်ကြာအောင် လက်ပံတောင်းတောင်အရေးကို ပုသိမ်မြို့တွင်း၌ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နေ့လည် ၁ နာရီခန့်တွင် တဂေါင်းဘုရား၌ပင် ဆန္ဒဖော်ထုတ်မှုကို အဆုံးသတ်ခဲ့ကြသည်။

 ဆန္ဒဖော်ထုတ်မှုအား ယခုလ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်အထိ ၃ ရက်ဆက်တိုက် ပြုလုပ်ရန် စီစဉ်ထားပြီ နောက်ပိုင်းရက်များတွင် ပုသိမ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှုကွန်ရက်အဖွဲ့များပါ ပူးပေါင်းဆန္ဒဖော်ထုတ်ရန် စီစဉ်ထားကြောင်း ဦးဆောင်သူ ဦးတေဇောဘာသ (ခ) ဦးနိုင်ကြီးမှ ပြောပြသည်။


Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်