Saturday, December 15, 2012

လက်ပံတောင်းတောင် သပိတ်မှာပါတဲ့ ကျောင်းသားလူငယ်တွေ တရားစွဲခံရ

Posted by drmyochit Saturday, December 15, 2012, under | No comments


မန္တလေးမြို့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်နဲ့ ဗကသအဖွဲ့ဝင် ၃ ဦးကို ချမ်းမြသာစည်တရားရုံးက တရားမ၀င်စီတန်းလှည့်လည်မှု (ပုဒ်မ၁၈)နဲ့ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်၊ ကို သိန်းအောင်မြင့်၊ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်နဲ့ ကိုမင်းနိုင်လွင် (ခ) ကိုကျော်ကြီးတို့ (၄)ဦးဟာ မနေ့ညက ဖမ်းဆီးခံခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က သံဃာတော်တွေ ဦးဆောင်တဲ့ အထွေထွေသပိတ်မှာ ပါဝင်ဆန္ဒပြတဲ့ အပေါ် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲတာပါ။


ကိုသိန်းအောင်မြင့်ရဲ့ ဇနီး မခက်ခက်တင်က“မနေ့က သူတို့ ၄ ယောက်ကို ခံဝန်လက်မှတ်ထိုးခိုင်းပြီးတော့ အာမခံပေးမယ်ပေါ့၊ အဲလိုပြောတယ်။ သူတို့ ၄ ယောက်လုံးက ခံဝန်လက်မှတ်လည်းမထိုးဘူး။ အာမခံလည်းမယူဘူးပေါ့။ အခု ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပါတယ်၊ အခု သူတို့တတွေကို ထောင်ကြီးချုပ် (အိုးဘိုထောင်) ကို ခေါ်သွား ပါတယ်။” လို့ ပြောပါတယ်။

ဒီနေ့ တရားခွင်ကို သွားတွေ့ရာမှာ ခင်ပွန်းဖြစ်သူနဲ့ တွေ့ခွင့်ရဖို့ ရဲစခန်းက ခွင့်မပြုလို့ ခရိုင်ရဲအရာရှိကို ပြောမှ ၁၀ မိနစ် တွေ့ခွင့်ရခဲ့တယ်လို့ မခက်ခက်တင်က ပြောပါတယ်။ သူတို့တွေကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ ရုံးချိန်းပေးပြီး အိုးဘိုထောင်အချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုရှိပေမယ့် အထွေထွေသပိတ်ဆင်နွှဲတဲ့ သံဃာခေါင်းဆောင်တွေအပါအ၀င် သံဃာတော်တွေကိုတော့ ဖမ်းဆီးခေါ်ဆောင် မေးမြန်းတာ မရှိသေးဘူးလို့ သံဃာခေါင်းဆောင် တပါးက မိန့်ပါတယ်။

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကလည်း ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အရေးယူမယ်ဆိုရင် လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ အကြမ်းဖက်သူတွေကိုပါ အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

“လက်ရှိ ကျနော့်အဖွဲ့အစည်းမှာ တာဝန်အရှိဆုံးဟာ ကျနော်ပဲ။ ကျနော့်ကိုလာဖမ်းပါ။ ကျနော်တို့က ပြန်လွှတ်ဖို့ မတောင်းဆိုပါဘူး။ ကျနော်တို့လုပ်ရင် ကျနော်တို့ ခံရဲသလို၊ လက်ရှိ ရဟန်းသံဃာတော်၊ ပြည်သူတွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွင်းတဲ့လူတွေကလည်း ကျနော်တို့လိုပဲ ရဲရဲရင့်ရင့်ဝန်ခံပါ။ ပြီးရင် တရားဥပဒေကြောင်းအရ အရေးယူဖော်ထုတ် ပေးပါလို့ ကျနော် တောင်းဆိုတယ်” လို့ ပြောပါတယ်။

မုံရွာမြို့က ရဲအထူးသတင်းတပ်ဖွဲ့ကလည်း တက်ကြွလှုပ်ရှားသူ ဒေါ်နုနဲ့ ဗကသအဖွဲ့က ကိုရဲရင့်ကျော်တို့ ၂ ဦးကို ဒီနေ့ခင်းက ၂ နာရီကျော်လောက် ခေါ်ယူမေးမြန်းပြီး နောက် ပြန်လွှတ်ပေးခဲ့ပါတယ်။


ဒီတွေ့ဆုံပွဲမှာ ရဲအရာရှိက အရင်ကာလ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်း ဆန္ဒပြတာတွေ။ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်းတို့အပါအ၀င် ၁၂ ဦး ဖမ်းဆီးခံရစဉ်က ပြန်လွှတ်ရေးတောင်းဆိုမှု မှတ်တမ်းတွေရှိကြောင်း ပြောဆိုပြီး နောက်နောင် အရေးယူခံရမယ်ဆိုတာ သတိပေးတယ်လို့ ဒေါ်နုက ပြောပါတယ်။

ဒေါ်နုက “အန်တီတို့ကို ပြန်လွှတ်လိုက်ပါတယ်။ သူတို့အနေနဲ့က အန်တီတို့က တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်တယ်လို့ မြင်ပါတယ်တဲ့။ တခြားအဖွဲ့အစည်းတွေက လိုက်ပြီးတဲ့အခါကျတော့ လူကြီးတွေကို တင်ပြတဲ့အခါကျရင် အန်တီနုတို့ အရမ်းထင်ရှားနေတဲ့အတွက် ဒါ ခေါင်းဆောင်တဲ့လူလို့ မြင်တယ်ပေါ့လေ။ ဆွေးနွေးပြီးတော့ သတိပေးတာပါပေါ့။

တကယ်လို့ နောက်တခါ လုပ်ခဲ့မယ်ဆိုရင် လျှပ်စစ်မီးရရှိရေး ကမ်ပိန်းတုန်းက ပုံတွေရှိတယ်၊ ဓာတ်ကျောင်းရွာက ကိစ္စတွေပါ တရားစွဲထားတယ်တဲ့။ သူတို့က မလုပ်နဲ့၊ လုပ်ရင် နောက်ထပ်အမှုတွေပါ ပါလိမ့်မယ်။ အဲဒီသဘောမျိုးညွှန်းတယ်လို့ အန်တီထင်တယ်။” လို့ ပြောပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြောခွင့်ရသူ ကိုလင်းထက်နိုင်ရဲ့ ထုတ်ပြန်ချက်အရ ဗကသအဖွဲ့က ကိုရန်မြင့်သန်း၊ ကိုဇော်လင်းအောင်နဲ့ မြင်းခြံမြို့က ကိုသန့်ဇင်နဲ့ ကိုအောင်မြင့်ဟန်တို့ ၄ ဦးလည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်