Saturday, December 15, 2012

ဆွီဒင်လုပ် လက်နက်များ မြန်မာသို့ ရောက်ရှိသွားမှု အိန္ဒိယ ဖြေရှင်းရမည်

Posted by drmyochit Saturday, December 15, 2012, under | No comments


ဥရောပမှ မြန်မာနိုင်ငံအား ရောင်းချရန် ပိတ်ပင်ထားသော ဆွီဒင်လုပ်လက်နက်များ အိန္ဒိယနိုင်ငံ မှတဆင့် မြန်မာနိုင်ငံသို့ မည်ကဲ့သို့ ရောက်ရှိသွားသည်ကို ရှင်းလင်း ပြောကြားပေးရန် ဆွီဒင်က အိန္ဒိယအား သောကြာနေ့ တွင် တောင်းဆိုလိုက်သည်။

အိန္ဒိယ စစ်တပ်မှ ဆွီဒင်လုပ် လက်နက်များ ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်နိုင်ခဲ့ပြီးနောက် ဆွီဒင် ကုန်သွယ်ရေး ဝန်ကြီး Ewa Bjorling အား ကိုးကား၍ အိန္ဒိယနိုင်ငံထုတ် Hindustan Times သတင်းစာ တွင် ရေးသား ထားသည်။

 ဆွီဒင်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီက လက်နက်ကိစ္စ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဆိုခဲ့ပြီးနောက် တရက်အကြာတွင် ထိုထုတ်ပြန်ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။   

 မြန်မာနိုင်ငံတွင် တွေ့ရှိရသော ထိုလက်နက်များသည် အိန္ဒိယမှ ဖြစ်ကြောင်း ဆွီဒင် လက်နက် မပြန့်ပွါးရေးနှင့် ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီ (ISP) က ဝန်ကြီးအား သတင်းပို့ထားသည်။

ဆွီဒင် မီဒီယာတွင် ယခုအပတ်အတွင်း ထုတ်ပြန်ခဲ့သော မြန်မာ အလွတ် ဓါတ်ပုံဆရာ တယောက် ရိုက်ကူးခဲ့သည့် ဓါတ်ပုံများတွင် မြန်မာအစိုးရ စစ်တပ်မှ ကျန်ရစ်ခဲ့သည့် M3 Carl Gustaf တင့်ကားဖျက် ရိုင်ဖယ်နှင့် ကျည်ခွံများကို တွေ့ရသည်။

ထိုဓါတ်ပုံများအနက် တပုံတွင် လက်နက်၏ နံပါတ်စဉ် (serial number) ကို ထင်ထင်ရှားရှား တွေ့နိုင်သည်။  “ဒီလက်နက်တွေရဲ့ နံပါတ်စဉ်တွေအရ ဘယ်မှာ၊ ဘယ်တုန်းက၊ ဘာကို ဆိုတဲ့ သတင်း အချက်အလက်တွေ ရနိုင်တဲ့အတွက် ဘယ့်နှယ့်လုပ် အဲဒီရောက်သွားရတယ်ဆိုတာ ခြေရာခံလို့ ရနိုင်ပါတယ်” ဟု ISP ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဥရောပ သမဂ္ဂသည် ၁၉၉၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင် ထားခဲ့ သည်။ မြန်မာနိုင်ငံသို့ ထိုလက်နက်များ မည်သို့ ရောက်ရှိသွားသည် ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိ ရသေးပေ။ ဝါရင့် သတင်းစာဆရာ ဘာတီးလ် လစ်နာ က သူတွေ့ရှိခဲ့သည့် ပေါ့ပါးပါး လက်နက် မော်ဒယ် အသစ် အား အာရှတိုက်တွင် ထိုင်းနှင့် အိန္ဒိယ နှစ်နိုင်ငံတည်းကိုသာ ရောင်းချခဲ့သည်ဟု သူ၏ သတင်း ဆောင်းပါး ထဲတွင် ဆိုထားသည်။

ယခင်က မြန်မာစစ်အစိုးရအား လက်နက်များ ရောင်းချခဲ့သည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်ကာ ထိုကဲ့သို့ မြန်မာနိုင်ငံသို့ လက်နက် ရောင်းချခဲ့ခြင်း အကြောင်းရင်းများအနက် တခုမှာ မြန် မာနိုင်ငံ ထဲတွင် အခြေစိုက်စခန်းများ ထားရှိထားကာ အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် လှုပ်ရှားလျက်ရှိသည့် (အိန္ဒိယ) သူပုန်များအား တိုက်ခိုက်ရန်အတွက် မြန်မာစစ်တပ်အား လက်နက်တပ်ဆင်ပေးလိုသောကြောင့် ဖြစ်သည်ဟု The Independent သတင်းဌာနက ရေးသားထားသည်။

The Independent ၏ မေးခွန်းများကို စစ်ဆေးကြည့်ရှူလျက် ရှိကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ဌာနက ဆိုသော်လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှာမှု မေးမြန်းထားမှုများအား ချက်ခြင်း တုံ့ပြန်မှု မပြုလုပ် ခဲ့ပေ။ ထိုနည်းတူစွာ မြန်မာနိုင်ငံထံမှလည်း တုံ့ပြန်မှု မရခဲ့ပေ။

ဗုဒ္ဓဟူးနေ့က ISP ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက ပြောကြားရာတွင် ဆွီဒင်လုပ် လက်နက်များ ကြားအ ဖွဲ့အစည်းများ (third parties) များ လက်ထဲသို့ အဆုံးသတ် ရောက်ရှိခြင်းမှာ ဖြစ်လေ့ဖြစ်ထ မရှိဟု ဆိုသည်။

မဇ္ဈိမ သတင်းဌာန 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်