Monday, February 18, 2013

လူတိုင်းအတွက် အချိုမှုန့် အန္တရာယ်

Posted by drmyochit Monday, February 18, 2013, under | No comments

လူအများ အချိုမှုန့် ပါဝင်သော အစားအသောက် များစားပြီး အချိုမှုန့်၏ ဆိုးကျိုးများကို ခံစား ဖူးကြမည် ထင်ပါ သည်။ ၄င်းဆိုး ကျိုးများတွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ရင်ကျပ်ခြင်း (အထူးသဖြင့် ရင်ကျပ် အခံရှိသော လူများတွင်)၊ ရင်ဘတ် အောင့်ခြင်း၊ နုံးချည့်ခြင်း၊ မျက်နှာနှင့် ဦးခေါင်းပိုင်းတွင် ကုပ်ပိုး၌ ပူလောင်ခြင်း၊ ထုံကျဉ်ခြင်း၊ သွေးတိုး ခြင်းနှင့် အချို့တွင် သွေးပေါင်ကျခြင်း (နှလုံးခုန် မမှန်၍)များ ပါဝင်ကြောင်း သုတေသန ပြုချက် များအရ သိရှိပြီး ဖြစ်ပါသည်။ ၄င်းဆိုးကျိုးများသည် တစ်ခါတစ်ရံ အချို့လူများတွင် အလွန် ဆိုးရွားနိုင်ပြီး အသက် သေဆုံးသည် အထိ ဖြစ်နိုင်ကြောင်း သိရှိပြီး ဖြစ်ပါသည်။

သို့အတွက် ကြောင့်လည်း အချို့သော စားသောက်ဆိုင် များနှင့် အစားအစာ ထုတ်လုပ်သူ များသည် အချိုမှုန့်အစား သဘာဝ ဟင်းခတ် မှုန့်များကို ပြောင်းလဲ သုံးစွဲ ကြသော်လည်း စားသောက်ဆိုင် အများစုနှင့် အစားအစာ ထုတ်လုပ်သူ အများစုတို့သည် အရသာ ပိုကောင်းပြီး စွဲမက် စေသော အန္တရာယ် များသည့် အချိုမှုန့် သို့မဟုတ် အချိုမှုန့် ပါဝင်သော အခြား နာမည်နှင့် ဟင်းခတ် ပစ္စည်းများကို အသုံးပြု၍ လူအများကို လှည့်စားကာ အသုံးပြုနေ ကြဆဲ ဖြစ်ပါသည်။ အချိုမှုန့်၏ ဆိုးကျိုးများကို လူအများ ခံစားရမှု များလည်း တစ်ဦးနှင့်တစ်ဦး ကွာခြား လှပေသည်။ အချို့သည် စားပြီး မကြာမီပင် ခံစားရပြီး အချို့မှာ နာရီပေါင်း များစွာကြာမှ ခံစားရ ပေသည်။ အချို့တွင် ပြင်းထန်ပြီး အချို့တွင် မဆိုသလောက်သာ ခံစားရ သဖြင့် အချိုမှုန့်ကြောင့် ဖြစ်သော ဆိုးကျိုးများဟု သိရှိရန် ခက်ခဲမည် ဖြစ်သည်။

အများဆုံး သိရှိမှုမှာ တရုတ် စားသောက်ဆိုင်မှ အပြန်တွင် ရေငတ်ခြင်း၊ သွေးလန့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေ အော့အန်ခြင်း တို့သာ ဖြစ်ပါသည်။ အမှန်မှာ အချိုမုန့်သည် တရုတ် စားသောက်ဆိုင်မှ အစားအသောက် များတွင်သာ ပါဝင်ခြင်း မဟုတ်ဘဲ လူအများ စားသုံး နေသော အသင့် ပြင်ဆင်ပြီး အစာများ (Fast Food), (Prepared Foods) ၊ စည်သွတ်ဘူးများ (Canned Food) စသော စားသောက် ဖွယ်ရာ မျိုးစုံတွင် အချိုမှုန့် ဟူ၍ တစ်မျိုး၊ အခြားအမည် များသုံး၍ တစ်မျိုး လူအများအား လှည့်စား၍ ပါဝင်နေသည်ကို တွေ့ရှိ ရပေသည်။ အချိုမှုန့်သည် အခြားဟင်းခတ်မှုန့် အသွင်ဖြင့် လူအများ မသိရှိအောင် ပါဝင်နေနိုင်သည်။ ဥပမာ အသားမှုန့်များ (ကြက်သား၊ ၀က်သား၊ အမဲဟင်းခတ်မှုန့်များ)၊ ပဲငံပြာရည်များ (Soy Sauce)၊ တဆေး (Yeast and Yeast extracts)၊ မုယောစပါး (Malt)၊ နို့ကြက် တက်ရည် (Whey) အစရှိသော ဟင်းခတ်မှုန့် ဟင်းခတ်အမည် မြောက်များစွာတွင် ပါဝင်နေပြီး ဆိုးကျိုး များကို သက်ရောက် စေနိုင်ပါသည်။ သို့ကြောင့်လည်း အချိုမှုန့်ပါဝင်ပတ် သက်နေသော အစား အစာများသည် လွန်စွာ များပြားလှကာ စားသောက်ဆိုင်အ များစုမှ အစားအစာ၊ လူအများ အသင့်စား သုံးရန်ပြင်ဆင်ပြီး အစားအစာ (Ready Made, Fast Food) Prepared Foodsများ၊ ကျောင်းနှင့် လမ်းဆုံ လမ်းမပေါ်တွင် ရောင်းသော အစားအစာနှင့် အဆိုးရွား ဆုံးမှာ မွေးစ ကလေးငယ် များအား တိုက်ကျွေး ရန် ရောင်းချနေသော Infant Formula များတွင် ပါဝင်နေခြင်းများပင်ဖြစ်ပါသည်။

ဤဟင်းခတ်မှုန့် များ၏ ဆိုးကျိုးများ Dr John Olney နှင့် Dr Russel Blaylock တို့နှစ်ဦးက စနစ်တကျ လေ့လာမှုများပြုလုပ်ခဲ့ပြီး Dr Blayloch က ဟင်းခတ်မှုန့်(အချိုမှုန့်)များကို Exitotoxins လှုံ့ဆော်နေသောအဆိပ်များ၊ The Taste that Kills "အရသာဖြင့် သတ်နေ သော ပစ္စည်းများ" ဟူ၍ ကင်ပွန်းတပ်ပြီး စာအုပ်တစ်အုပ်ပင် ထုတ်ဝေခဲ့ပါသည်။ အချိုမှုန့်၏ ဆိုးကျိုးများ အမေရိကန်အစာနှင့် ဆေးဝါးမှ အချိုမှုန့်ကို ၁၉၅၀ ပြည့်နှစ်မှစ၍ ခွင့်ပြုခဲ့ပါ သည်။ ၄င်းနောက်ပိုင်းတွင် မြောက်မြားလှ စွာသော ကမ္ဘာအနှံ့မှ ပညာရှင်များ၏ သုတေသန ရလဒ်များက အချိုမှုန့်၏ အန္တရာယ်ကို ဖော်ပြခဲ့ပါသည်။ Dr Russel Blaylock က နှလုံးခုန် မမှန်၍ ရုတ်ခြည်း နှလုံး ရပ်ဆိုင်းခြင်းနှင့် အချိုမှုန့်များ ဆက်သွယ်မှု၊ အထူးသဖြင့် အား ကစားသမား များတွင် မဂ္ဂနီဆီယမ်ဓာတ် လိုအပ်နေသော အချိန်တွင် အချိုမှုန့်၏ လှုံ့ ဆော်မှုကြောင့် နှလုံးခုန်မမှန်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ချက်ချင်း သေဆုံးသွားနိုင် ကြောင်း ရေးသား တင်ပြခဲ့သည်။

Pat Robertson မှလည်း ၄င်းဟင်းခတ်မှုန့် (အချိုမှုန့်)များကို Silent Killer "အသံတိတ် သတ်နေသူများ" ဟူ၍ အမည် တပ်ထားသည်ကို သတိချပ် စေလိုသည်။ အခြား အန္တရာယ် တစ်ခုမှာ အဝလွန် ခြင်းဖြစ်ပါသည်။ အထူးသဖြင့် အန္တရာယ် များသော ဝမ်းဗိုက်တွင်းအဆီကို များစေ ပြီး ၄င်းအဆီများခြင်းနှင့် ပတ်သက်သော သွေးတိုး၊ ဆီးချို၊ သွေးလွှတ်ကြောများ ကျဉ်းမြောင်းခြင်း ရောဂါ၊ နှလုံးရောဂါများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ဦးခေါင်းရှိ အာရုံခံများ ပျက်စီးခြင်း၊ အထူးသဖြင့် မျက်စိမြင်လွှာမှ နာဗ့် Cell များကို ဆိုးရွားစွာ ထိခိုက်ခြင်း၊ ဦးနှောက်၏ အရေးပါသော အစိတ်အပိုင်းမှာ ပျက်စီးစေ၍ ၄င်းမှ ထိန်းချုပ်သော ကြီးထွားခြင်း၊ လူပျို၊ အပျိုဖော်ဝင်ခြင်း ဆိုင်ရာ ဟော်မုန်းများကို ထိန်းချုပ်ထားသော Endocrine glands များ၊ အစာစားလိုစိတ်၊ အိပ်ချိန်နှင့် နှိုးထမှု ဇီဝနာရီနှင့် သတိရှိမှုအားလုံးကို ထိခိုက် စေပြီး အဝလွန်ခြင်းအပါအဝင် ဦးနှောက် အာရုံကြော ရောဂါမျိုးစုံ၊ အယ်လ်ဇိုင်းမား ရောဂါ၊ လေဖြတ်ခြင်းနှင့် ပါကင်ဆန်ရော ဂါများ ဖြစ်လာ နိုင်ပေသည်။ ကလေး သူငယ် များတွင်လည်း autism, attention deficit disorder, hyperactivity ရောဂါများ ဖြစ်လာနိုင်ကြောင်း တိရစ္ဆာန် စမ်းသပ်မှု များတွင် တွေ့ ရှိခဲ့ပေသည်။

လူအများ စားသုံးသော အချို့မှုန့်သည် တိရစ္ဆာန်များတွင် အသုံးပြုသည်ထက် များစွာနည်း၍ ၄င်းဆိုးကျိုးများ မဖြစ်နိုင်ဟု စောဒက တက်မည်ဆိုက တက်နိုင်သော်လည်း လူများသည် စမ်းသပ်သည့် ကြွက်များထက် ငါးဆပို၍ Sensitive ဖြစ်ပြီး နေ့စဉ်စားသုံးမှုမှ ဖြစ်ပေါ်လာသော သွေးတွင်း ရလဒ်မှာ စမ်းသပ်တိရစ္ဆာန်များ တွင် တွေ့ရှိသော သွေးတွင်း အဆင့်များ ထက်ပင် ပိုနိုင်ကြောင်း၊ အထူးသဖြင့် မွေးခါစကလေး သူငယ်များသည် ဦးနှောက်ဖွံ့ ဖြိုးဆဲ ကာလဖြစ်၍ ၄င်းကလေး ငယ်များသည် လူကြီးထက် လေးဆခံနိုင်ရည် ပိုနည်းသဖြင့် ၄င်းကလေး သူငယ်များ၏ ဥာဏ်အရည် အသွေး၊ စာပေသင်ကြား တတ်မြောက်မှု အတွက် ရေရှည် ထိခိုက် နိုင်ကြောင်းနှင့် အသက်အရွယ် မရွေး အဝလွန်ခြင်းနှင့် နောက်ဆက်တွဲ ရောဂါများ ခံစား ရနိုင်ကြောင်း ကမ္ဘာအရပ်ရပ်မှ သိပ္ပံ ပညာရှင်များက တင်ပြခဲ့ပေသည်။ အခြား အန္တရာယ် တစ်ခုမှာ ယင်းဟင်းခတ်မှုန့် (အချိုမှုန့်) ကို ကင်ဆာ ရောဂါ၏ မြေသြဇာ ဟူ၍လည်း ကင်ပွန်းတပ် နိုင်ကြောင်း များစွာသော သိပ္ပံပညာရှင် များက သက်သေ ပြခဲ့ပါသည်။

ဆိုခဲ့ပြီးသော ဆိုးကျိုးများမှာ လူအားလုံးတွင် မဖြစ်ခြင်း၊ ဖြစ်သော ဆိုးကျိုး များ၏ ပမာဏနှင့် အချိန် ကွာခြားမှုသည် တစ်ဦးနှင့်တစ်ဦး ကွာခြား မှုရှိခြင်း၊ ဆေးလိပ်နှင့် လူသားတို့၏ ကျန်းမာရေး ထိခိုက် မှုကို ဆောင်ရွက်စဉ် ကကဲ့သို့ပင် နောက်မှ ကြိုးကိုင်သော လုပ်ငန်းရှင်များ၊ ဓနရှင် များ၏ ပေါက်ရောက်မှု၊ ကြိုးကိုင်နိုင်မှုနှင့် ဖုံးကွယ်ထားနိုင်ခြင်းတို့၏ အရှိန်ကြောင့်ပင် ယနေ့ထိတိုင် လူသားများသည် အချိုမှုန့်နှင့် ၄င်း၏အန္တရာယ် ဆိုးကျိုးများကို ဆက်လက်ရင်ဆိုင်နေရကြောင်း တင်ပြ လိုက်ရပါသည်။ အချုပ်ဆိုသော် အချိုမှုန့်သည် နာမည်အသွင်အမျိုးမျိုးဖြင့် စားကောင်း သောက်ဖွယ်များ၊ ကလေးအာဟာရများတွင် ပါဝင်နေနိုင်ပြီး လူတို့၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း အထူးသဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း ဝေဒနာ (Migraine) ၊ အ၀လွန်ခြင်းနှင့် နောက်ဆက်တွဲ ပြဿာနာ များ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ လေဖြတ်ခြင်းများ၊ သွေးတို့းရောဂါ၊ နှလုံးရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါ၊ နှလုံးခုန် မမှန်ရောဂါ၊ ပါကင်ဆန် ရောဂါများ ဖြစ်ပွား စေနိုင်ကြောင်း သိရှိကြပြီး ရှောင်ရှား နိုင်ကြစေရန် စေတနာ ကောင်းဖြင့် အသိပေး လိုက်ရပါသည်။

ဒေါက်တာပိုင်စိုး

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်