Monday, February 18, 2013

မုံရွာခရိုင် ယင်းမာပင်မြို့နယ် ကျွန်းတောကျေးရွာတွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားကာ နေအိမ် ၃၉ လုံး မီးလောင်ကျွမ်းခဲ့

Posted by drmyochit Monday, February 18, 2013, under | No comments


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာအုပ်စု၊ ကျွန်းတောကျေးရွာတွင် ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) နံနက် ၁ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၃၉ လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၅၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။ 

“မီးလောင်တာက နံနက် ၁ နာရီခွဲက ဖြစ်ပြီး ယင်းမာပင်မြို့နယ် မီးသတ်က သတင်းရတာ နံနက် ၁ နာရီ ၄၅ မိနစ်လောက်မှာ သတင်းရတယ်။ မီးလောင်တဲ့ ကျွန်းတောရွာကိုသွားဖို့ ကုန်းရွာအနီးက ယမားချောင်း ကို ဖြတ်ရလို့ လမ်းပြမပါရင် သွားလာရ ခက်ခဲတယ်။ မုံရွာက မီးသတ်ကား ၂ စီးလာရာမှာ ၁ စီးက ယမားချောင်း ထဲမှာ သဲကျွံကျနေတယ်။ မရောက်လိုက်ဘူးလို့ သိရတယ်။ မီးလောင်ရာကို ယင်းမာပင်မြို့ က မီးသတ်ကား ၁ စီး၊ ပုလဲမြို့က မီးသတ်ကား ၁ စီး၊ အလုံတပ်မြို့က မီးသတ်ကား ၁ စီး၊ မုံရွာမြို့က မီးသတ် ကား ၁ စီးတို့ လာရောက် ငြှိမ်းသတ်ပါတယ်။ ကျွန်းတောရွာမှာက ရေစုပ်စက်တွင်းတွေ ပေါလို့ မီးသတ်ကားတွေ ကို ရေစုပ်ပြီး ထည့်ပေးလို့ မီးငြှိမ်းသတ်ရာမှာ အဆင်ပြေပါတယ်။ မီးလောင်တဲ့ အပိုင်းမှာ အိမ်ခြေတွေ အတော်လေး စိပ်တယ်” ဟု မီးငြှိမ်းသတ်ခဲ့ရာတွင် ပါဝင်ခဲ့သော မီးသတ်သမားတစ်ဦးက ပြောကြား သည်။ 

ကျွန်းတောရွာသည် ယင်းမာပင်မြို့၏ အနောက်ဖက် ၈ မိုင်ခန့်တွင် တည်ရှိပြီး အရှေ့ဘက်ရှိ ကုန်းရွာ အရှေ့မြောက်ဘက်ရှိ ချောင်းဆုံ အနောက်ဘက်ရှိ တင်ဆုံ၊ တောင်ဘက်ရှိ လာပို့ကျေးရွာများမှ ရွာသူ၊ ရွာသားများမှလည်း ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။ 

“မီးဖို မီးကြွင်းမီးကျန်ကနေ လောင်တယ်လို့ သိရပြီး စလောင်တဲ့ အိမ်က အသက် ၈၀ ကျော်နဲ့ အသက် ၄၀ ကျော် သားအမိနှစ်ယောက်ထဲ နေထိုင်တယ်လို့ သိရပါတယ်။ နေအိမ် ၃၉ လုံး လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၃၈ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်။ တချို့လည်း လောလောဆယ်အနေနဲ့ တောထဲမှာ မိုးကာတဲထိုးပြီး နေတာကို တွေ့ရတယ်။ မီးဘေးသင့် အိမ်ထောင်စု တော်တော်များများကိုတော့ ကျွန်းတောကျေးရွာ ရတနာသိပံ္ပ ဘုန်းကြီးကျောင်းမှာ နေရာချထားပေးတယ်လို့ သိရပါတယ်” ဟု ယင်းမာပင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ 

နံနက် ၁ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ပြီး နံနက် ၅ နာရီ ခန့်တွင် မီးညွန့်ကျိုးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုအတွက် တရားခံ မငွေရီ (၄၀) နှစ်၊ အဘ ဦးပွား၊ ကျွန်းတော ကျေးရွာနေထိုင်သူ အား (ပ) ၃၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်