Monday, February 18, 2013

လိုအပ်သည့် စက်ရုံမြေပမာဏထက် ပိုမိုသိမ်းယူခဲ့သောကြောင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတတ်ပိုင် မိုးကြိုးဆာလ်ဖျူရစ်စက်ရုံ (ဆားလင်းကြီး) တာဝန်ရှိသူများကို မူလလယ်သမားများက တရားစွဲဆို

Posted by drmyochit Monday, February 18, 2013, under | No comments

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီး အမှန်တကယ် လယ်ယာ လုပ်ကိုင်နေသူ လယ်သမားများ၏ မြေဧက ၁၄ဝ ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လိုအပ်သည့် မြေပမာ ဏထက် ပိုမိုသိမ်းယူခဲ့မှုကြောင့် မုံရွာခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ရကြောင်း Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောသည်။ 

ယင်းသို့ လိုအပ်သည့် မြေပမာဏထက် ပိုမိုသိမ်းယူခဲ့သဖြင့် စက်ရုံအတွက် လိုအပ်သည့် လယ်ယာမြေအား လက်ငုတ် အတိုင်း စိုက်ပျိုးခွင့် ပြန်လည်ရရှိရေး မိုးကြိုးဆာလ်ဖျူရစ်စက်ရုံ (ဆားလင်းကြီး)မှ တာဝန်ရှိ သူများအား ၁၈၇၇ ခုနှစ် သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၄၂ အရ ရှေ့နေဦးဖိုးဖြူအပါအဝင် လယ်သမား ၄၈ ဦးက ဖေဖော်ဝါရီ ၁၃ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတတ်ပိုင် မိုးကြိုး ဆာလ်ဖျူရစ် စက်ရုံ (ဆားလင်းကြီး) အတွက် လုပ်သားအိမ်ရာဝင်း ၅ ဧကခန့်ကို ၂ဝဝ၆-၂ဝဝ၇ ခုနှစ်က ဆောက်လုပ်ခဲ့သည်။ 

အိမ်ရာဝင်း ဆောက်လုပ်ပြီးချိန်တွင် စက်ရုံအတွက် အမှန်တကယ်လိုအပ်သည့် ပမာဏထက် အနီးဝန်း ကျင်ရှိ မြေဧက ၁၄ဝ ကျော်အား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဂရန်လျှောက်ထား ရယူခဲ့သည်။ 

ထိုသို့လျှောက်ထားခဲ့ပြီး ၂ဝ၁၂ နှစ်ဆန်းပိုင်းတွင် လယ်ယာစိုက်ပျိုးသီးနှံ ထုတ်လုပ်မှု မှတ်တမ်းစာ အုပ် များဖြင့် အမှန်တကယ်လုပ်ကိုင်နေသူ လယ်သမားဦးရေ ၃ဝ ကျော်ကို မြေယာကျူးကျော်မှုဖြင့် ဆားလင်း ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ 

''ဒီလို ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ အသက်ဝင်မှုမရှိခင်က သိမ်းယူခဲ့တဲ့ မြေတွေအတွက် ပြဿနာတွေ ဖြစ်နေ တာအများကြီးပါ။ ဒီပြဿနာတွေအတွက် ဥပဒေဟောင်းနဲ့ ဖြေရှင်းမှုမရှိခဲ့သလို ဥပဒေသစ်ကလည်း အငြင်းပွားနေ တာဆိုတော့ လယ်ယာမှတ်ပုံတင်ခွင့် မရသလို မြေယာကော်မတီမှာ လယ်ယာမှုခင်းလည်း ဖွင့်လို့မရ ဖြစ်နေတယ်။ ဒီလိုဥပဒေသစ်နဲ့လည်း မရ၊ ဥပဒေဟောင်းနဲ့လည်း အကျုံးမဝင်လို့ တည်ဆဲသီးခြား သက်သာခွင့် ဥပဒေနဲ့ တရားစွဲရတာပါ။ ဒီလိုပြဿနာတွေကလည်း မြန်မာနိုင်ငံမှာ အများကြီးပါ'' ဟု ရှေ့နေကိုဖိုးဖြူက ပြောသည်။ 

လက်ရှိ ဖြစ်ပွားနေသည့် မြေယာပြဿနာများမှာ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ အသက်မဝင်မီ ဖြစ်ပွား ခဲ့သည့် လယ်ယာမြေပြဿနာများအား မည်သည့်ဥပဒေဖြင့် ဖြေရှင်းပေးရန်ဆိုသည့် ပြဋ္ဌာန်းချက်နှင့် တရားမျှ တစွာ ဖြေရှင်းပေးရေးမူ ပါဝင်မလာသဖြင့် မြေယာပြဿနာ ဖြေရှင်းရေးဥပဒေတစ်ရပ် ထွက်ပေါ် လာရန် လိုအပ်ကြောင်းလည်း ဦးဖိုးဖြူက ပြောသည်။ 

ထိုသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ၊ ညောင်ပင်ကြီးကွင်း၊ တောင်ပ လူကွင်းနှင့် ကျောက်မျက်ကွင်းရှိ ဒေသခံ မူလလယ်ပိုင်ရှင်များက မြန်မာ့စီးပွားရေး ဦးပိုင်လီမိတတ် မိုးကြိုးဆာလ်ဖျူရစ် စက်ရုံ (ဆားလင်းကြီး) မှ တာဝန်ရှိသူများအား ၁၈၇၇ ခုနှစ် သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၄၂ အရ ဖေဖော်ဝါရီ ၁၃ ရက်က တရားစွဲဆိုခဲ့မှုအပေါ် မုံရွာခရိုင် တရားသူကြီးမှ တရားမကြီး အမှုအမှတ် ၉/၂ဝ၁၃ ဖြင့် အမှုကို လက်ခံခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် အမှုကို စတင်ကြားနာ စစ်ဆေးမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်