Monday, February 18, 2013

ထိုင်းနိုင်ငံတွင် ရေနွေးပူအလောင်းခံရပြီး အနှိပ်စက်ခံရသော၁၂နှစ်အရွယ် ကရင်မိန်းကလေးငယ် အတွက် ထိုင်း-မြန်မာအစိုးရတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေ

Posted by drmyochit Monday, February 18, 2013, under | No comments

ထိုင်းနိုင်ငံတွင်ရေနွေးပူ အလောင်းခံရပြီး အနှိပ်စက် ခံ ရသော အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင် မိန်းကလေး ငယ် အမှုအတွက် ထိုင်း-မြန်မာ အစိုးရ တာဝန် ရှိသူများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

အနှိပ်စက်ခံရသော ရွှေ့ပြောင်းအလုပ်သမား မိန်းကလေး မှာ အဲန်းဟုအမည်ရှိသော ကရင်လူမျိုးဖြစ်ပြီး ၎င်းအိမ်ဖော် အဖြစ် အလုပ်လုပ်နေသော အိမ်ရှင် လင်မယား နှစ်ဦးက သူမအား ခွေးလှောင်အိမ် အတွင်းသို့ ထည့်၍ ရေနွေးပူလောင်းကာ နှိပ်စက်ခြင်း၊ နားရွက်ဖြတ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပြီး ဆေးရုံသို့ မပို့ဘဲ အနာကို ဆားရည်ဖြင့် ဆေးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ယင်းအမှု အတွက် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အလုပ်သမား ဝန်ကြီးဌာနမှ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ဖေဖော်ဝါ ရီလ ၁၅ ရက်က ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ယင်းမိန်းကလေးနှင့် တွေ့ဆုံကာ ဖြစ်စဉ်အသေး စိတ်ကို စုံစမ်းမေးမြန်းခဲ့သည်။ 

မြန်မာအစိုးရမှ ပေးအပ်လိုက်သည့် ဘတ်နှစ်သောင်းနှင့် မြန်မာနိုင်ငံသားများ ထည့်ဝင်မှုဖြင့် ဘန်ကောက် ရှိ မြန်မာသံရုံး၌ ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ရန်ပုံငွေမှ ဘတ်ငွေ ၅ဝဝဝ စုစုပေါင်း ဘတ်၂၅ဝဝဝ ကိုလည်း ပေးအပ်ခဲ့သည်။ 

ထို့အပြင် ပြစ်မှုကျူးလွန်သူများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူပေးရန် ထိုင်းအစိုးရထံသို့ တောင်း ဆိုစာ ပေးပို့ထားပြီး တောင်းဆိုစာတွင် တရားခွင်တွင် မြန်မာအစိုးရဘက်မှ ကိုယ်စားလှယ်များ စေလွှတ်ရန် အတွက် လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။ 

ထိုင်းအစိုးရ အနေဖြင့်လည်း ပြစ်မှုကျူးလွန်သူများအား ဖြားယောင်းမှု၊ မတရားညှင်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ် အားခိုင်းစေမှု၊ တရားမဝင် အလုပ်သမားလက်ခံမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု စသည့်ပြစ် မှု ၇ ချက်ဖြင့် စွဲချက်တင်ရန် စီစဉ်လျက်ရှိသော်လည်း ပြစ်မှုကျူးလွန်သူများမှာ ဝန်ခံခြင်း မရှိသည့် အတွက် လွှတ်ပေးထားရကြောင်း ထိုင်းနိုင်ငံ ကမ်ဖယ်ဖစ်ခရိုင် ရဲအုပ်ကြီးဝမ်းချိုင်က ညှိနှိုင်းဖြေ ရှင်းရေး အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

ကလေးငယ်၏ ဒဏ်ရာများကိုလည်း ပလတ်စတစ်ဆာဂျရီ အပါအဝင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး မည့်အပြင် ပုံမှန်ဖြစ်သည်အထိ ကုန်ကျစရိတ်များအား ကျခံပေးမည်ဖြစ်ကြောင်း၊ ဆေးကုသမှုအပြီးတွင် ထိုင်းနိုင် ငံ၌ တရားဝင်အခမဲ့ ပညာသင်ကြားခွင့် ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ထို့အပြင် ကလေးငယ်အတွက် ထိုင်းဘုရင့်တပ်ဖွဲ့၊ ပညာရေးဌာန၊ တရားရေးဌာနနှင့် တစ်သီးပုဂ္ဂလ အလှူရှင် များ၏ အလှူငွေ ဘတ် ၅၇၁၆ဝ အား ကလေးငယ်ကို စောင့်ရှောက်ထားသော မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဂေဟာမှ တာဝန်ရှိသူသုံးဦး ပူးတွဲ၍ ဘဏ်စာရင်း ဖွင့်လှစ်ထားရှိကြောင်း၊ မြန်မာအစိုး ရ၏ ထောက်ပံ့ငွေများကိုလည်း ယင်းဘဏ်စာရင်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်သည်။ 

ယင်းအမှုနှင့် ပတ်သက်၍ အင်တာနက် သတင်းများမှတစ်ဆင့် သိရှိခဲ့ရပြီး ထိုသို့ကူညီ ဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။ 

''ကျွန်တော်တို့က ဒီကိစ္စကို အင်တာနက်သတင်းတွေအရ သိရတာပါ။ ကျွန်တော်တို့အနေနဲ့ စက်ရုံ၊ အလုပ် ရုံက အလုပ်သမားတွေကို သွားတွေ့လို့ရပေမယ့် ဒီလိုကိစ္စကျတော့ အင်တာနက်နဲ့ မီဒီယာတွေမှာ သတင်းတွေ့ မှ သိရတယ်။ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေကို တိုင်ကြားဖို့ ဖုန်းနံပါတ်တွေကိုလည်း အလုပ် သမားတွေဆီ ဖြန့်ထားပါတယ်။ ဒီလိုမတရားခံရတဲ့ ကိစ္စတွေကို ကျွန်တော်တို့ဆီ တိုက်ရိုက် တိုင်ကြားဖို့ လိုပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင် က ပြောသည်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၂ ခုနှစ် မေလက ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့ရာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည်။ 

သို့သော် လက်ရှိတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ဘာသာစကား အခက်အခဲရှိခြင်းနှင့် အလုပ်ရှင် များက တရားဝင်အဖြစ် လုပ်ဆောင်ပေးမှု မရှိခြင်းတို့ကြောင့် ထိုင်းအစိုးရ သတ်မှတ်ထားသော အလုပ် သမား အခွင့်အရေးများ မရရှိနေသေးကြောင်း ရွှေ့ပြောင်း အလုပ်သမားများထံမှ သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်