Wednesday, April 24, 2013

နောက်ဆုံးပေါ် ၁,၅ဝဝ တန် ဖုန်းကတ် ခေါင်းစဉ်နဲ့ မြန်မာ့အလင်းအား ဧရာဝတီရဲ့ ဝေဖန်ချက်

Posted by drmyochit Wednesday, April 24, 2013, under | No comments


ကျပ် ၁,၅ဝဝ တန် တန်ဖိုးနည်း ဖုန်းကတ် အကြောင်း ဒီကနေ့ထုတ် အစိုးရ အာဘော် မြန်မာ့ အလင်းမှာ ဝေဝေ ဆာဆာ ဖော်ပြထား ပါတယ်။

သတင်း တပုဒ်မှာ ဆိုရင် တာချီလိတ် ခရိုင် အတွက် ကတ် ၇ဝဝ ရောင်းမယ့် အကြောင်း တွေ့ရ မှာပါ။  
 ဒီမနက် ရန်ကုန်မြို့မှာ ဖြန့်နေတဲ့ တန်ဖိုးနည်း ဖုန်းကတ်  (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

အဲဒီ အရေ အတွက် ထဲကနေ ဆက်သွယ်ရေး စခန်းများ အတွက် ၃ ကတ်၊ စစ် တပ် မိသား စုများ အတွက် ကတ် ၅ဝ ဖယ်ထုတ် လိုက်တဲ့ အတွက် ၆၄၇ ကတ် ကျန် ပါတယ် တဲ့။

ဖုန်းကတ် ၀ယ်လိုကြောင်း လျှောက်ထားသူတွေက အဲဒီ ၆၄၇ ကတ်ကို မဲနှိုက်ကြ တယ်လို့ ဆိုတယ်။

သတင်း မှာတော့ "ကံထူးရှင်" ရွေးချယ်ကြ တယ်လို့ သုံးပါတယ်။

နိုင်ငံတော်ရဲ့ စေတနာကြောင့် ၁,၅ဝဝ တန် ဖုန်းကတ်တွေ ပေါ်လာရာမှာ အခုလို ကံထူးရှင် ရွေးချယ် ပွဲတွေ ကို နိုင်ငံ အနှံ့ တွေ့လာ ရပါပြီ။

ဒေသခံ အုပ်ချုပ်ရေး ဌာနတွေလည်း လျှောက်လွှာတွေ ကောက်ခံ၊ လော်စပီ ကာနဲ့ တကြော်ကြော်အော်၊ ကံထူးရှင် ရွေးချယ် စတဲ့ အလုပ်အကိုင်သစ်တွေ ရလာကြတာ တွေ့ရမှာပါ။

ကြေးမုံ သတင်းစာ သတင်းတပုဒ်မှာတော့ တောင်ကြီးမြို့ ကံထူးရှင်ရွေးချယ်ရာမှာ ရဟန်းတော်များလည်း ၀င်ရောက်ကြီး ကြပ်ခဲ့ကြောင်း ရေးထားတာ တွေ့ရမှာပါ။

လာမယ့်လတွေမှာလည်း ၁,၅ဝဝ တန်တွေ ချပေးဦးမှာ ဆိုတော့ ဒီမြင်ကွင်းတွေ ထပ်တွေ့ရဖွယ် ရှိပါတယ်။

လတိုင်း ကတ်အရေအတွက် သုံးသိန်းခွဲ ဖြန့်မယ်လို့ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးဝင်းသန်းက ပြော ဆိုကြောင်း မြန်မာ့ အလင်းမှာ ရေးပါတယ်။

အရေအတွက်

၁,၅ဝဝ တန် ကတ်ထဲမှာ ဖုန်းပြောခ ကျပ် ၃ဝဝ ဖိုး ထည့်ထားပေးတဲ့အတွက် ၆ မိနစ် ခေါ်နိုင်မှာပါ။ ထပ်ခေါ်ဖို့ ဆိုရင် ငွေဖြည့်ကတ် ၀ယ်ပြီး ငွေဖြည့်ရပါမယ်။

ကတ်ဝယ်ထားပြီး ခေါ်ဆိုမှု နည်းသူတွေ သတိထားရမယ့်အချက်တချို့လည်း ရှိပါတယ်။
အဲဒါကတော့ - ဖုန်းပြောခ ၅,ဝဝဝ ထည့်ရင် ၂ လ အတွင်း ကုန်အောင် သုံးရမယ် ဆိုတာပါပဲ။
၂ လ ပြည့်ရင် ငွေထပ်ထည့်ရမယ်၊ ထပ်မထည့်ရင် ဒီကတ်က အလုပ်မလုပ်တော့ပါဘူး တဲ့။

၁,၅ဝဝ တန်ဖုန်းကတ် အချက်အလက်တချို့

    ခေါ်ဆိုခ တမိနစ် - ကျပ် ၅ဝ
    အင်တာနက်သုံးခ တမိနစ် - ၄ ကျပ်
    အင်တာနက်သုံးခွင့် မှတ်ပုံတင်ကြေး - ကျပ် ၁ဝ,ဝဝဝ


ဒီကတ်ကနေ အင်တာနက် သုံးမယ် ဆိုရင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာ ရုံးတွေမှာ လျှောက်လွှာတင်ရမယ်၊ လျှောက်တဲ့အခါ မှတ်ပုံတင်ကြေး  ကျပ် ၁ဝ,ဝဝဝ သွင်းရ ပါမယ် တဲ့။

မိုဘိုင်း ဖုန်း ခေါ်ဆိုမှု အခြေ အနေ

မြန်မာ့အလင်းသတင်းစာနဲ့ ဆက်သွယ်ရေးဒုဝန်ကြီးရဲ့ အင်တာဗျူးထဲမှာ လက်ရှိသုံးနေတဲ့ ဖုန်းလိုင်းတွေ အားနည်းချက်ရှိကြောင်း ဆိုတဲ့အချက်လည်း ပါပါတယ်။
"ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အချို့ မြို့ကြီးတွေမှာ လိုင်းတွေ ကြပ်ပြီး ခေါ်ဆိုရခက်ခဲနေ"တယ် လို့ ဒုဝန်ကြီးက ဆိုကြောင်း ဒီနေ့ မြန်မာ့အလင်းမှာ ရေးပါတယ်။ လိုင်းတွေ တိုးချဲ့ရပါမယ် တဲ့။

အခု ပေါ်လာတဲ့ ၁,၅ဝဝ တန်များအတွက်လည်း တယ်လီဖုန်းမျှော်စင်တိုင် သုံးရာ နီးပါး ရှိနေပါပြီ တဲ့။
တိုင်ရှိတဲ့ဒေသဟာ ဆက်သွယ်ရေးဧရိယာ ဖြစ်လာပါလိမ့်မယ်။ တိုင်နဲ့ဝေးသွားရင်တော့ ဆက်သွယ်ရေးဧရိယာအပြင်ဘက်ရောက်နေတယ် ဆိုတဲ့သဘောပါပဲ။

ပြင်ပပေါက်ဈေး
၁,၅ဝဝ တန် ၀ယ်ခွင့်ရသူတွေထဲမှာ တချို့က ပြန်ရောင်းကြပါတယ်။
ပြင်ပပေါက်ဈေးက မူရင်းဈေးထက် ဆယ်ဆ ဖြစ်သွားပါပြီ။
အမြတ်များပေမယ့် စီးပွားဖြစ်လုပ်ငန်းတော့ မဟုတ်ပါ။ မဲပေါက်သူက ဖုန်းကတ် တကတ်ပဲ ၀ယ်ခွင့်ရတဲ့အတွက် ဖြစ်ပါတယ်။

၅,ဝဝဝ တန် ဖုန်းကတ်
လုပ်ပိုင်ခွင့်တွေရမယ်ဆိုရင် ဖုန်းကတ်တခုကို ကျပ် ၅,ဝဝဝ နဲ့ ရောင်းနိုင်တယ် ဆိုတဲ့သဘော ကုမ္မဏီ တခုရဲ့ ပြောဆိုချက်ကို ကြားကြရပြီး ဖြစ်မှာပါ။

အခုတော့ ဖုန်းကတ်တခုကို ကျပ်ထောင်ဂဏန်း (ပြင်ပပေါက်ဈေး သောင်းဂဏန်း) တကယ်ဖြစ်လာပါပြီ။

ဖုန်းကတ် တခုကို ကျပ်သိန်းပေါင်း များစွာပေး ခဲ့ရတာဟာ ဗိုလ်ချုပ်ကြီးများ ကိုယ်ကျိုးရှာ အုပ်ချုပ်စီမံခဲ့ လို့ပါပဲ။
သူတို့ရဲ့ အရှုပ် တွေကြောင့် ဒီနေ့ခေတ် အပြောင်းအလဲ ဖော်ဆောင်ရာမှာ ကျပ်ထောင်ဂဏန်းတန် ဖုန်း ကတ်တွေ ဖောဖော သီသီ ချပေးရ ခက်ခဲနေဟန် တူပါတယ်။

အခက်အခဲတွေ မရှိဘူး၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် တကယ် ပေးပြီ ဆိုရင်တော့ တချို့နိုင်ငံတွေမှာ ဖုန်းကတ် အလကား ပေးတဲ့ မြင်ကွင်းတွေ မြန်မာပြည်မှာလည်း တွေ့လာ တော့မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့်မျိုးကို လာမယ့် ရွေးကောက်ပွဲမတိုင်ခင် တွေ့လာ ရမယ်လို့ ယူဆ ပါတယ်။

စာနယ်ဇင်းတွေက ဘာပြောကြသလဲ

ဖုန်းဈေး ဒလိမ့် ခေါက်ကွေး ပြုတ်ကျတဲ့ အတွက် ပြည်သူ တွေက နှစ်ထောင်း အားရစွာ ကြိုဆိုခဲ့ကြောင်း NLD ပါတီရဲ့ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။

"ကျပ်ငွေ သိန်းဆယ်ပေါင်းများစွာ ဈေးနှုန်းမှ ကျပ်ငွေ ထောင်ဂဏန်း ဈေးနှုန်းသို့ လျှော့ချနိုင်ခြင်း၏ လျှို့ဝှက် ဆန်းကြယ် ဇာတ်လမ်းသည် အဘယ်နည်း။ ဖြစ်စဉ်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရန် အစိုးရတွင် တာဝန် ရှိသည်" လို့လည်း ရေးပါတယ်။

တန်ဖိုး နည်း ဖုံးအဖြစ် ၁၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာက တကယ်တန်းတော့ ဆက်သွယ်ရေးရဲ့ Service မဟုတ် ဘဲ တပ်မတော်ပိုင် MECTEL ရဲ့ Service သာ ဖြစ်ပါတယ် လို့ TechSpace နည်းပညာဂျာနယ် အယ်ဒီတာ့ အာဘော်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကမောက်ကမ ဖြစ်နေမှုဟာ နားလည်ဖို့ ခက်တယ်၊ "ဆေးမှီးတိုများနဲ့သာ ဖြေရှင်း နေရ သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်" လို့ TechSpace နည်းပညာဂျာနယ်က ရေးပါ တယ်။

From: ဧရာဝတီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်