ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်စဉ်ကို နောက်ကွယ်၌ ကြိုးကိုင်လှုံ့ဆော် ဖန်တီးသူ ရှိသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
ထို့ပြင် ယခုကိစ္စတွင် နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိ-မရှိကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က သြဂုတ် ၂၆ ရက် နံနက်က ပြောကြားသည်။
အဆိုပါ အကြမ်းဖက်ဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူ ၁၁ ဦးကို ဖမ်းဆီးထားပြီး စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ကို သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် အမျိုးသား တစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ အစပြု၍ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာန တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင် က ''အခုလက်ရှိ အချိန်ထိတော့ ကျူးလွန်တယ်လို့ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားတယ်။ အဲဒီ ၁၁ ဦးထဲက ကိုယ်တိုင်ပါဝင်သူ မဟုတ်တာတွေလည်း ရှိတယ်။ ဒါကြောင့် အဲဒီအထဲက အစပြုခဲ့တဲ့ ကျူးလွန်သူတွေကို စစ်ဆေးမယ်။ ပြီးတော့ ဒီဖြစ်စဉ်ကို နောက်ကွယ်က ဖန်တီးသူ ရှိမရှိ ဆိုတာကိုလည်း စုံစမ်းသွားမယ်။ အခုအချိန်အထိ နောက်ကွယ်က ရှိနေတယ် ဆိုတာတော့ မကြားသေးဘူး'' ဟု သြဂုတ် ၂၆ ရက် နံနက်က ပြောသည်။
ထန်းကုန်းကျေးရွာရှိ မီးလောင်ဖျက်ဆီးခံရသော အိမ်တစ်အိမ်အား သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
ယင်းအကြမ်းဖက် ဖြစ်စဉ်မှာ ဖန်တီးသူ ရှိသည်ဟု ဒေသခံများက သုံးသပ်နေကြကြောင်း သိရသည်။
''သတင်းထွက်ပေါ်ခဲ့တာ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်ခဲ့တယ်။ နောက်သိပ်မကြာဘူး။ တစ်နာရီခွဲလောက်မှာ မြို့နယ်ဆက်စပ်တဲ့ ကျေးရွာတွေက လူတွေ အုပ်စုလိုက် ရောက်လာပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကို ကျွန်တော်တို့ ဒေသခံတွေက ဒီဖြစ်စဉ်ကြီးကို ကြိုတင်ရည်ရွယ် ခဲ့တယ်လို့တောင် သုံးသပ်လို့ ရပါတယ်'' ဒေသခံ တစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး သတင်းရဲတပ်ဖွဲ့မှ ရဲမှူးစိုးအောင်က ''အခုချိန်အထိတော့ သေဆုံးခဲ့တဲ့လူ မရှိပါဘူး။ ပျက်စီးခဲ့တဲ့ အိမ်အရေအတွက်က ၄၀ နီးပါး ရှိတယ်။ ဒီဖြစ်စဉ်ကို ကြိုတင်ဖန်တီးခဲ့တယ် ဆိုတာကိုတော့ အခုချိန်မှာ မသိသေးပါဘူး'' ဟု ပြောပါသည်။
ဒုတိယရဲမှူးကြီး မင်းအောင်က ''အခု လက်ရှိအချိန်မှာတော့ အခြေအနေ အားလုံးကို ထိန်းနိုင်ခဲ့ပါပြီ။ ကန့်ဘလူမြို့ နယ် အနီးနားမှာတော့ ရဲတပ်ရင်းတွေ ရှိတဲ့အတွက် တိုင်းဒေသကြီးက ရဲတပ်ရင်းတွေကို စေလွှတ်ထားပါတယ်'' ဟု ပြောကြားသည်။
By: Eleven
Time in Rangoon



0 comments:
Post a Comment