မီးမှန်မှန်ပေးရန် အာမမခံနိုင်သဖြင့် ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှု လက်လွှတ် ရဖွယ် ရှိ လျှပ်စစ် ဓာတ်အား တစ်ရာမဂ္ဂါဝပ် မှန်မှန်ပေးနိုင်ရန် အာမမခံနိုင်သဖြင့် အမေရိကန် ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည့် Samsung ကုမ္ပဏီကို ခွင့်မပြုနိုင်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ကပြောသည်။
“Samsung က သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမယ်။ တယ်လီဖုန်း ထုတ်ပြီး အခွန်တွေပြန်သယ် သွားမယ်။ လျှပ်စစ်မီး မဂ္ဂါဝပ်တစ်ရာ မှန်မှန်ပေးရမယ် ပြောတယ်။ ကျွန်တော် ခေါင်းညိတ်ဖို့ ခက်နေတယ်” ဟု ဦးစိုးသိန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေရာသီတွင် ရေအား လျှပ်စစ်နှင့် ကျောက်မီးသွေး စက်ရုံတို့မှ လျှပ်စစ် ဓာတ်အား ၁၃၂၆ မဂ္ဂါဝပ်နှင့် သဘာဝ ဓာတ်ငွေ့မှ ၃၇၃ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော်လည်း ၃၇၂ မဂ္ဂါဝပ် လိုအပ် ချက် ရှိနေသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ပြောသည်။
သို့သော် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသည် နှစ်စဉ် လျှပ်စစ်ဓာတ်အား ပိုမို ရရှိအောင် ဆောင်ရွက်လျက် ရှိနေကြောင်း ဦးမော်သာထွေးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန်အတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုး ရေးဘဏ်တို့က ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ် တိုးတက်လျက်ရှိကာ ၂၀၁၃ ပထမ လေးလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရရှိသဖြင့် ယမန်နှစ်က ၀င်ရောက်ခဲ့သော ပမာဏထက် ကျော်လွန်သွား ခဲ့သည်။
BY 7DAY NEWS
Time in Rangoon


0 comments:
Post a Comment