Thursday, August 29, 2013

ဆီးရီးယားသို့ ဓာတ်ငွေ့ကာမျက်နှာဖုံးများ မြောက်ကိုရီးယား တင်ပို့ခဲ့

Posted by drmyochit Thursday, August 29, 2013, under | No comments


မြောက်ကိုရီးယားသည် ဆီးရီးယားသို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တင်ပို့ရန် ကြိုးစားခဲ့ကြောင်း ဂျပန်သတင်းစာ တစ်စောင်က ထုတ်ဖော် ရေးသားလိုက်သည်။ အင်္ဂါနေ့ထုတ် ဆန်ကီရှင်ဘွန်း သတင်း စာက ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများ မဖြစ်ပေါ်မီ ကတည်း က မြောက်ကိုရီးယား နိုင်ငံသည် ဓာတ်ငွေ့ကာ မျက်နှာဖုံး များကို ပြည်တွင်း စစ် ဖြစ်ပွားနေရာ နိုင်ငံ သို့ တင်ပို့ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ ဓာတ်ငွေ့ ကာ မျက်နှာဖုံးများကို လက်နက်များ၊ ကျည်ဆန်များနှင့်အတူ တူရကီတွင် သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရသည်။ အမေရိကန်က ဆီးရီးယားတွင် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုများအတွက် အရေးယူမှု ပြုလုပ်ရန် အလေးအနက် စဉ်းစားနေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

လစ်ဗျားနိုင်ငံတွင် မှတ်ပုံတင်ထားပြီး အယ်လ်အန်တီဆာဟု အမည်ပေးထားသော သင်္ဘောသည် ယခုနှစ် အစောပိုင်းက မြောက်ကိုရီးယားမှ ထွက်ခွာလာပြီး ဆီးရီးယားသို့ ဦးတည်ခုတ်မောင်းခဲ့ကြောင်း ဆန်ကီရှင်ဘွန်း သတင်းစာက အမည်မဖော်ပြသည့် အမေရိကန်စစ်ဘက်၊ ဂျပန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ အဆိုကို ကိုးကား ဖော်ပြခဲ့သည်။ အမေရိကန် စစ်ဘက်သည် သင်္ဘောပေါ်တွင် လက်နက်များ တင်ဆောင်လာကြောင်း သတင်းကြောင့် မဟာမိတ် နိုင်ငံများနှင့် ဆက်သွယ်ချိတ်ဆက်ပြီး ဧပြီလ (၃)ရက်နေ့ကမူ တူရကီရှိ ဒါဒန်နဲလက်စ်အနီးတွင် ကြားဖြတ် စစ်ဆေးမှု ပြုလုပ်စေခဲ့သည်။

တူရကီ အာဏာပိုင်များသည် ပစ္စတိုနှင့် ရိုင်ဖယ်သေနတ် (၁၄၀၀)၊ ကျည်ဆန် (၃၀၀၀၀)နှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး အများအပြားကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။ ယင်းမျက်နှာဖုံးများသည် ဓာတုလက်နက် တိုက်ခိုက်မှုအတွက် ကာကွယ်နိုင်ရန် ရည်ရွယ်ဟန်ရှိကြောင်းလည်း အဆိုပါ သတင်းစာက မှတ်ချက်ပြု ရေးသားခဲ့သည်။ အမေရိကန် စစ်ဘက်ထောက်လှမ်းရေးက သင်္ဘောသည် တင်ဆောင်လာသော ကုန်သေတ္တာများကို တူရကီတွင် ချထားပြီး ထိုမှတစ်ဆင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်၏ သစ္စာတော်ခံ တပ်ဖွဲ့များထံ လက်လွှဲပေးရန် ရည်ရွယ်ထားကြောင်း ခန့်မှန်းခဲ့သည်။

ကုလသမဂ္ဂသည် နျူကလီးယားလက်နက်နှင့် ဒုံးကျည်စမ်းသပ်မှုများကြောင့် မြောက်ကိုရီးယား နိုင်ငံအား လက်နက်တင်ပို့ခွင့်များ ပိတ်ပင်တားဆီးထားပြီး ဖြစ်သည်။ အကယ်၍ ဆီးရီးယားတွင် ဖြစ်ပွားသော ဓာတုလက်နက် တိုက်ခိုက်မှုတွင် တစ်စုံတစ်ရာ ဆက်နွယ်မှုရှိကြောင်း အတည်ပြု တွေ့ရှိပါက မြောက်ကိုရီးယား အနေဖြင့် ကုလသမဂ္ဂ၏ နောက်ထပ် ပိုမိုပြင်းထန်သော အရေးယူမှုနှင့် ကြုံလာရဖွယ် ရှိနေသည်။ ဩဂုတ်လ (၂၁)ရက်နေ့က ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်အနီးတွင် ဓာတုလက်နက်နှင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ဆီးရီးယား အစိုးရနှင့် ၎င်းတို့ကို ဆန့်ကျင်သော သူပုန်များက အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲလျှက်ရှိသည်။

From: Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်