Thursday, August 29, 2013

Privacy ပေါက်ကြားမှုကြောင့် Facebook လျော်ကြေးပေးရမည်

Posted by drmyochit Thursday, August 29, 2013, under | No comments


ပုဂ္ဂိုလ်ရေး အချက်အလက် Privacyများ ပေါက်ကြားမှုအတွက် Facebookက လျော်ကြေး ဒေါ်လာ သန်း(၂၀)ဝန်းကျင်မျှ ပေးချေသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘာကျော် Social Networking ဝက်ဘ်ဆိုက်ကြီးကို သုံးစွဲနေသူများအနက် ခန့်မှန်းခြေ (၆၁၄၀၀၀)မျှသည် ၎င်းတို့၏ အမည်များနှင့် အခြားသော ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကြော်ငြာများနှင့် ယှဉ်တွဲဖော်ပြ ခံခဲ့ရသည်။ ယင်းအခြေအနေအတွက် ထိုသူများက ခွင့်ပြုခဲ့ခြင်း မရှိရာ Privacyပိုင်းဆိုင်ရာ ချိုးဖောက်သည့် သဘောမျိုး သက်ရောက်သွားခဲ့သည်။ ထို့ကြောင့်လည်း Facebookက ယင်းတို့ကို တစ်ဦးလျှင် နစ်နာကြေး (၁၅)ဒေါ်လာစီ ပေးချေသွားရန် အမေရိကန် တရားရုံး တစ်ခုက အမိန့်ချမှတ်ခဲ့သည်။

Privacy စောင့်ကြည့်အဖွဲ့များသည်လည်း ယခုလျော်ကြေး ပေးချေမှုမှ အစိတ်အပိုင်း အချို့ကို လက်လွှဲရရှိမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ BBCက ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းသော်လည်း Facebookက မှတ်ချက်ပေး တုံ့ပြန်မှု မရှိသေးချေ။ ယခုပေးချေမှုကို တနင်္လာနေ့က တရားရုံးတွင် အတည်ပြု စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုပြဿနာသည် (၂၀၁၁)ခုနှစ်က Facebookတွင် Privacy ပေါက်ကြားမှုကြောင့် နစ်နာကြောင်း စွဲချက်တင်သူ တရားလို (၅)ဦးမှ စတင်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီး ရစ်ချတ်ဆီးဘော့ဂ်က Privacy ပေါက်ကြားမှုတွင် တစ်ဦးလျှင် (၁၅)ဒေါ်လာစီသာ လျော်ကြေးရသည်မှာ နည်းပါးသည်ကို နားလည်သော်လည်း Facebookထံမှ ပေါက်ကြားသည့် အချက်အလက်သည် လူတစ်ဦးချင်းစီအတွက် အလွန်ကြီးမားသော ထိခိုက်နစ်နာမှု မရှိစေသည်ကို ထည့်သွင်း စဉ်းစားခဲ့ကြောင်း ပြောကြားသွားသည်။ "တရားလိုတွေဘက်က စွပ်စွဲသလို ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်ခဲ့တယ် ဆိုတာက အခြေအမြစ် မရှိပါဘူး"ဟု ဆီးဘော့ဂ်က ဆိုသည်။ တရားရုံးက Facebookသည် သုံးစွဲသူ သန်း(၁၅၀)မျှ၏ အချက်အလက်များကို အသုံးပြုပြီး ကြော်ငြာနယ်ပယ်တွင် အထောက်အကူ ဖြစ်စေခဲ့ရာမှ ဒေါ်လာ (၇၃)သန်းမျှ အကျိုးအမြတ် ဖြစ်ထွန်းခဲ့ကြောင်း ခန့်မှန်းထားသည်။ တရားရုံးက Facebook အနေဖြင့် တိကျသော အကြောင်းရင်းများဖြင့် အသုံးပြုသူများထံမှ Privacy အချက်အလက်များကို ရယူရာတွင် ယခုထက် ပိုမို အသေးစိတ်ကျစွာ အသိပေးချဉ်းကပ်ရန်လည်း သတိပေးလိုက်သည်။ အဆိုပါ အပြောင်းအလဲသည် Facebook၏ ကြော်ငြာဝင်ငွေ ကဏ္ဍတွင် ဒေါ်လာ (၁၄၅)သန်း ဝန်းကျင်မျှ နစ်နာထိခိုက်မှု ဖြစ်လာစေဖွယ် ရှိကြောင်းလည်း ကျွမ်းကျင်သူများက ကောက်ချက်ချထားသည်။

From: Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်