Thursday, August 29, 2013

Puberty လူပျိုဖြစ်ပြီ ....

Posted by drmyochit Thursday, August 29, 2013, under | No comments


နားနဲ့မနာ ဖဝါးနဲ့သာ နာပေးပါ။ ကျွန်တော်တို့တွေ လူလား မြောက်လာပြီဆိုရင် ဘာတွေ ပြောင်းလဲလာ သလဲဆိုတာ အသေးစိတ် သိချင်နေမိပါတယ်။ နောက်တစ်ခုက မာစတာဘေးရှင်း လုပ်တာကို နည်းသွား အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ပြောပြပေးပါ။ မရိုသေ့ စကားပါ။ လိင်တံဟာ အခြားသူတွေလို မဟုတ်ဘဲ ညာဘက်ကို ကောက်နေပါတယ်။ ဆီးသွားရင်လည်း ဆီးလမ်းကြောင်းက သူများတွေလို ဖြောင့် ဖြောင့် မသွားပါဘူး။ ဘယ်လို လုပ်ရင် ပုံမှန် ပြန်ဖြစ်နိုင်မလဲ ဆိုတာကို သိချင်မိပါတယ်။

နောက်မေးတာ အရင်ဖြေပါမယ်။ မဖြောင့်ဘဲနေတာ ပြဿနာ မဟုတ်ပါ။ ခိုက်မိလို့ဆိုရင်တော့ တမျိုးပေါ့။ ဘယ်-ညာ၊ အပေါ်-အောက် မဖြောင့်တာ ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ကတည်းက ဆိုရင်တောင်မှ မွေးရာပါ ချို့ယွင်းချက်လို့ မခေါ်ပါ။ လိင်တံရဲ့ Bath-room နဲ့ Bed-room အလုပ်တွေကိုလည်း ထိခိုက်မယ် မဟုတ်ပါ။ ဆီးလမ်းမှာ ကျောက်ရှိရင်၊ ပန်းငုံရင်၊ ဆီးပြွန်ထဲ တခုခု ရှိနေရင်တော့ ဖြစ်နိုင်တယ်။ အဲလိုသာ ဆိုရင် ဆီးထွက် မဖြောင့်တာသာမက တခြား ခံစားရတာတွေပါ တွဲရှိနိုင်တယ်။

(မာစတာဘေးရှင်း) လုပ်တာ နည်းချင်ရင် နိုးဆွမှု ဖြစ်စေတာ မှန်သမျှ ရှောင်ရမယ်။ စိတ်ပါဘဲ။ ဒီအရွယ် ယောက်ျားလေးတွေမှာ တခြား လုပ်စရာတွေက နည်းသေးတယ်။ စိတ်ကလည်း ဘာမဆို ထက်သန်တယ်။ ပညာ-ဗဟုသုတ ကလည်း စုံသေးတာ မဟုတ်ဘူး။ များသောအားဖြင့် မြင်ဆရာကို အားကိုးနေချိန်ဖြစ်လို့ သူငယ်ချင်း အပေါင်းအသင်းတွေ အပေါ်မှာလည်း မူတည်သေးတယ်။ ရွေးပေါင်းပါ။ ကောင်းတဲ့စာတွေ ရွေးဖတ်ပါ။ အားကစား လုပ်ပါ။

(ကြီးကောင်ဝင်) လူပျိုလေးတွေ အကြောင်း အဓိကထားပြီး၊ (မြီးကောင်ပေါက်) အပျိုပေါက် အရွယ်ပါ ထည့်ရေးပါရစေ။

Puberty အရွယ်ရောက်တာကို ဝေါဟာရ အနေနဲ့ တိတိကျကျ ပြောရရင် ရုပ်ပိုင်းဆိုင်ရာ ရင့်ပြည့်လာတာ ကို ဆိုလိုတာ ဖြစ်ပြီး၊ စိတ်ပိုင်း နဲ့ လူမှုဆက်ဆံရေးပိုင်း ပြောတာ မဟုတ်ပါ။ Adolescence အရွယ်ကြတော့ စိတ်ပိုင်း နဲ့ ဆက်ဆံရေးပိုင်းတွေက Adulthood လူကြီးအရွယ် မတိုင်ခင် ကြားကာလကို ခေါ်တာ ဖြစ် တယ်။

လူပျိုဖြစ်လာတာ အပျိုဖြစ်လာတာ အားလုံး “ဟော်မုန်း” ပါဘဲ။ ကျား-ဟော်မုန်းကို Testosterone ခေါ်ပြီး၊ မ-ဟော်မုန်းကို Estrogen ခေါ်တယ်။ ကျားရယ်၊ မရယ် ခေါ်ပေမဲ့ ကျားရော မ-ပါ၊ လိင်ဟော်မုန်း နှစ်မျိုးလုံး ရှိကြတာချည်းဘဲ။ အနည်း-အများသာ ကွာတယ်။ တခုခုက ကဲနေရင် အသွင်သဏ္ဌာန်ရော၊ စိတ်ပိုင်းပါ မတူတာတွေ ဖြစ်တယ်။ တယောက်ထဲမှာတောင် အရွယ်မတူရင် ပြောင်းလဲ သွားတယ်။ အပြင်ကနေ ဟော်မုန်းပေးရင်လည်း ပြောင်းစေသေးတယ်။

အသက် ၁ဝ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ လူပျိုပေါက်ဖြစ်စဉ်တွေ ဖြစ်လာတယ်။ အရပ်ရှည်ကာ၊ လူထွား လာချိန်မှာ ဦးနှောက်က အထာ မကျသေးတဲ့ အတွေ့အကြုံမျိုး ခံစားရတယ်။ စိတ်ပိုင်း အပြောင်းအလဲမှာ Aggressive ကြမ်းတမ်းစိတ်လဲ ဖြစ်လာတယ်။ ရန်ဖြစ်ချင်လာတယ်။

တဆင့်ခြင်း ပြောရအောင့့်
၁ဝ-၁၁ နှစ် အရွယ်။ စိတ်ပိုင်းမှာ ပြောင်းလဲလာတယ်။ လိင်ဟော်မုန်းတွေ များလာတာမို့ လိင်စိတ်တွေ ဖြစ်လာတယ်။ ဆန့်ကျင်ဘက် လိင်နဲ့ စကားပြောရတာကို ငယ်ငယ်ကလို မဟုတ်တော့ဘဲ စကားပြော မထွက်တာမျိုး ဖြစ်လာတယ်။

၁၁-၁၂ နှစ်အရွယ်။ ကျားအစိ Testis က မြန်မြန် ကြီးလာမယ်။ ကပ်ပဲ့အိပ် Scrotum အရေပြား ပါးလာပြီး၊ ပိုလည်း ရှုံ့တွကာ၊ အရောင်ပါ ရင့်လာမယ်။ အောက်ကို တွဲကျလာမယ်။ ဒီလိုဖြစ်တာ ဟော်မုန်းထွက်ဘို့ အားပေးရာကျတယ်။ ဆီးစပ်မွှေး Pubic hair စပေါက်ပြီး၊ အမွှေးက တဖြေးဖြေး နု-ဖြောင့်ရာကနေ၊ ကြမ်းပြီး၊ ကောက်ကွေးလာမယ်။ ကျားအင်္ဂါ Penis က သန်မာမှု Erection ဖြစ်နိုင်လာမယ်။ တချို့မှာ တနေ့ထဲ အကြိမ် ၂ဝ လောက်အထိ ဖြစ်တယ်။ လိင်နဲ့ ပတ်သက်မှ မဟုတ်ဘဲလည်း အဲလို ဖြစ်ပါတယ်။ ဥပမာ မနက် အိပ်ရာထချိန် ဆီးအိမ် တင်းနေရင် ဖြစ်တယ်။ Morning wood ခေါ်ကြတယ်။ စာလုံးတွေကို ဆက်ရေးတာက (ရော့ခ်) တီးဝိုင်းတခု နာမယ် ဖြစ်တယ်။

၁၂-၁၃ နှစ်အရွယ်။ ကျားအင်္ဂါ၊ အစိ၊ အိတ် ပိုရှည်၊ ပိုကြီး၊ ပိုမဲလာတယ်။ ဆီးစပ်မွှေး ပိုများလာမယ်။ အစိတခုက တခုထက် အောက်ပိုကျ နေတတ်တယ်။ ဒါကောင်းပါတယ်၊ သူတို့ အချင်းချင်း သိပ်မထိခိုက် ဘူးပေါ့။ ချွေးထွက်တာလည်း အဆီ ပြန်သလို ဖြစ်လာတယ်။ ဝက်ခြံပေါက်မယ်။ ချိုင်းမွှေး ပေါက်လာတယ်။ ချိုင်းမွှေး ရှိနေသူဟာ မရှိတဲ့လူထက် ချွေးထွက်တာ အဆ ၃ဝ များတယ်။ ငယ်တုံးကထက် သန့်ရှင်းရေး ပိုလုပ်ဘို့ လိုလာတယ်။ အထူးသဖြင့် ကျားအင်္ဂါအဖုံး အရေပြား အောက်မှာ အညစ်အကြေးတွေ ကပ်နေ တာကို အသာအယာ ရှင်းပေးရမယ်။ နာလိမ့်မယ်။ ကိုယ်နံ့လဲ ပြောင်းလာတယ်။ အနံ့ကနေ ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်စေနိုင်တယ်။ Ejaculation သုတ်ထွက် နိုင်လာမယ်။ Masturbation ကိုယ့်ဖါသာ အာသာ ဖြေဖျောက်နည်း အလေ့အထ တတ်လာ၊ လုပ်လာမယ်။ သုတ်လွှတ် နိုင်တာဟာ Fertility အရွယ်ရှိ မိန်းမနဲ့ ဆက်ဆံရင် ကိုယ်ဝန် ရစေနိုင်စွမ်းပါ ရလာတာ ဖြစ်တယ်။

၁၃-၁၄ နှစ်အရွယ်။ အရပ်က တနှစ်ကို ၄ လက္မနှုံးနဲ့ ပိုရှည်လာမယ်။ လိင်အင်္ဂါက ပိုရှည်၊ ပိုထွားလာမယ်။ Glans penis ကွမ်းသီးခေါင်း ကလည်း ရှည်လာမယ်။ ကားလာတယ်။

၁၄-၁၅ နှစ်အရွယ်။ အသံသြလာမယ်။ အားကစားလို ပြိုင်ဆိုင်မှုလုပ်တာက ကျားဟော်မုန်းထွက်မှာကို အားပေးရာ ကျတယ်။ ကိုယ့်ကို ချီးမွမ်း အားပေးတာခံရရင် ကြက်သီးထတတ်လာမယ်။ ပိုပြီး ရှက်တတ် လာတယ်။

၁၅-၁၈ နှစ်အရွယ်။ စောစောပိုင်း နှစ်တွေကလို ကြီး-ထွား-ရှည် စတဲ့ တိုးတက်မှုတွေက နှုံးအရ ပြောရရင် နဲနဲ နှေးလာမယ်။ သိပ်မလိုတော့လို့ပါ။ ရွယ်တူ မိန်းကလေးတွေ ထက်တော့ ပိုကြာတယ်။ ကြွက်သားတွေ ပိုသန်လာမယ်။ ပခုံး ပိုကျယ်-ကားလာမယ်။ ကျားလိင်အင်္ဂါ အားလုံး လူကြီးလို ဖြစ်လာပါပြီ။ လိင်တံက ရိုးရိုးအချိန်မှာ ၃့၂၅ လက္မကနေ ၄့၂၅ လက္မရှိပြီး၊ တောင့်တင်းချိန်မှာ ၅-၆ လက္မအထိ ရှည်နိုင်လာမယ်။ မှတ်သားဘို့က လိင်တံဟာ ဆက်ဆံနေတုံး မ-အင်္ဂါ အတွင်းထဲမှာ အရှည်ဆုံး-အကားဆုံး ဖြစ်တယ်။ ပေတံနဲ့ တိုင်းလို့ရတာ မဟုတ်ပါ။ တခါနဲ့တခါ မတူတတ်ဘူး။

အသက် ၂ဝ ဝန်းကျင်။ ၁ စက္ကန့်မှာ သုတ်ပိုး ၁ဝဝဝ ထုတ်နိုင်တယ်။ ကျားအင်္ဂါဟာ အရွယ်ရလာနဲ့အမျှ ပိုကြီးလာနိုင်တယ်။ ဘာ့လို့လဲဆိုရင် Erectile tissues တွေရဲ့ ပြန်ကြုံ့နိုင်စွမ်း Recoiling strength လျှော့လာလို့ဘဲ။ အမွှေးအမျှင်လည်း ပိုများလာတယ်။ ဟော်မုန်းတွေဟာ နေရာအများကြီးမှာ အလုပ်လုပ် ပေးတာဖြစ်တယ်။ ဦးနှောက်၊ အရိုး၊ ကြွက်သား၊ အရေပြား၊ ရင်သား၊ မျိုးပွါးအင်္ဂါတွေ ပါဝင်တယ်။ ကြီးထွားမှု ဆိုတာ လူပျိုပေါက်ဖြစ်ရင် ပြည့်စုံသွားတယ်လို့ ပြောနိုင်တယ်။

မိန်းကလေးတွေက -
Ladies first! စောပြီး အရွယ်ရောက်တယ်။ ယောက်ျားလေးတွေက ၁၂ နှစ်၊ မိန်းကလေးက ၁ဝ နှစ်လို့ ပြောနိုင်ပြီး၊ ပြည့်စုံတာကလည်း ၁၆-၁၈ နှစ် နဲ့ ၁၅-၁၇ နှစ်လို့ ကွာတယ်။ ယောက်ျား နဲ့ မိန်းမ ကွာခြား ချက်ဟာ ပင်မလိင်အင်္ဂါတွေ သာမက Secondary sex characteristics ဒုတိယ လိင်လက္ခဏာ တွေ ဆိုတာလည်း ရှိတယ်။ ရင်သား (နို့) အပါအဝင်ပေါ့။

ဆီးစပ်မွှေး Pubic hair ပေါက်တာက မတူကြဘူး။ ယောက်ျားလေးတွေမှာ လိင်တံအခြေနဲ့ ကပ်ပဲ့အိတ်မှာ စပေါက်ပြီး၊ နောက် လိင်တံအောက်၊ ချက်ဆီအထိ ပေါက်တယ်။ ပေါင်မှာလဲ ပေါက်တယ်။ အရိုးတွေက လည်း ယောက်ျားတွေက ပိုလေးလံတယ်။ ကြွက်သားကြ ယောက်ျားက ၂ ဆတောင် ပိုတယ်။ အဆီလည်း ၂ ဆဘဲ။ ပခုံးရိုးနဲ့ မေးရိုးတွေ ကြီးထွားတာမှာလည်း ပိုတယ်။ လူကြီးအရွယ်တွေကို ယှဉ်ရင် ကိုယ်ခန္ဓာ ထုထည်မှာ ယောက်ျားတွေက မိန်းမတွေရဲ့ ၁၅ဝ% နဲ့ အဆီက ၅ဝ% ရှိတယ်။

မိန်းကလေးမှာ ပဌမဆုံး ထူးခြားတာက Breast ရင်သား ထွားလာတာပါ။ စစခြင်း အရောင်ရင့်တဲ့ နို့သီးဝိုင်း Areola အောက်မှာ မာတင်းတင်း အစိုင်အခဲလေး ဖြစ်လာတယ်။ တဖက်ချင်းလဲ ဖြစ်တတ်တယ်။ ပျမ်းမျှ ၁ဝ နှစ်ခွဲသမီးမှာ ဖြစ်တယ်။ နောက် ၆ လ၊ ၁ နှစ်မှာ ပြော့တဲ့ အစိုင်အခဲဟာ နို့သီးဝိုင်း Areola အပြင်ဘက် ကနေ ပေါ်လာတယ်။ နို့သီးဝိုင်းက ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူးသေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အရွယ်အစား၊ ပုံပန်း၊ အတော်မတူကြ ဘူး။ အများစုက ဘယ်ဘက်ကပိုပြီး အရွယ်ကြီးတယ်။

ဆီးစပ်မွှေး Pubic hair ပေါက်လာတာက မိန်းကလေးတွေရဲ့ ဒုတိယ အပြောင်းအလဲ ဖြစ်တယ်။ မအင်္ဂါ နှခမ်းသား Labia ဘေးကနေ စတယ်။ နုနု-ဖြောင့်ဖြောင့်လေးတွေက နောက်မှာ ကြမ်းပြီး ကောက်ကွေး လာတယ်။ ပေါက်တဲ့ နေရာတွေပါ ကျယ်ကျယ်လာတယ်။ ၁၅%သော မိန်းကလေးတွေမှာ ရင်သား ဖွံ့ထွား တာထက် ဒီအမွှေးပေါက်တာက ပိုစောတတ်တယ်။ မိန်းမကိုယ်မွှေး မိန်းကလေးတွေမှာ အများအားဖြင့် တရိဂံ-စောက်ထိုးပုံနဲ့ ယောက်ျားတွေမှာ တရိဂံ-အတည့်ပုံ ဖြစ်တယ်။ လူမျိုးအလိုက်၊ မျိုးရိုးအလိုက်တော့ ကွာတယ်။ Pubic hair နဲ့ ဆံပင်အရောင်၊ ချိုင်းမွှေးအရောင် အတူတူ ဖြစ်ခြင်မှ ဖြစ်မယ်။

မွေးလမ်းကြောင်း Vagina ကို ဖုံးနေတဲ့ အရေပြားနု Mucosa က ပိုထူလာတယ်။ အရင် ခပ်ရဲရဲကနေ ပန်းရောင် ခပ်မွဲမွဲ ဖြစ်လာတယ်။ စွပ်စိုမှုလည်း ရှိတာတယ်။ သားအိမ် Uterus နဲ့ မျိုးဥအိမ် Ovaries တွေက အရွယ်ပိုကြီးလာတယ်။ ရာသီ ဆင်းတယ်လို့ ခေါ်တဲ့ Menstruation စဆင်းလာတယ်။ သားအိမ် အတွင်းဆုံး အလွှာက လအစမှာ ပါးရာကနေ ထူလာပြီး၊ နောက်ဆုံး ပျက်စီးသွားလို့ ထွက်တဲ့ သွေးနဲ့ တစ်ရှူးအပျက် အစီးတွေ ဖြစ်တယ်။ ပျမ်းမျှ ၁၁့၇၅ နှစ်အရွယ် ဖြစ်တယ်။ ဖြစ်စ အရွယ်မှာ ရာသီဆင်းတာက တလ တခါရယ်လို့ မမှန်သေးဘူး။ မျိုးဆက်ပွါးနိုင်စွမ်း Fertility ရှိလာတာ ဖြစ်တယ်။ ကိုယ်ဝန်ဆောင် နိုင်လာတာ ကို ပြောတာပါ။ အဲဒါက မျိုးဥအိမ် Ovary ကနေ မျိုးဥ Ovum ထွက်နိုင်စွမ်းရှိလာမှ ဖြစ်ပါတယ်။ ပဌမ ၁ နှစ်မှာ ၈ဝ% မိန်းကလေးတွေမှာ မျိုးဥ မထွက်ဘဲ ရာသီးသာဆင်းတယ်။ ၅ဝ%က ၃ နှစ်အထိ ဒီလိုဘဲ။ ၆ နှစ်အထိ ကြာတာတောင် ၁ဝ% မိန်းကလေးတွေမှာ မျိုးဥမဲ့ ရာသီဖြစ်ကြတယ်။ ဥမတွက်ရင် ကိုယ်ဝန် မရနိုင်သေးပါ။

မိန်းကလေး အရွယ်ရောက်ချိန်က သွေးဆုံးချိန်လိုဘဲ၊ မျိုးရိုးလိုက်နိုင်တယ်။ အစာအာဟာရ ကနေလည်း လွှမ်းမိုးနိုင်တာက မိန်းကလေးတွေမှာ ပိုဖြစ်တယ်။ တနေ့တာ စားတဲ့ထဲကနေ ပိုနေတဲ့ (ကယ်လိုရီ) တွေကို အဆီစုထားလို့ပါ။ ဝတဲ့သူ၊ အားကစား-လေ့ကျင့်ခန်း၊ မလုပ်သူတွေ အပျိုဖြစ် စောတယ်။ နာတာရှည် ရောဂါ ရှိနေရင် နောက်ကျတယ်။

ယောက်ျားမှာ မိန်းမနဲ့ မတူတာတွေထဲမှာ အမွှေးပေါက်ပုံပါတယ်။ မျက်နှာမှာ အမွှေးပေါက်တာ ယောက်ျား။ ပေါင်ရှေ့ပိုင်း ကြွက်သား ယောက်ျားမှာ ပိုသန်မာတယ်။ ပေါင်နောက်ပိုင်းက ပိုသန်မာတာက မိန်းမ။ လည်စေ့လို့ခေါ်တဲ့ Adam's apple က ယောက်ျားမှာသာ ရှိတယ်။ ရင်ပတ်ကားတာ၊ ပခုံးကျယ်တာ ချွေးပို ထွက်တာ၊ ဝက်ခြံပိုပေါက်တာ ယောက်ျား။ အရေပြားလည်း ပိုကြမ်းတယ်။ သူ့အောက်မှာ အဆီစုတာ နည်းလို့။

မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓာပုံပန်းကလည်း ထူးခြားလာတယ်။ တင်ပိုင်းရဲ့ အောက်ပိုင်းတဝက်က ဘေး ကားလာတယ်။ ရင်သား၊ တင်-တင်ပါး၊ ပေါင်၊ လက်မောင်း၊ ဆီးစပ်နေရာတွေမှာ အဆီစုဝေး လာတယ်။ ဗမာတွေက ခါးသေး-ရင်ချီလို့ ပြောကြတယ်။ ဆေးစာလို ပြောရရင် Waist-hip ratio (WHR) ခါးနဲ့ တင် အချိုးလို့ ပြောတယ်။ တိတိကျကျ ဆိုချင်တာက အကျဉ်းဆုံးခါးက ဘယ်နှစ်လက္မ၊ အကားဆုံး တင်ပိုင်းက ဘယ်နှစ်လက္မ ဆိုတာ တိုင်းထွာပြီး၊ အချိုးချ လိုက်တာပါ။

အမျိုးသမီးဆိုတာ Pear-shaped body သစ်တော့သီးပုံ ဖြစ်တယ်။ Apple-shaped body ပန်းသီးပုံ ဖြစ်သူတွေမှာ ရောဂါတွေ ပိုဖြစ်တယ်။ ပိုအရေးကြီးတာက ကျန်းမာရေးကို ဘယ်လို သက်ရောက်သလဲ။ မိန်းမတယောက်မှာ (WHR) ဝ့၇၊ ယောက်ျားမှာ ဝ့၉ ရှိနေရင် ကြည့်ရတာ အချိုးကျတဲ့အပြင် ကျန်းမာရေး လည်း ကောင်းလိမ့်မယ်။ ကျန်းမာရေးလိုဘဲ ဆွဲဆောင်မှု ဆိုတာလည်း အရေးပါတယ်။ WHR ကောင်းတဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှု ကောင်းတယ်။ ဆိုပါစို့ Marilyn Monroe (မွန်ရိုး) နဲ့ Sophia Loren (ဆိုဖီယာ-လိုရင်း) တို့ဟာ WHR ဝ့၇ တွေ ဖြစ်ကြတယ်။ တရုပ်အမျိုးသမီးတွေမှာ ဝ့၆၊ တောင်အမေရိကနဲ့ အာဖရိ ကမှာ ဝ့၉ လို့ သိရတယ်။ မြန်မာမတွေကို သုတေသန မလုပ်ကြသေးပါ။

စာဖတ်သူနဲ့ တူ-မတူတော့ မပြောတတ်ဘူး၊ စစ်တမ်းတခုက “မိန်းမတယောက် ခါးသေးတာဟာ တင်ကား တာထက် ဆွဲဆောင်မှု ပိုရှိတယ်” လို့ ဆိုတယ်။ ဒါ့ကြောင့် နေမှာပေါ့ အမျိုးသမီးတွေ Corset ခေါ်တဲ့ ခါသေး၊ Hip and buttock padding ခေါ်တဲ့ အခုအခံတွေ သုံးကြတာ။

အဲလို အတုအပ မဝတ်ကြသူ အမျိုးသမီးတွေမှာ ခါး-တင် အချိုးဟာ တဖက်သားကို ဆွဲဆောင်နိုင်တာ သာမကဘဲ၊ ဥာဏ်ရည်လည်း သာတယ်လို့ ဆိုသေးပါတယ်။ သူတင်မက ဒီလို အမျိုးသမီးမျိုးကနေ မွေးတဲ့ ကလေးတွေကပါ ကျောင်းမှာ စာပိုတော်ကြသေးသတဲ့။ လှတာကို ရွေးတာ မမှားဘူးပေါ့ဗျာ။ ခက်တာက သူများဆီမှာ သိပ်လှတဲ့ မိန်းမတွေ ကလေးမယူကြဘူး။ ဒီတော့ ဒီကောက်ချက် မှန်ရင် သူများဆီမှာထက် ကိုယ့်ဆီမှာ လူတော်တွေ များမှာပေါ့။


Dr. တင့်ဆွေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်