Wednesday, September 25, 2013

ညသံစဉ်ကြားမှ ဘ၀ခါးခါး

Posted by drmyochit Wednesday, September 25, 2013, under | No comments


“စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ . . . အလစ်ကိုချောင်း တစ်ဖက်သားတစ်ချက်အငိုက်ကို အပြစ် အနာမဲ့ မောင့် အရိုင်းပန်း . . .သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း. . . အနီရောင်စွန်းထင်းကာလ အလှမပြည့်ခင် မြေမှာ ခရရှာပြီ...”

ရောင်စုံမီး လုံးများ ခပ်မှိန်မှိန်ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှ စိုင်းထီးဆိုင်၏ တေးသီချင်း တစ်ပုဒ် ကို အာလေးလျှာလေးအော်ဆိုသံက အခန်းအပြင်သို့ တိုင်ပျံ့လွင့်လာသည်။

အဆိုပါအခန်းလေးထဲတွင်တော့ အရက်ဘီယာသောက်စားထားသည့် အမျိုးသားအချို့ရှိသည်။ စားပွဲပေါ် တွင် ပြန့်ကျဲနေသော ဘီယာပုလင်းများနှင့် စားသောက်ဖွယ်ရာအချို့ရှိသည်။ စီးကရက်ပြာများနှင့် မီး ခိုးငွေ့များ ရှိသည်။ ဂငယ်သဏ္ဍာန်ခင်းကျင်းထားသည့် ဆိုဖာဆက်တီခုံများရှိသည်။ သီချင်းဖွင့်ထားသည့် တီဗီ တစ်လုံးနှင့် ဆောင်းဘောက်စ်နှစ်လုံးရှိသည်။

မိုက်ကိုင်၍သီချင်းဆိုနေသည့် အမျိုးသားတို့အနီးတွင် ရေမွှေးနှင့် ပေါင်ဒါနံ့ထုံသင်းနေသည့် မိတ်ကပ် အဖွေး သားဖြင့် စကတ်တိုတိုကောင်မလေးအချို့ရှိသည်။ အမျိုးသားတစ်ဦးက သူ့နံဘေးမှ ကောင် မလေး ကို သူသီဆိုလိုသည့်တေးကို စက်အတွင်းထည့်ခိုင်းနေသည်။ ကောင်မလေးတစ်ဦးက ကုန်သွားသည့် ဘီယာခွက် များကို လိုက်ဖြည့်ပေးလျက်ရှိသည်။

သီချင်းဆိုရန် အလှည့်မကျသေးသည့် အမျိုးသားတစ်ဦးက သူ့ဘေးမှထိုင်နေသည့် အသက် ၂၅ နှစ်ခန့်အရွယ် ကောင်မလေးတစ်ဦးကို ပခုံးဖက်ရင်း တို့ထိကျီစယ်လျက်။

မြို့တော်ကြီးများတွင် ပေါများလာသည့် ကေတီဗီ(ခေါ်) ကာရာအိုကေခန်းတို့နှင့်အတူ အသက် ၂၀၀န်းကျင် မှ ၂၇ နှစ်အရွယ်ထိ အမျိုးသမီးငယ်များက တေးသံများနှင့် ပျော်မွေ့သည့်အလုပ်ဆီသို့ ၀င်ရောက် လာကြပါသည်။ ယခင်က ကြိုးကြားကြိုးကြားသာ ပိုင်ရာဆိုင်ရာနားလည်မှုဖြင့် ဖွင့်လှစ်ခွင့်ရရှိသည့် ကာရာအိုကေဆိုင်များသည် ယခုအခါမှာတော့ ထင်ထင်ပေါ်ပေါ် ဖွင့်လှစ်လာကြပြီဖြစ်သည်။

သီချင်းဆိုဝါသနာပါသူ (သို့မဟုတ်) မူးယစ်လာပါက အလိုလိုသီချင်းဆိုချင်လာသူ (သို့မဟုတ်) စိတ်ခံစားချက်များကို ပေါက်ကွဲအော်ဟစ်ပစ်လိုသူ အမျိုးသားတို့အတွက် သန်းခေါင်ကျော်အထိ ဖွင့်လှစ်ကြသည့် ကေတီဗီများက ဗိမာန်တစ်ခုဖြစ်နေသည်။ အဆိုပါကေတီဗီများတွင် သီချင်းထည့်ပေးရန်၊ ဘီယာငှဲ့ပေးရန်အလို့ငှာ အမျိုးသမီးငယ်များကို ခန့်ထားလေ့ရှိကြသည်။

အမျိုးသမီးအများစုသည် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကဲ့သို့သော နယ်ဒေသများမှ လာရောက်လုပ် ကိုင်ကြခြင်းဖြစ်ပြီး များသော အားဖြင့် အထည်ချုပ်စက်ရုံ ၀န်ထမ်းဘ၀မှ နယ်ပယ်ကူးပြောင်း လာခြင်းဖြစ်ကြောင်း သိရသည်။

“အစက လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်တယ်။ ဒီမှာ အရင်လုပ်နေတဲ့ သူငယ် ချင်းရဲ့အစ်မ က တစ်ဆင့် ရောက်လာတာ”ဟု အလယ်အလတ်တန်းစား ကေတီဗီတစ်ခုမှ အမျိုး သမီး တစ်ဦး ကပြော သည်။

ကေတီဗီတွင် အလုပ်လုပ်ကိုင်နေကြသည့် အမျိုးသမီးတို့မှာ အဓိအားဖြင့်တော့ ထုံးစံအတိုင်း စားဝတ်နေ ရေးကြော င့်ပင်ဖြစ်သည်။ မူလရရှိသည့် ငွေကြေးထက် အနည်းဆုံးငါးဆ သာလွန်အောင်ရရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။

ကေတီဗီဝန်ထမ်းမယ်တစ်ဦးလျှင် အခြေခံလစာအဖြစ် တစ်လလျှင် နှစ်သောင်းဝန်းကျင်ခန့်သာ ရရှိသော် လည်း နေစရာအဆောင်ပေးပြီး ထမင်းကျွေးသည့်အပြင် ဆက်ရှင်ကြေးပါရရှိကြသည်။ အဓိက၀င်ငွေမှာ ဧည့်သည် များ ထံမှ စေတနာသဒ္ဓါသရွေ့ ပေးကမ်းသည့်မုန်ဖိုးပင်ဖြစ်သည်။

တစ်ည လျှင် ကာရာအိုကေခန်း သုံး၊ လေးခန်း ကူးသန်း၍ အမျိုးသားဧည့်သည်တော်ကြီးများကို အဖော် လုပ်ပေးခြင်း က တစ်ခန်းလျှင် မုန့်ဖိုးငါးထောင်မှ တစ်သောင်းကျပ်အထိ ရရှိကြသည့်အတွက် တစ်လ၀င်ငွေ မှာ အထည်ချုပ်အလုပ်နှင့်ယှဉ်လျှင် မက်လောက်စရာဖြစ်သည်။ အမျိုးသားတစ်ဦးအနီးတွင် ၀င်ထိုင် လိုက်လျှင် ကေတီဗီစားပွဲထိုးတစ်ဦးက အအေးတစ်ဘူးလာချပေးမည်ဖြစ်ပြီး အဆိုပါ အအေး ဘူးကိုမသောက် သုံးဘဲ ကောင်တာကိုပြန်အပ်ပါက အအေးဖိုးငွေကိုပါ ထပ်မံရရှိသည်ဟုသိရသည်။

ရရှိသည့်ငွေကြေးများကို စုဆောင်းကာ နယ်တွင်ကျန်ရစ်သည့် မိသားစုထံသို့ပြန်ပို့ကြသည်ဟု ကေတီဗီမယ် အမျိုးသမီးငယ်တို့က ပြောကြသည်။

“တစ်လကို နှစ်သိန်းလောက်တော့ ပြန်ပို့နိုင်တယ်။ ရသမျှထဲက ချွေတာပြီးသုံးတယ်”ဟု ကေတီဗီမယ်တစ်ဦးဖြစ်သည့် မဖွေးဖွေး (အမည်လွှဲ)ကဆိုသည်။ မဖွေးဖွေးက အလယ်အလတ်တန်းစား ကေတီဗီတစ်ခုတွင် အလုပ်ဝင်နေသည် မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ နယ်မှ နွမ်းပါးသည့်မိသားစုတွင် ညီမဖြစ်သူက အထက်တန်းတက်ရောက်နေပြီဖြစ်သည့်အတွက် ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရန် ၎င်းတွင်တာဝန်ရှိသည်ဟုဆိုသည်။

မဖွေးဖွေးကဲ့သို့ပင် အတူတူအလုပ်လုပ်နေကြသည့် ကေတီဗီအများစုမှာ ပညာရေးကို ပြီးဆုံးအောင်မသင်ကြားခဲ့ကြရပေ။ သို့သော်လည်း ငွေရပေါက်လွယ်သည့်လုပ်ငန်းမို့ ကေတီဗီမယ်ဆယ်ဦးလျှင် ရှစ်ဦးက ယခုဘ၀ကို ကြိတ်မှိတ်လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

“တချို့ရွေးစရာလမ်းမရှိတဲ့သူ။ တချို့က တခြားအလုပ်ထက် ၀င်ငွေပိုကောင်းလို့လုပ်တဲ့သူ။ တချို့ကျတော့ စီးပွားရေးဆန်ဆန် လုပ်နေတဲ့သူတောင်ရှိတယ်။ အပြင်မှာ တခြားစီးပွားရေးလုပ်ငန်းနဲ့ဘာနဲ့။ ဒါပေမဲ့ ဒီအလုပ်ကိုလည်း ဆက်လုပ်တာပဲ။ အဲဒီလို ကောင်မလေးတွေကျတော့ အထာကြီးတွေနဲ့”ဟု နေပြည်တော်မှ အစိုးရအရာရှိတစ်ဦးက ရှင်းပြသည်။
“ကျွန်တော့် အစ်မ၀မ်းကွဲတစ်ယောက် မြ၀တီမှာ ကေတီဗီမှာလုပ်နေတယ်။ သူ့ကလေးကြောင့်ပါပဲ။ ယောက်ျားကပစ်သွားတယ်လေ။ အစ်မက အသက် ၂၀ ကျော်ပဲရှိသေးတယ်။ ဆယ်တန်းလည်းမအောင်ဘူး။ မြန်မြန်နဲ့ များများရတဲ့အလုပ်ကိုရှာတာ။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ကလေးကိုကျောင်းထားတယ်။ သူ့အစ်မနဲ့ အမေကို ပြန်ထောက်ပံ့တယ်။ သူအလုပ်ကနေထွက်ချင်ပြီလို့ ခဏခဏပြောတယ်”ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၁ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသားငယ်တစ်ဦးကပြောပြသည်။

မဖွေးဖွေးတို့လို ကေတီဗီမယ်များသည် ညနေ ၆ နာရီမှ ညသန်းခေါင်ကျော် ၂ နာရီခန့်အထိ အလုပ်ဆင်းရလေ့ရှိသည်။ တစ်လလျှင် နှစ်ရက်နားခွင့်ရသည်။ ကေတီဗီသို့ လာရောက်သီဆိုကြသည့် အမျိုးသားအများစုမှာ မူးယစ်သောက်စားထားသည့်အတွက် တထောင်းထောင်းထနေသည့် အရက်နံ့နှင့်ယဉ်ပါးအောင် နေထိုင်ကြရသည်။ ၎င်းတို့ကိုယ်ခန္ဓာကို ပွတ်သပ်ထိတွေ့မှုအချို့အတွက် သည်းခံကြရသည်။ အမူးလွန်နေသည့်ဧည့်သည်များက ရစ်သည့်ဒဏ်ကိုလည်းခံကြရသည်။

ကေတီဗီဆိုင်များမှာလည်း အထက်တန်းစားနှင့် အလယ်အလတ်တန်းစားများ အသီးသီးရှိကြသည့်အတွက် အထက်တန်းစားဆိုင်များသို့ ပြောင်းရွှေ့နိုင်ရန် အခွင့်ကောင်းစောင့်ကြရသည်။ အထက်တန်းစားကေတီဗီများမှာ အစားအသောက်နှင့်အခကြေး ဈေးကြီးသည့်အပြင် ကေတီဗီမယ်သို့ပေးရသည့် မုန့်ဖိုးပမာဏလည်း များပြားသွားသည့်အတွက် ၀င်ငွေပိုမိုရရှိကြသည်။

“အောက်တန်းကေတီဗီတွေက မယ်တွေက ဘ၀ပေးအခြေအနေအရဖြစ်ပြီးတော့ အထက်တန်းကေတီဗီကမယ်တွေက အလွယ်ကြိုက်တွေလို့မြင်တယ်။ သွားတဲ့သူ သုံးတဲ့ပိုက်ဆံနဲ့အနေအထား။ အခန်းအပြင်အဆင်တွေကအစ ကွာတယ်”ဟု အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးက ၎င်း၏အမြင်ကိုပြောပြသည်။

အထက်တန်းစားကေတီဗီများသို့ လာရောက်ကြသည့် ဧည့်သည်များမှာလည်း ငွေကြေးတတ်နိုင်သည့် လူတန်းစားတစ်ရပ်ဖြစ်ပြီး ငွေကိုရေလိုသုံးဖြုန်းခဲ့ကြလေ့ရှိသည်။ ဧည့်သည်အမျိုးသားက ၎င်းနံဘေးတွင် အဖော်လာပြုပေးသည့် ကေတီဗီမယ်ကို ကြိုက်နှစ်သက်ပါက ဖုန်းနံပါတ်ပေးထားခြင်းမှအစပြုကာ အားလပ်ရက်တွင် လျှောက်လည်ခြင်းမျိုးလည်း ပြုလုပ်တတ်ကြသည်။ ထိုဝန်ဆောင်မှုမျိုးမှ ရရှိသည့်ဝင်ငွေက တစ်လ၀င်ငွေထက် ပိုများသွားလေ့ရှိသည်ဟု ကေတီဗီသွားရောက်လေ့ရှိသူများကဆိုကြသည်။

ရွှေဂုံတိုင်မှ Family (ပွင့်သစ်စမ်း)နှင့် ရွှေတိဂုံတောင်ဘက်မုခ်မှ M3 ၊ Music Box ကဲ့သို့သော ကေတီဗီများကတော့ မိန်းကလေးဝန်ဆောင်မှုမပေးဘဲ အရက်ဘီယာသောက်စားရင် သူငယ်ချင်းများနှင့်သီဆိုခြင်း၊ မိသားစုအလိုက် လာရောက်သီဆိုခြင်း စသည့်တို့အတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြ၀တီနှင့် မဲဆောက်မြို့များတွင်လည်း ကေတီဗီများစွာရှိပြီး မြန်မာအမျိုးသမီးများ လာရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ကွာတာက ဘတ်ငွေနဲ့ ကျပ်နဲ့ပေးရတာချင်းကွာပြီး တူညီတာကတော့ ၀န်ဆောင်မှုပေးနေတာ မြန်မာအမျိုးသမီးချည်းဖြစ်နေတာပဲ။ တချို့ဆို သမီးဆီမှာ ငွေလာတောင်းတဲ့အချိန် သမီးရယ် ဆက်လုပ်ပါဦးလို့ သမီးကို တောင်းပန်နေတာမျိုးလည်း ကြုံခဲ့ရဖူးတယ်”ဟု မဲဆောက်မြို့တွင် နေထိုင်သည့် ကိုဆမ်ကပြောသည်။

ရန်ကုန်မြို့တွင် ကေတီဗီကာရာအိုကေဆိုင် အများဆုံးရှိသည့် နေရာများမှာ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ အလုံ၊ ဗဟန်းမြို့နယ်တို့ဖြစ်ကြသည်။ အဆိုပါကေတီဗီများတွင် ညစဉ်နှင့်အမျှ
သီဆိုသူအမျိုးသားထုဖြင့် ပြည့်နှက်လျက်ရှိပြီး ကေတီဗီမယ်တို့မှာလည်း ညစဉ်နှင့်အမျှ မအားလပ်အောင် ၀န်ဆောင်မှုပေးနေကြဆဲဖြစ်သည်။

အစိုးရမင်းတို့ရုံးစိုက်ရာ နေပြည်တော်တွင်လည်း တော်ဝင်နန်းဟူသည့် အကြီးဆုံးကေတီဗီမှသည် ဘောဂသီရိကားဝင်းမှ ကေတီဗီများအထိရှိကြပြီး ငွေဖြုန်းတီးကြမည့် အမျိုးသားဧည့်သည်တော်ကြီးများကို စောင့်မျှော်လျက်ရှိကြသည်။

“အစားအသောက်ဈေးကြီးတယ်။ ကောင်မလေးတွေက ၀တ်ကျေတမ်းကျေတွေများတယ်။ တခြားအခန်းနဲ့ ဆက်ရှင်ခွဝင်တာများတယ်။ သီချင်းအပ်ဒိတ်လုပ်တာနည်းတယ်။ ဆက်ရှင်ပြီးခါနီးရင် ကောင်မလေးတွေက အချိုးပြောင်းတယ်။ ငွေကုန်တယ်။ အသံပြာတယ်။ အိပ်ရေးပျက်တယ်”ဟု နေပြည်တော်အစိုးရ၀န်ထမ်းတစ်ဦးက ကေတီဗီကို မကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းကို ပြောပြသည်။

ကေတီဗီမယ်များသည် တကယ့်ဘ၀အခက်အခဲကြောင့် ပိုက်ဆံအလွယ်ရသည့် လမ်းကြောင်းကို ၀င်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြပြီး ရည်မှန်းထားသည့် ငွေကြေးစုဆောင်းမိလျှင် မိဘနေရပ်ပြန်၍ ကောင်းရောင်း၊ ကောင်းဝယ်လုပ်စားကြခြင်းမျိုးလည်း ရှိကြပါသည်။

“တချို့က နောက်ကြောင်းမပြန်တော့ဘူး။ ယောက်ျားတွေဟာ သူတို့သားကောင်လို့ကိုထင်လာပြီး အဲဒီအလုပ်မှာပဲ ပျော်နေတော့တာ။ အသက်သုံးဆယ်ကျော်လောက်ဆို အူတူတူရိုးသားတဲ့ငွေကြေးအသင့်အတင့်ရှိတဲ့ သူတစ်ယောက်ကို အပိုင်ချည်ပြီး အိမ်ထောင်ပြုပြီး ဘ၀လမ်းကြောင်းကို ပြောင်းပစ်လိုက်ကြတာလည်းရှိတယ်။ ၀မ်းရေးကြောင့် ၀င်လုပ်ရတဲ့သူတွေထဲက တစ်ရာမှာဆယ်ယောက်လောက်ကတော့ မူလရည်မှန်းချက်အတိုင်း ဒီဘ၀ကလွတ်မြောက်အောင် ရုန်းထွက်နိုင်တာတွေ့ရတယ်”ဟု ကေတီဗီများသို့ ပုံမှန်သွားရောက်လေ့ရှိပြီး ကေတီဗီမယ်တစ်ဦးနှင့် သမီးရည်းစားသဖွယ်ဖြစ်ခဲ့ဖူးသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကရှင်းပြသည်။

မိမိပညာအရည်အချင်းနှင့် တစ်လလျှင် လစာသိန်းချီရနိုင်သည့် အလုပ်မျိုးမရှိသည့်အတွက် အလုပ်ထွက်လိုသော်လည်း ဒီလောကထဲမှာပင် တ၀ဲလည်လည်ဖြစ်နေရသည်ဟု မဖွေးဖွေးက
ပြောပါသည်။ ခုနစ်တန်းအောင်ခဲ့သည့် မဖွေးဖွေးမှာ ရည်မှန်းချက်တစ်ခုရှိပါသည်။ အဲဒါက ဒီဘ၀ထဲကရုန်းထွက်ပြီး သူနာပြုအကူအဖြစ် အသက်မွေးလိုခြင်းပဲဖြစ်သည်။

“သူနာပြုအကူသင်တန်းတက်ပြီး ရိုးရိုးသားသားလုပ်စားချင်တယ်။ အဲဒီအလုပ်က ငွေသိပ်မရဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ . . .”ဟုပြောရင်း မဖွေးဖွေး တီဗီဖန်သားပြင်မှ သီချင်းစာသားများကို ငေးမောနေသည်။

“သန်းခေါင်ယံည လမိုက်ခိုက်အောင် မမှီနိုင်ဘူးထင် . .စိတ်ဆင်ရိုင်းလောကသားရဲ့အမှောင်. ..မေတ္တာတရားခေါင်းပါးလွန်းနေ . . .ကရုဏာမဲ့သွေးသားအလိုအတွက် .. . ပင်ကိုအားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ်စတေးရရှာတယ် . . . သေတမန်ပြောင်းဝကို အရိုင်းပန်းငယ် . . .မလွန်ဆန်နိုင် ဆက်သရုံပဲ”

ရောင်စုံမီးလုံးများ ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှာ သီချင်းသံနှင့်အတူ ဆေးလိပ်ငွေ့များ၊ အရက်နံ့များလှိုင်ထနေသည်။ အသက် ၂၃ နှစ်အရွယ် မဖွေးဖွေးတစ်ယောက် ဘီယာပုလင်းကိုကိုင်ကာ ဧည့်သည်ရှေ့မှကုန်သွားသည့် ဘီယာခွက်ထဲသို့ ငှဲ့ထည့်ပေးလိုက်သည်။ ယခုတော့ ၎င်းမျက်နှာတွင် အပြုံးတစ်ပွင့်ကို တပ်ဆင်ထားပြီးဖြစ်သည်။

ဝင်ငွေကွာဟမှုအခြေအနေများကြောင့် ကြိုးစားရုန်းကန်ရမှုဘ၀တစ်ခု၏ သက်ပြင်းတစ်ချက်သည် မွန်းကျပ်သည့် အခန်းငယ်လေးထဲမှာ သီချင်းသံနှင့်အတူ အပြင်ဘက်သို့လွင့်ပါသွားလေသည်။

ရေးသားသူ- ဥက္ကာကိုကို
7Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်