Wednesday, September 25, 2013

ဖက်ဒရယ်ကို ဗန်းပြပြီး လက်နက်မစွန့်နိင်ကြတော့တဲ့ သူတို့တွေ

Posted by drmyochit Wednesday, September 25, 2013, under | No comments



တောင်ကြီးမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှူတည်ဆောက်ပွဲ မှာ ရှမ်းပြည်တပ်မတော် (တောင်)ပိုင်းက ဦး ပေါင်ခေး ရဲ့ လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းနေရာချထားခြင်းအတွက် ပြောကြား တဲ့ စကားကို ကြားမိတော့ ယဲ့ပြုံးလေးတစ်ချက်တော့ပြုံးမိပါတယ်။သူပြောတာလေးကတော့ စကားကွက် ကတကယ် လှပါတယ်။

သူ့အပြောအရ စစ်တပ်ထဲမှာ တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စုတပ်မတော် လို့သုံးနှုန်းသွားတာ တစ်ခုတွေ့မိတယ်။အဲဒီမှာ မေးစရာရှိလာပါတယ်။လက်ရှိစစ်တပ်ကရော သူတို့အခေါ် ဗမာလူမျိုးကြီး ဆိုတဲ့ဝါဒဆိုပြီး ဗမာတွေချည်း ရှိနေတာမို့လား။လက်ရှိ စစ်တပ်ထဲမှာရော တိုင်းရင်းသားတွေ ရှိနေတာပဲ မဟုတ်လား။ လူမျိုးတစ်မျိုးတည်း သီးသန့်နေပြီး ကိုယ့်နယ်မြေမှာ ကိုယ်မင်းလုပ်ချင်တာ ဘယ်သူတွေလဲ လို့ပြန်မေး လိုက်ရင် ဗိုလ်မှူးချုပ် ပေါင်ခေးဘယ်လိုဖြေမလဲ သိချင်ပါတယ်။ စစ်တပ်မပြောပါနဲ့ဦး။ ကျွန်တော် ၁၉၉၇ ခုနှစ် အလုပ်ဝင်ခါစ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုရောက်တော့ ‘အော်.ဗမာပြည်ကလာတာလား’ ဆိုပြီး မေးခံရလွန်းလို့ ခဏခဏ စိတ်ကသိကအောက် ဖြစ်ခဲ့ရဖူးတယ်။ဘယ်သူတွေက ခွဲခြားနေတာလဲ။ ထားပါတော့.နောက်တစ်ချက်က ဗိုလ်မှူးချုပ်ပေါင်ခေး ပြောသလို ပြည်ထောင်စု တပ်မတော်တကယ်ကြီး ဖြစ်လာတယ်ပဲ ဆိုပါတော့။အဲဒါကို သမ္မတအောက်မှာ ထားရှိရေးလို့ပြောတယ်နော်။ အခုလက်ရှိစစ်တပ်ကရော သမ္မတ အောက်မှာ မဟုတ်လို့လား။သမ္မတအမိန့်ကို မနာခံပဲနေလို့လား။ကေအိုင်အေ နဲ့ တိုက်စဉ် တုန်း ကလည်း လိုင်ဇာကိုသိမ်းဖို့ လက်တကမ်းအလိုကျမှ သမ္မတကြီးရဲ့ ထိုးစစ်တစ်ဖက်သတ်ရပ် ထားတာကြောင့် စစ်တပ်က စစ်သားတွေ အများကြီး ကေအိုင်အေလက်ချက်နဲ့ အသတ်ခံရလို့ စစ်သားတွေရဲ့ ကြိတ်မနိုင်ခဲမရ လေသံတွေ အွန်လိုင်းမှာ ပွထနေခဲ့တဲ့ကာလတစ်ခုကို ပြန်လှန်ကြည့်လိုက်ပါဦး။ ပြည်နယ်တွေအတွက် လုံခြုံရေးတပ်တွေကို ပြည်နယ်ဝန်ကြီးအောက်မှာ ထားရမယ်ဆိုတော့ကာ အဲဒီတပ်တွေဟာ ပြည်နယ် ၀န်ကြီးတွေရဲ့ ခါးပိုက်ဆောင်တပ်တွေ ဖြစ်မသွားဘူးလား။ပြီးတော့ အဲဒီတပ်တွေနဲ့ ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို အနေအထားရှိမလဲ။ ပြည်ထောင်စုတပ်မတော်ရဲ့ အမိန့်ကို ပြည်နယ်စောင့်လုံခြုံရေးတပ်ဖွဲ့က နာခံမှာ လား။ပြည်နယ်ဝန်ကြီးရဲ့ အရိပ်အကဲနဲ့ လှုပ်ရှားမှာလား။အစိုးရပြည်ထောင်စုတပ်မတော်ကရော ပြည်နယ် လုံခြုံရေးတပ်တွေကို လက်အောက်တပ်လို့ သဘောထားရမှာလား၊ မဟာမိတ်လို့ သဘောထားရမှာလား၊ ဒါဘယ်ပြည်နယ်ဝန်ကြီးရဲ့တပ်တွေကွ အချိန်မရွှေး ပုန်ကန်နိုင်တယ်ဆိုတဲ့ သံသယကြီးတွေနဲ့ အချင်းချင်း ရန်စောင် စောင့်ကြည့်နေရမှာလား။နယ်ခြားစောင့်တပ်တွေကို ပြည်နယ် လုံခြုံရေးတပ်အောက် ထားမယ် ဆိုတော့ နယ်ခြားစောင့်တပ် တွေက ဘယ်သူ့ရဲ့ လက်အောက်ခံ တပ် ဖြစ်သွားမလဲ။ပြည်နယ်ဝန်ကြီးတပ်ရဲ့ အရံအင်အားစု ဖြစ်သွားမယ့်သဘောလား။နောက်ပြီး အခုလက်ရှိ နယ်ခြားစောင့်တွေတောင် နိုင်ငံတော်စစ်တပ်ထဲမှာ လက်ရုံးတပ်တစ်ခု အနေနဲ့တည်ရှိနေတာ။ သူတို့ကို ပြည်နယ်လုံခြုံရေးတပ် အောက်မှာ ထားမယ်ဆိုတော့ ရဲတပ်ဖွဲ့လောက်တောင် အဆင့်မရှိတဲ့တပ်တွေ ဖြစ်သွားလိမ့်မယ်။ လက်ရှိ နယ်ခြားစောင့်တပ်တွေကရော သဘောတူလက်ခံမယ်လို့ ထင်ပါသလား။ လက်မခံခဲ့ရင် အကျိုးဆက်က စားပွဲဝိုင်းတွေပေါ်မှာ အဆုံးမသတ်ပဲ ရိုင်ဖယ်ပြောင်းက မီးပွင့်တွေက စကား ပြောကြတော့မယ်။ ။လက်ရှိ ကိုယ့်တပ်တွေကို အသွင်ပြောင်းပြီး ပြည်နယ်လုံခြုံရေးလုပ် ၊ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်၊ အခြေအနေမဟန်ရင် တပ်တွင်းပုန်ကန်မှူတွေ စလုပ်ပြီး ပြည်နယ် ခွဲထွက်သွားမယ် လို့များကြံစည် နေပါသလား။ နောက်ပြီး မြန်မာနိင်ငံမှာ လက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ဖွဲ့/၁၅ဖွဲ့ လောက်ရှိတယ်။အဲဒီအဖွဲ့တွေကရော အပစ်အခတ်ရပ်စဲပြီးရင် လက်နက်တကယ် စွန့်ကြမှာလား။ လက်နက်စွန့်ပြီး လက်ရှိစစ်တပ်အောက်မှာ တပ်ဖွဲ့ တစ်ခုအနေနဲ့ လက်ရှိမြန်မာ စစ်တပ်ရဲ့ စစ်သားအနေနဲ့ အမူထမ်းကြမှာလား။သေချာတယ် ဘယ်သူမှ မစွန့်ကြဘူး။

အခု အဖွဲ့အစည်းတွေလိုချင်တဲ့ ဖက်ဒရယ်ဆိုတာက စာရွှက်တွေပေါ်မှာ ဘယ်လိုပဲစကားလုံးလှည့်လှည့် အနှစ်ချုပ်က ကိုယ့်ပြည်နယ်ကို ကိုယ်ပိုင်စစ်တပ် နဲ့ကိုယ့်စည်းမျဉ်းနဲ့အုပ်ချုပ်မယ်။ပြည်မကြီးက ၀င်ရောက် စွက်ဖက်စရာမလိုဘူး။နိုင်ငံတော်နဲ့ ဆိုင်တဲ့ကိစ္စတွေကိုပဲ နိုင်ငံတော်က ကိုင်တွယ်။ဒါတောင် တိုက်ရိုက် ကိုင်တွယ်ရမှာမဟုတ်ဘူး။ညှိနှိုင်းကိုင်တွယ်ရမှာ။ ကိုယ့်ပြည်နယ်က ရတဲ့ အကျိုးစီးပွါးကို ကိုယ့်ပြည်နယ်ပဲ သုံးမယ် ဆိုတဲ့သဘောကြီးပါပဲ ။ အစတုန်းကတော့ အစိုးရစနစ်ကိုမကြိုက်လို့ ပြည်နယ်တွေဟာ အစိုးရ တိုက်ရိုက်ကိုင်တွယ်မှူကနေ လွတ်မြောက်ပြီးနိုင်ငံငယ်အနေနဲ့ရပ်တည်ဖို့ ဆိုတဲ့ ရည်ရွှယ်ချက်တွေနဲ့ လက်နက်ကိုင်ခဲ့ပေမယ့် အခု အားလုံးက လက်နက်ကိုင်ပြီး တစ်စင်ထောင်နေရတဲ့ အနေအထားကို မက်မောတွယ်တာနေပြီ။ ဒီလက်နက်ကိုင်ရင်းရလာတဲ့ အကျိုးအမြတ်တွေကို မစွန့်နိုင် တော့ဘူး။ ဒါပါပဲ။ လက်နက်ကြောင့် နယ်မြေမှာ ဗိုလ်ကျနိုင်တာ။လက်နက်ကြောင့် အခုလက်ရှိ အကျိုးအမြတ်တွေ ရနေတာ။လက်နက်ကြောင့်အစိုးရနဲ့စကားပြောနိုင်တာ တွေကို အားလုံးက သာယာနေပြီ ။မဟုတ်ဘူး မငြင်းပါနဲ့ ။ ဘယ်သူမှ တောခိုတယ်ဆိုပြီး တောထဲမှာ တဲထိုးနေတာ မရှိပါဘူး။ဇာတ်လမ်းထဲက ပစ္စတိုတစ်လက်နဲ့ ဗိုလ်အောင်ဒင်တောင် ဆင်စခန်းနဲ့ဆင်တဲ နဲ့နေသေးတာပဲ။ ခေတ်မှီစက်သေနတ်တွေ ကိုင်ထားပြီး မီဒီယာအုပ်စိုးမှူနဲ့ ခွင်ချဲ့နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တောခိုတယ်ဆိုတာ ဘန်ကောက်မှာ ထိုင်းဘတ်သန်းချီတန်တဲ့ အိမ်တွေနဲ့ပါဗျာ။အားလုံးက လက်နက် ကြောင့်ရထားတဲ့ စည်းစိမ်တွေကို သာယာလွန်းသွားပြီ။ပြီးတော့ တစ်ချိန်ချိန်မှာ ငါတို့လက်နက် မကိုင်ထားရင် ငါတို့ကို အစိုးရကတွယ်တော့မှာပဲ ဆိုတဲ့ အတွေးကြီးရှိနေလို့ပဲ။အဲဒီစိတ်ကြီးရှိနေတဲ့ ဦးပေါင်ခေး တို့လိုလူတွေကပဲ ယုံကြည်မှူ တည်ဆောက်ဖို့ ဆိုတာတော့ သိပ်ဟန်ပုံမရဘူး။ တကယ် ယုံကြည်မှူ တည်ဆောက်ရာမှာ အစိုးရကိုမဟုတ်ဘူးဗျ။ အခု လက်နက်ကိုင်ထားသူတွေ ကိုယ်တိုင်ကိုယ့်စိတ်ကို ကိုယ်ပြန်တည်ဆောက်ရမှာ ဖြစ်တယ် ခင်ဗျ ။

myanmarexpress

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်